Wednesday, August 7, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့်အဖွဲ့ စင်ကာပူနိုင်ငံ၌ကျင်းပသည့် UN Convention သို့ တက်ရောက်

နေပြည်တော် ဩဂုတ် ၇
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် နှင့်အဖွဲ့သည် စင်ကာပူသမ္မတနိုင်ငံ၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပသော United Nations Convention on International Settlement Agreements on Mediation (Singapore Convention on Mediation) လက်မှတ်ရေးထိုးပွဲနှင့် High - Level Conference on Mediation and International Dispute Resolution အခမ်းအနားတို့သို့ တက်ရောက်သည်။

ရှေးဉီးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စင်ကာပူနိုင်ငံ၊ Shangri La Hotel ၌ နိုင်ငံတကာမှ တက်ရောက်လာသော ဝန်ကြီးများနှင့်အတူ စင်ကာပူနိုင်ငံဝန်ကြီးချုပ် မစ္စတာလီရှန်လုံးနှင့် ချစ်ကြည် ရင်းနှီးစွာတွေ့ဆုံသည်။
Singapore Convention on Mediation အခမ်းအနား၌ စင်ကာပူဝန်ကြီးချုပ် မစ္စတာလီရှန်လုံးနှင့် ကမ္ဘာ့ကုလသမဂ္ဂ ဥပဒေရေးရာ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် Mr. Stephen Mathias တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် Mr. Antonio Guterres က Video conferencing ဖြင့် အဝေးရောက် အမှာစကား ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံပေါင်း ၇၀ ကျော်မှ ဝန်ကြီးများ၊ အဆင့်မြင့် ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြပြီး အမေရိကန်၊ တရုတ်၊ အိန္ဒိယအပါအဝင် နိုင်ငံပေါင်း (၄၆) နိုင်ငံမှ ပါဝင် လက်မှတ် ရေးထိုးခဲ့ကြသည်။ အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် အိမ်ရှင်စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဘရူနိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် လာအိုနိုင်ငံတို့မှ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် အခြားအာဆီယံနိုင်ငံများက အဆိုပါလက်မှတ် ရေးထိုးပွဲသို့ တက်ရောက် အားပေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲ ၁၂ နာရီခွဲတွင် နိုင်ငံတကာမှ ဆွေးနွေးပွဲ တက်ရောက် လာသော ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များနှင့်အတူ နေ့လယ်စာ အလုပ်သဘော စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်သည်။ ဆက်လက်၍ Shangri - La Hotel အထူးဧည့်မခန်းဆောင်၌ စင်ကာပူနိုင်ငံ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး Mr. K Shanmugam SC နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး စင်ကာပူနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Heng Swee Keat မှ တည့်ခင်းဧည့်ခံသော ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment