Sunday, August 25, 2019

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ပြီးစီး မှုအခြေအနေ ကြည့်ရှုစစ်ဆေး




နေပြည်တော်၊ ဩဂုတ် ၂၅

ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ ကံကော်ပန်းအဝိုင်းအနီး၌ တည်ထား ကိုးကွယ် လျက်ရှိသော ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ပြီးစီးမှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။


ရှေးဉီးစွာ စေတီတော်ကြီးနှင့်ရင်ပြင်တော်၊ အာရုံခံတန်ဆောင်းများ တည်ထားဆောက်လုပ်နေမှုနှင့် ပတ်သက်၍ စေပိုင်ဖွံ့ဖြိုးမှုကုမ္ပဏီလိမီတက်မှ တာဝန်ရှိသူများကလည်းကောင်း၊ စေတီတော်ကြီး၏ မြန်မာမှုဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ စံထိပ်တန်းကုမ္ပဏီမှ တာဝန်ရှိသူကလည်းကောင်း ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ စေတီတော်ကြီး၏ စကျင်ကျောက်လုပ်ငန်းဆိုင်ရာ အစီအစဉ်များနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့်အခြေအနေများကို More CNC ကုမ္ပဏီမှ တာဝန်ရှိသူများကလည်းကောင်း၊ (၁၅၂x၆၄)ပေ သာသနာ့ဗိမာန်တည်ဆောက်ခြင်း၊ ယာဉ်ရပ်နား စခန်းတည်ဆောက်ခြင်း၊ မဟာရံတံတိုင်းကာရံခြင်းနှင့်ဆက်စပ်လုပ်ငန်းများနှင့်ပတ်သက်၍ တည်ဆောက် ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တက်လမ်းဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူများကလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက စေတီတော်ကြီးသည် (၇)ရက်သားသမီးအပေါင်းမှ ထည့်ဝင်လှူဒါန်းသည့်အလှူငွေဖြင့် တည်ဆောက်လျက်ရှိသည့်အတွက် စနစ်တကျကောင်းမွန်အောင် ဆောင်ရွက်ရန်၊ စေတီတော်တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေး စီစဉ်ဆောင်ရွက်သွားရန်နှင့်  လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment