Sunday, August 25, 2019

ဆစ်(ခ်)ဘာသာအား ပထမဆုံးတည်ထောင်သော ဂုရုဆရာကြီး Sri Guru Nanak Dev Ji ၏ သက်တော်(၅၅၀)ပြည့်နှစ် မွေးနေ့အထိမ်းအမှတ်အဖြစ် သစ်ပင်(၅၅၀)စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ




နေပြည်တော်  ဩဂုတ် ၂၅

ဆစ်(ခ်)ဘာသာအား ပထမဆုံးတည်ထောင်သော ဂုရုဆရာကြီး Sri Guru Nanak Dev Ji ၏ သက်တော်(၅၅၀)ပြည့်နှစ် မွေးနေ့အထိမ်းအမှတ်အဖြစ် သစ်ပင်(၅၅၀)စိုက်ပျိုးပွဲအခမ်းအနားကို နေပြည်တော်၊ သတ္တသတ္တာဟေစတီတော်၊ သံဝေဇနိယလေးဌာန ပရိဝုဏ်အတွင်း ယနေ့နံနက် ၉ နာရီခွဲက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံ သံရုံးတို့ပူးပေါင်း ကျင်းပ သည်။


အခမ်းအနားတွင် အိန္ဒိယသံအမတ်ကြီး  Shri Saurabh Kumar နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုတို့က အမှာစကားပြောကြားပြီး ကမ္ပည်းမော်ကွန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် တက်ရောက်လာကြသည့် အိန္ဒိယလူမျိုး ဆစ်(ခ်)နွယ်ဖွားများက ဝတ်ပြုဆုတောင်းကြကာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးများ၊ အိန္ဒိယသံအမတ်ကြီး၊ အိန္ဒိယစစ်သံမှူးတို့က  ကံ့ကော်၊ ညောင်ကြတ်၊ ပေါက်ပင်၊ နဘဲနှင့်ထောက်ကြံ့ပင်များကို စိုက်ပျိုးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများက သတ်မှတ်နေရာများတွင် အပင်များစိုက်ပျိုးကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆစ်(ခ်)သာသနာရေးကောင်စီနှင့် ဆစ်(ခ်)မိသားစုဝင်များ၏ ကိုယ်စား မြန်မာနိုင်ငံလုံးဆိုင်ရာ ဆစ်(ခ်)သာသနာရေးကောင်စီအတွင်းရေးမှူး ဦးကိုကိုက ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယလေးဌာန နယ်မြေစိမ်းလန်းစိုပြေရေးနှင့် သာသနိကအဆောက်အဦများ ရေရှည် ထိန်းသိမ်းနိုင်ရေးအတွက် အလှူငွေ ၅၅ သိန်းကျပ်အား သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးထံသို့လည်းကောင်း၊ ရေဘေးသင့်ဒေသများရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ ၅၅ သိန်းကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးထံသို့လည်းကောင်း ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment