Monday, September 9, 2019

(၄၆) ကြိမ်မြောက် အပူပိုင်းမုန်တိုင်းအဖွဲ့ စုံညီအစည်းအဝေး ကျင်းပ


နေပြည်တော် စက်တင်ဘာ ၉
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်နှင့် ကုလသမဂ္ဂ၊ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ကော်မရှင်တို့ ပူးပေါင်း ကျင်းပသည့် (၄၆) ကြိမ်မြောက် အပူပိုင်းမုန်တိုင်းအဖွဲ့ စုံညီ အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hotel Royal Ace ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး အိန္ဒိယနိုင်ငံ မိုးလေဝသဌာနမှ ညွှန်ကြားရေးမှူးချုပ် Ms. Sunithadevi Santhamma ၊ ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင်၏ အကြီးအကဲ Dr. Sanjay Kumar Srivastava နှင့် ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်မှ ကိုယ်စားလှယ် Dr. Taoyong Peng တို့က အမှာစကား ပြောကြားကြသည်။
ဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦး၊ အမြဲတမ်းအတွင်းဝန်များ၊ ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ် (World Meteorological Organization- WMO)နှင့် ကုလသမဂ္ဂ၊ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့်လူမှုရေး ကော်မရှင် (United Nations Economic and Social Commission for Asia and the Pacific- UNESCAP) တို့မှ ပညာရှင်များ၊ တရုတ်နိုင်ငံ မိုးလေဝသဌာနနှင့် ဂျပန်နိုင်ငံ၊ ရေနှင့် ဆက်နွယ်သည့် ဘေးအန္တရာယ်များနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု အပြည်ပြည်ဆိုင်ရာ ဗဟိုဌာနမှ ပညာရှင်များ၊ အပူပိုင်းမုန်တိုင်း အဖွဲ့ဝင်နိုင်ငံများမှ ပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပူပိုင်းမုန်တိုင်းအဖွဲ့ စုံညီအစည်းအဝေးကို စက်တင်ဘာ ၁၃ ရက်ထိ ကျင်းပသွားမည် ဖြစ်ပြီး အပူပိုင်းမုန်တိုင်း အဖွဲ့ဝင်နိုင်ငံများမှ မိမိတို့နိုင်ငံ အလိုက် ၂၀၁၈ ခုနှစ် စက်တင်ဘာမှ ၂၀၁၉ ခုနှစ် ဩဂုတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ဘေးအန္တရာယ်များ၊ သဘာ၀ဘေးများမှ ကြိုတင်ကာကွယ်ရေးနှင့် ကြိုတင် ပြင်ဆင်မှု လုပ်ငန်းများ၊ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများနှင့် သုတေသနလုပ်ငန်းများကို တင်ပြ ဆွေးနွေးကြမည်ဖြစ်ပြီး ဘင်္ဂလား ပင်လယ်အော်နှင့် အာရေဗျပင်လယ်တို့တွင် မုန်တိုင်းများ ဖြစ်ပေါ်ပါက ကြိုတင်ပြင်ဆင်မှု၊ သတင်းအချက်အလက်နှင့် သတိပေးချက်များ ဖြန့်ဝေမှု၊ အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း အပြန်အလှန် သတင်း အချက်အလက်ဖလှယ်မှုများအတွက် လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်သည့် အပူပိုင်း ဆိုင်ကလုန်းစီမံအုပ်ချုပ်မှု အစီအမံများအား ပြန်လည်သုံးသပ်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်သည်။
ထို့ပြင် ဘင်္ဂလားပင်လယ်အော်နှင့် အာရေဗျပင်လယ်ပြင်တွင် ဖြစ်ပေါ်သည့် မုန်တိုင်းများအား အမည်သစ်ပေးရန် အတွက် အဖွဲ့ဝင်နိုင်ငံများမှ အဆိုပြုထားသည့် မုန်တိုင်းအမည်များကို အတည်ပြုခြင်းနှင့် WMO၊ ESCAP Panel on Tropical Cyclone Trust Fund (PTCTF) တွင် ရန်ပုံငွေထည့်ဝင်နိုင်ရေးတို့ကို ဆွေးနွေးသွားကြမည်ဖြစ်သည်။
အစည်းအဝေးကို ဘင်္ဂလားပင်လယ်အော်နှင့် အာရေဗျပင်လယ်ပြင်တွင် ဖြစ်ပေါ်သည့် အပူပိုင်းမုန်တိုင်းများအတွက် ခန့်မှန်းချက်နှင့် သုတေသန လုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေခြင်း အပါအဝင် အပူပိုင်းမုန်တိုင်း သတိပေးချက်စနစ်များကို ပိုမိုတိုးတက် ကောင်းမွန်လာစေရန်၊ အပူပိုင်းမုန်တိုင်းနှင့် ဆက်နွယ်သည့် ဘေးအန္တရာယ်များကြောင့် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခြင်းကို လျှော့ချနိုင်ရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment