Wednesday, August 7, 2019

ဒက္ခိဏခရိုင် ခရမ်းကိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ် လွှဲပြောင်း အပ်နှံခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ဩဂုတ် ၇
နေပြည်တော် ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ် ခရမ်းကိုင်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၏ RC နှစ်ထပ် ကျောင်းဆောင်သစ် လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ(၂)နာရီတွင် ကျင်းပ သည်။

အစီအစဉ်အရ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီ ပညာရေးတာဝန်ခံ ဦးတင်ထွန်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်ဦးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဇော်ဦးတို့က ကျောင်းဆောင်သစ် ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယခုကျောင်းဆောင်သစ်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် အဖက်ဖက်က ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်ပေးကြ သူများကို ကျေးဇူးတင်ပါ ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းနေအရွယ် ကလေးများ ကျောင်းနေရန်အတွက် ကျောင်းရှိရေး၊ ဆရာ/ဆရာမရရှိရေး၊ ဘေးကင်းလုံခြုံ စိတ်ချရပြီး ကလေးပျော်သည့် ပတ်ဝန်းကျင်ကောင်း များ ကိုဖန်တီးပေးနိုင်သော စာသင်ခန်းများရရှိရေး လိုအပ်ပါကြောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ခွင့်ပြုဘဏ္ဍာငွေအရ ကျောင်းအဆောက်အဦးပေါင်း ၄၇၉၉ ခုကိုတည်ဆောက် ပေးနိုင်ခဲ့ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ ပညာရည် တိုးတက်မြင့်မားရေးအတွက် မိဘများအနေဖြင့် ဆရာဆရာမများ၊ ကျောင်းအုပ်များနှင့် ပူးပေါင်းဆောင်ရွက် ရန်လိုအပ်ပါကြောင်း၊ မိဘများအနေဖြင့် မိမိတို့ ကလေး၏ ပညာရေးအခြေအနေကို သိရှိအောင် ကြိုးစားပြီး ပိုမိုထူးချွန်တိုးတက်လာအောင် ဆရာ ဆရာမများ၊ ကျောင်းအုပ်များ၊ ပညာရေးမိသားစုများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဒေသအစိုးရအဖွဲ့များအားလုံးနှင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက် သွားကြရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကျောပိုးအိတ်(၁၀၀)ကို ပေးအပ်လှူဒါန်းရာ GRADE - 6 ကျောင်းသား ကျောင်းသူလေးများက လက်ခံရယူကြသည်။
ဆက်လက်၍ လင်းရာဇာ ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးတင့်လွင်ဦးက ကျောင်းဆောင် သစ်ကို လွှဲပြောင်းပေးအပ်၍ စာရေးခုံအစုံ(၂၀၀)အတွက် ငွေကျပ်(၁၀)သိန်းကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းယုက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးက ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြား သည်။

(သတင်းစဉ်)

No comments:

Post a Comment