Friday, August 9, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး Toyo Eiwa Women's College, Japan မှ Mr.Saburo Takizawa ဦးဆောင်သော ဂျပန်လေ့လာရေးလူငယ်များ အဖွဲ့အားတွေ့ဆုံ




နေပြည်တော် ဩဂုတ် ၉

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ဂျပန်နိုင်ငံ၊ Toyo Eiwa Women's  College မှ Visiting Professor and Special Advisor For UNHCR ဖြစ်သူ Mr.Suburo Takizawa ဦးဆောင်သော ဂျပန်လေ့လာရေး ကျောင်းသား/ကျောင်းသူများ အဖွဲ့နှင့်  ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး စုပေါင်းခန်းမ၌ တွေ့ဆုံသည်။



ထိုသို့တွေ့ဆုံစဉ် ဝန်ကြီးဌာနရှိ ဦးစီးဌာန (၃)ခုမှ တာဝန်ယူအကောင်အထည် ဖော်ဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ မူဝါဒများနှင့် ဥပဒေများ ချမှတ်ပြဌာန်းရေး ဆောင်ရွက်နေမှုများ၊ လူငယ်မူဝါဒများချမှတ်၍ လူငယ်များ၏ အခန်းကဏ္ဍများ ပိုမိုမြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ တိုင်းဒေသနှင့်ပြည်နယ်အသီးသီးမှ လူငယ်များ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆန္ဒပြုသော လူငယ်မူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊  မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် ကြုံတွေ့နေရသော အခက်အခဲများ၊ လူငယ်များ ကြုံတွေ့နေရသော စိန်ခေါ်မှုများကို လူငယ်များ၏အတွေးသစ်၊ အမြင်သစ်များနှင့် စည်းလုံး ညီညွတ်မှုဖြင့် ကျော်လွှား အောင်မြင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊  တရားဥပဒေစိုးမိုးရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးကြိုးပမ်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး ဂျပန်နိုင်ငံအစိုးရနှင့် ဂျပန်ပြည်သူများ၏ မြန်မာနိုင်ငံပေါ်ကူညီ ထောက်ပံ့မှုများနှင့် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ အပေါ်ကျေးဇူးတင်ဝမ်းမြောက်ပါ ကြောင်း ပြောကြားသည်။

ထို့နောက် M.Saburo Takizawa က မြန်မာနိုင်ငံသို့လေ့လာရေး ခရီးလာရောက်သည်မှာ (၇)ကြိမ်မြောက် ရှိပြီဖြစ်ပါ ကြောင်း၊ မိမိတို့ ဂျပန်နိုင်ငံသည် ၂၀၁၁ခုနှစ်တွင် သဘာဝဘေးအန္တရာယ်ကြီးကြုံတွေ့ခဲ့ရသဖြင့် ယခုအချိန်ထိ ပြန်လည်ထူထောင်ရေးဆောင်ရွက်နေရ ဆဲဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံသည် ကျွန်းနိုင်ငံဖြစ်သဖြင့် ယခင်က ဂျပန်လူမျိုးတစ်မျိုးသာ ရှိခဲ့သော်လည်း ဖွံ့ဖြိုးတိုးတက်မှုအရ နိုင်ငံတကာမှ နိုင်ငံခြားသားများကျွန်းတိုင်းတွင် ရောက်ရှိနေသဖြင့် မြန်မာနိုင်ငံကဲ့သို့ပင် အနာဂတ်တွင် မတူကွဲပြားမှုဆိုင်ရာ ပြဿနာများဖြေရှင်းရနိုင်သည် ဟုယူဆမိ ကြောင်း၊ အနာဂတ်လူငယ်များသည် တိုင်းပြည်၏အခက်အခဲများကို ဖြေရှင်းရာတွင် အဓိကအရေးပါပါကြောင်းနှင့် မြန်မာနိုင်ငံခရီးစဉ်အတွင်းဒေသအသီသီး၊ အလွှာအသီးမှ လူငယ်များနှင့်တွေ့ဆုံ၍ အတွေးအမြင်ဗဟုသုတ၊ အတွေ့အကြုံများဖလှယ်၍ ချိတ်ဆက် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း ပြန်လည်ပြောကြားသည်။

ဆက်လက်၍ ဂျပန်လူငယ်များနှင့်အဖွဲ့ဝင်များက မေးခွန်းများ မေးမြန်းကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ သူများက ပြန်လည်ဖြေကြားကာ လူမှုဝန်ထမ်းဦးစီးဌာန၏ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ထုတ်လုပ်သည့် လက်မှုပစ္စည်း အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။

ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ်(၅)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းနှင့် မြန်အောင်မြို့နယ်၊ မြို့ရွှေကျောင်း ပရဟိတမှ ဆရာတော်နှင့် အုပ်ချုပ်သူများခေါင်းဆောင် သော ပရဟိတကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၉၅)ဦး အဖွဲ့တို့သည် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လေ့လာရေးခရီးစဉ် လာရောက်ခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ၍ ပရဟိတ ကျောင်းသား/ ကျောင်းသူများနှင့် အုပ်ချုပ်သူများ၏ သိရှိလိုသောမေးခွန်းများနှင့် လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးပေးသည်။ ထို့နောက် ပရဟိတ ဂေဟာအတွက် ထောက်ပံ့ငွေ ကျပ်(၅)သိန်းအားပေးအပ်ခဲ့ပြီး ပရဟိတကျောင်းမှ တိုင်းရင်းသား၊ တိုင်းရင်းသူများမှ ရိုးရာအကများဖြင့် ဖြေဖျော်ခဲ့ကြကြောင်း သိရသည်။

 (သတင်းစဉ်)

No comments:

Post a Comment