Friday, August 9, 2019

နိုင်ငံတော်သမ္မတဦးဝင်းမြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအားတွေ့ဆုံမှာကြား







နေပြည်တော်၊ ဩဂုတ် ၉ 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် အဖွဲ့ဝင်များအားယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌တွေ့ဆုံ မှာကြားသည်။


တွေ့ဆုံစဉ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟို အဖွဲ့ ဥက္ကဋ္ဌပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့ (၁ဝ)ဖွဲ့ ဖွဲ့စည်းထားမှု အခြေအနေ၊ နိုင်ငံတော်သမ္မတရုံး မူးယစ်ဆေးဝါးအထူး သတင်းပေးတိုင်ကြားရေးဌာန စတင်ဖွင့်လှစ်ချိန်မှ ယနေ့ အထိအရေး ယူဆောင်ရွက်မှုအခြေအနေ၊ တိုင်ကြားစာအရဖော်ထုတ်ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ အခြေအနေ၊ အထူးစစ်ဆင်ရေးဆောင်ရွက်မှုများ၊ ၂ဝ၁၈ခုနှစ်မှ ၂ဝ၁၉ ခုနှစ် ဇူလိုင်လအထိမူးယစ်ဆေးဝါးနှင့် ထိန်းချုပ်ဓာတု ပစ္စည်းများ ဖမ်းဆီးရမိမှုအခြေအနေ၊ မူးယစ်ဆေးဝါးထုတ်လုပ်သည့် စခန်းများသိမ်းဆည်းရမိမှုအခြေအနေ၊ လက်နက် ခဲယမ်း ပါဝင်သော မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအခြေအနေ၊ ပင်လယ်ပြင်ဖမ်းဆီးရမိမှုအခြေအနေ၊

 
ပင်လယ်ပြင်သို့ မူးယစ်ဆေးဝါးသယ်ဆောင်ရာလမ်းကြောင်းအခြေအနေ၊ မူးယစ်ဆေးဝါး သယ်ဆောင်ရာ လမ်းကြောင်း ပြောင်းလဲလာမှုအခြေအနေ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ ရန်ပုံငွေရရှိရေး ဆောင်ရွက်မှုအခြေအနေ၊ ထိန်းချုပ်ဓာတုပစ္စည်းစာရင်းတွင်ထည့်သွင်း ရန်စီစဉ်ထားသည့် ဓာတုပစ္စည်းများ၊ မူးယစ်ဆေးဝါးဥပဒေနှင့် နည်းဥပဒေပြင်ဆင်ခြင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လူငယ်များပြုစု ပျိုးထောင်ရေးစခန်းများလွှဲ ပြောင်းပေး အပ်မှုအခြေအနေ၊ ကျောင်းသားလူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောမှုများ၊ နိုင်ငံတော် အစိုးရ၏ ရန်ပုံငွေဖြင့်ဆောင်ရွက် လျက်ရှိသည့် အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်မှု အခြေအနေ တို့ကိုရှင်းလင်း တင်ပြသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး  ရဲမှူးချုပ်ဝင်းနိုင်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေ အနေနှင့် တွေ့ကြုံရသည့် အခက် အခဲများကိုရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကမိမိတို့အနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးကိစ္စကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကုလသမဂ္ဂ ကွန်ဗင်းရှင်းသဘောတူညီ ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာန အဖွဲ့အစည်း အသီးသီးနှင့်လည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဗဟိုအဖွဲ့တွင်ပါဝင်သော ဝန်ကြီးဌာနများအနေဖြင့်လည်း သက်ဆိုင်ရာတာဝန် ယူထားသည့်ကဏ္ဍအလိုက် ထိရောက်အောင်မြင်စွာ ဆောင်ရွက်ပေး ရန်လိုအပ်ပါကြောင်း၊ လက်ရှိ လုပ်ဆောင်နေသော လုပ်ငန်းစဉ်များ အရှိန်သေမသွားစေဘဲ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားကြရန်မှာကြားလိုပါကြောင်း၊ ထို့အပြင် မူးယစ်ဆေးဝါးများ၏ ဘေး အန္တရာယ် ကိုအသိပညာပေးရေး၊ ဆေးဝါးသုံးစွဲသူများအားကုသပေးရေး၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းတို့ကိုထိရောက်စွာ ဆောင်ရွက်ပေးစေလိုကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ကိစ္စရပ်များကို မျက်ခြေမပြတ် ဆောင်ရွက်လျက် ရှိသည့်အပြင် လုပ်ငန်းဆောင်ရွက်မှုများကို လည်းနိုင်ငံသား များသိရှိစေရေးအတွက် စဉ်ဆက်မပြတ် သတင်းထုတ် ပြန်ပေးလျက် ရှိပါကြောင်း၊ မူးယစ် ဆေးဝါးတားဆီးနှိမ်းနင်းရေးကိစ္စရပ်သည် နိုင်ငံတော်၏အရေး ကိစ္စဖြစ်သည့် အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်ပိုမိုအရှိန်အဟုန် မြှင့်တင်ဆောင်ရွက်သွားကြ စေလိုပါကြောင်း၊ မူးယစ်ဆေး ဝါးအမှုကိစ္စရပ်များနှင့်ပတ်သက်၍ စစ်ဆေးရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ရဲကျင့်ဝတ် များနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သက်သေခံပစ္စည်း များကိုဥပဒေနှင့်အညီ သိမ်းဆည်းကြ ရန်လိုအပ်ပြီး တရားရုံးအမိန့်နှင့်အညီမြန်မြန်ဆန်ဆန်စီမံခန့်ခွဲရန် လိုအပ်ပါကြောင်း၊ ချီးမြှင့်ထိုက် သူများ ကိုလည်း ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် စပ်လျဉ်း၍ အစားထိုးသီးနှံ စိုက်ပျိုးရေး နှင့်မွေးမြူရေး တို့အတွက် လိုအပ်သည့် အစီအစဉ်များချမှတ်ရန် လိုအပ်ကြောင်း၊ ဗဟိုအဖွဲ့အနေဖြင့် လိုအပ်သလိုလုပ် ငန်းအဖွဲ့များကိုဖွဲ့စည်းပေးပြီး တာဝန်များသတ်မှတ်ပေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်းတို့ ပြုလုပ်သင့်ကြောင်း၊ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များအောင်မြင်မှု အတိုင်းအတာကိုစိစစ်ခြင်း၊ ကြီးကြပ်ခြင်း၊ လမ်းညွှန်ခြင်းများစဉ်ဆက်မပြတ် ရှိစေလိုကြောင်း၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး နှင့်ပတ်သက် ၍သက်ဆိုင်ရာတာဝန်ရှိသူအားလုံးက နိုးနိုးကြားကြားတက်တက် ကြွကြွဖြင့်ယခုထက်ပိုမိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက် သွားကြစေလိုပါကြောင်း လမ်း ညွှန်မှာကြားသည်။

တွေ့ဆုံပွဲသို့  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊  နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်၊ ပြန်ကြားရေး ဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအောင်လှထွန်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနဒုတိယဝန်ကြီးဦးတင်မြင့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနဒုတိယဝန်ကြီးဦးလှကျော်၊ ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ နိုင်ငံတော်သမ္မတရုံး နိုင်ငံရေးနှင့်လုံခြုံရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဆွေဦး၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးကျော်တင် ကိုယ်စားနိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး၊ ဗဟိုအဖွဲ့အတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦး၊ တွဲဖက်အတွင်းရေးမှူး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်နှင့် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးမှ ဒုတိယဗိုလ်မှူးကြီး မင်းဟိန်းတို့ တက်ရောက်ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment