Wednesday, August 7, 2019

ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများနှင့် ပတ်သက်သည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ ပြည်ထောင်စုလွှတ်တော်သို့ ဖတ်ကြားတင်သွင်း

နေပြည်တော် ဩဂုတ် ၇
၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများနှင့် ပတ်သက်သည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအား ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် နဝမနေ့ အစည်းအဝေးတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်က ဖတ်ကြားရှင်းလင်းသည်။

ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက စစ်ဆေးနိုင်မှု အတိုင်းအတာ အနေဖြင့် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် ဆောင်ရွက်သော ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် နေပြည်တော် ကောင်စီတို့၏ ၂၀၁၈ခုနှစ် မတ်လ(အပြီးသတ်)စာရင်း၊ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ၏ ၂၀၁၈ ခုနှစ်၊ မတ်လ (နောက်ဆက်တွဲ) ရငွေသုံးငွေရှင်းတမ်း၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ပြင်ပမှ ဆောင်ရွက်သော ပြည်ထောင်စု ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီနှင့် မြန်မာနိုင်ငံတော ဗဟိုဘဏ်တို့၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် နှစ်ချုပ်စာရင်းများ ကို ကောက်နုတ်စစ်ဆေးခဲ့ပါကြောင်း။
စစ်ဆေးသည့်အခါ အစိုးရဌာန အဖွဲ့အစည်းများ၏ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ အရအသုံး ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ရငွေများပြည့်ဝစွာ ကောက်ခံမှု၊ သုံးစွဲခွင့်ပြုထားသည့် အသုံးစရိတ်များအား ထိရောက်စွာအသုံးပြုမှု အခြေအနေများကို စစ်ဆေးခြင်းနှင့် ဆက်စပ်လျက်ရှိသော ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအပေါ် အကောင်အထည် ဖော်မှု၊ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေအပေါ် အကောင်အထည်ဖော်မှု အစိုးရကြွေးမြီအပေါ် ကြီးကြပ်ဆောင်ရွက်မှုနှင့် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်ဆောင်ရွက်သော ကြွေးမြီ၊ အပ်ငွေ၊ ယာယီစသည့် စာရင်းများဆိုင်ရာ အကောင်အထည်ဖော်မှု တို့ကို ကောက်နုတ်စစ်ဆေးခဲ့ပါကြောင်း။
ပြည်ထောင်စု၏ ဘတ်ဂျက်လိုငွေနှင့် GDP အချိုးသည် မတ်လအပြီးသတ် စာရင်းများအရ ၂ ဒသမ ၆၃ ရာခိုင်နှုန်းရှိပါကြောင်း၊ ရငွေနှင့် စပ်လျဉ်းသည့် အဓိက စစ်ဆေးတွေ့ရှိချက်များ အနေဖြင့် ရသင့်ရထိုက်သည့် ရငွေများ ပြည့်စုံစွာထည့်သွင်း လျာထားမှုမရှိခြင်း၊ လျော့နည်း လျာထားခြင်း၊ ရငွေများ ကိုလျာထားသည့် အတိုင်း ရရှိမှုမရှိခြင်း၊ ငှားရမ်းခ ရငွေနှုန်းထား များသည် ခေတ်ကာလနှင့် လျော်ညီမှုမရှိခြင်း၊ ယခင်နှစ်ဟောင်း ကြွေးကျန်များ ထည့်သွင်း လျာထားမှုမရှိခြင်း၊ ပြည်ပချေးငွေ၊ အကူအညီရငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းများတွင် Workplan များအတိုင်း အကောင်အထည် ဖော်နိုင်မှုမရှိခြင်း၊ ချေးငွေစာချုပ် ပြင်ဆင်ချုပ်ဆို ဆဲဖြစ်ခြင်း၊ ပစ္စည်းဝယ်ယူမည့် စာချုပ်ချုပ်ဆိုရန် ပြင်ဆင်ဆဲဖြစ်ခြင်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ လုပ်ထုံး၊ လုပ်နည်းများနှင့် အညီအချိန်မီ မဆောင်ရွက်နိုင်ခြင်း၊ ချေးငွေ သက်တမ်းကာလ ကုန်ဆုံးချိန်နီးသော်လည်း အပြည့်အဝအချိန်မီ အကောင်အထည်မဖော်နိုင် ခြင်းတို့ကြောင့် ပြည်ပအကူအညီ ချေးယူရငွေ လျော့နည်းခြင်းဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ထိရောက်ကောင်းမွန်သည့် အရအသုံးခန့်မှန်း ခြေငွေ စာရင်းဖြစ်စေရန် နှစ်စဉ်အရ ခန့်မှန်းခြေ ငွေစာရင်းများ ရေးဆွဲရာတွင် ရသင့်ရထိုက် သောရငွေများ အပြည့်အဝ လျာထားစေရေး၊ ဘဏ္ဍာရေးနှစ်အတွင်း ကောက်ခံရရှိနိုင်မှုနှင့် မမျှော်မှန်းနိုင် သည့်အခြေအနေ အကြောင်းအရာများ ဖြစ်ပေါ်မှုများအတွက် အချိန်နှင့် တစ်ပြေးညီ လျာထားစာရင်း၌ ပါဝင်စေရေး၊ အမှန်ရရှိမှုနှင့် လျာထားငွေ ကွာဟမှုနည်းပါး စေရေး၊ ရရှိသင့်သောရငွေများ ပြည့်ဝစွာရရှိရေး၊ ပြည်ပချေးငွေ၊ အကူအညီရငွေဖြင့် ဆောင်ရွက် မည့် စီမံကိန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခြင်းဖြင့် ပြည်ပချေးယူရငွေများ အကူအညီ ရငွေများကို လျာထားသည့်အတိုင်း ရယူသုံးစွဲနိုင်ရေးတို့ကို ဆောင်ရွက်ရန် လိုအပ်သည်ကို သုံးသပ်တင်ပြအပ်ပါကြောင်း။
အသုံးစရိတ်နှင့် စပ်လျဉ်းသည့် အဓိကစစ်ဆေးတွေ့ရှိချက်များအနေဖြင့် ရုံးအသစ်ဖွဲ့စည်းရန် ဖွဲ့စည်းပုံ တင်ပြခြင်း မရှိသေးဘဲ ၎င်းရုံးအတွက် ရုံးသုံးစက်ကိရိယာ၊ ပရိဘောဂများဝယ်ယူရန် လျာ ထားခဲ့ခြင်း၊ အဆောက်အဦ ဆောက်လုပ်ရန် မြေနေရာမရှိသေးဘဲ အဆောက်အဦအတွက် လျာထားခဲ့ခြင်း၊ မြေပြင်အနေအထား၊ နေရာဒေသအခြေအနေ၊ အခြားကြိုတင် မမျှော်မှန်းနိုင် သည့် အနေအထားတို့ကို လေ့လာဆန်းစစ်မှုမရှိဘဲ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက် ရန် လျာထားခြင်း၊ ပြည်ပချေးငွေ၊ အကူအညီရငွေ၊ ငွေလုံးငွေရင်း အသုံးစရိတ်များဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော်နိုင်မှု မရှိခြင်းကြောင့် သုံးစွဲမှုမပြုနိုင်ခြင်း၊ အသုံးစရိတ် သုံးစွဲရာတွင် ဘဏ္ဍာရေး စည်းမျဉ်း ညွှန်ကြား ချက်များနှင့် ညီညွတ်မှုမရှိခြင်း၊ အရေးပေါ် ရန်ပုံငွေမှ အသုံးစရိတ်များ ကျခံသုံးစွဲရာတွင် မူလရည်ရွယ်သည့်အတိုင်း သုံးစွဲမှုမရှိခြင်းတို့ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ အမှန်ဆောင်ရွက်နိုင်မည့် အခြေအနေအရ လိုအပ်ချက်များ၊ အနေအထားများအား ဘက်ပေါင်းစုံမှ ပြည့်စုံစွာ လေ့လာစိစစ်ပြီးမှသာလျှင် ခွင့်ပြုရန်ပုံငွေ လျာထားတောင်းခံရန်၊ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့၏ ညွန်ကြားချက်များ၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှု ဆိုင်ရာစည်းမျဉ်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ အသုံးစရိတ်များအား ထိရောက်အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ ချေးငွေဖြင့် အကောင်အထည်ဖော်နေသည့် စီမံကိန်းလုပ်ငန်းများ အောင်မြင်စေရေးနှင့် Plan နှင့် Budget လိုက်လျော ညီထွေ ဖြစ်စေရေးတို့အတွက် ဌာနအဖွဲ့အစည်းအသီးသီးအနေဖြင့် စနစ်တကျစီမံခန့်ခွဲရန် လိုအပ်ကြောင်း။
အသုံးစရိတ် ခွင့်ပြုငွေနှင့် ပိုလျှံငွေများပြန် လည်အပ်နှံရာတွင် မူလခန့်မှန်းခြေအရ အသုံးစရိတ် ခွင့်ပြုငွေကျပ်၂၀၅၉၄ ဒသမ ၁၆၅ ဘီလီယံ၊ ဖြည့်စွက်ခွင့်ပြု ငွေကျပ်၂၄၇၄ ဒသမ ၁၀၆ ဘီလီယံနှင့် အထွေထွေပိုလျှံရန်ပုံငွေစာရင်းမှ လွှဲပြောင်းသုံးစွဲ ငွေကျပ် ၂၄၆ ဒသမ ၈၈၇ ဘီလီယံ၊ စုစုပေါင်း ငွေ ကျပ် ၂၃၃၁၅ ဒသမ ၁၅၈ ဘီလီယံမှ ငွေကျပ် ၂၅၁၄ ဒသမ ၂၈၈ ဘီလီယံ ကို ပြန်လည်အပ်နှံ ခဲ့ပါကြောင်း၊ ယင်းအပ်နှံမှုတွင် ဖြည့်စွက်ခွင့်ပြုငွေမှ ပြန်လည်အပ်နှံမှု ငွေကျပ် ၂၆၇ ဒသမ ၁၃၆ ဘီလီယံရှိသဖြင့် ဖြည့်စွက်ခွင့်ပြုငွေကျပ် ၂၄၇၄ ဒသမ ၁၀၆ ဘီလီယံတွင် ပိုလျှံငွေပြန်လည်အပ်နှံမှု ၁၀ ဒသမ ၈၀ ရာခိုင်နှုန်း ရှိပါကြောင်း။
ပိုလျှံငွေများ ပြန်လည်အပ်နှံရာတွင် ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်အထိ ငွေ ကျပ် ၂၄၆၃ ဒသမ ၃၉၀ ဘီလီယံ အပ်နှံခဲ့ပြီး ကျန်ပိုလျှံငွေများကို ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်တွင် အချိန်မီ ပြန်လည် အပ်နှံကြရန် ဖြစ်သော်လည်း ဌာနအဖွဲ့အစည်းအချို့သည် လုပ်ငန်းသဘာဝအရ အထွေထွေပိုလျှံရန်ပုံငွေသို့ အပြီးသတ် အပ်နှံနိုင်မှုမရှိခြင်း၊ စာရင်းချုပ်ရေးဆွဲပြီးမှသာ ပိုလျှံငွေများကို ပြန်လည်အပ်နှံနိုင် ခြင်းတို့ကြောင့် ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နောက်ပိုင်းတွင် ငွေကျပ် ၅၀ ဒသမ ၈၉၈ ဘီလီယံ ပြန်လည်အပ်နှံထားသည်ကို တွေ့ရှိရပါကြောင်း။
ယင်းသို့ အပ်နှံခဲ့မှုကြောင့် ဘဏ္ဍာရေးနှစ် မကုန်ဆုံးမီ နိုင်ငံတော်အတွက် လိုအပ်သည့် အခြားစီမံကိန်းများ၊ လုပ်ငန်းများသို့ လွှဲပြောင်းသုံးစွဲမှု မပြုနိုင်သဖြင့် နိုင်ငံတော်၏ ပြည်သူ့ဘဏ္ဍာငွေ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်ကို ပိုမိုအားကောင်းတိုးတက်စေရေးအတွက် ဘဏ္ဍာရေးစည်းမျဉ်းများ၊ ညွှန် ကြားချက်များနှင့် အညီ ပိုလျှံငွေများအား ဘဏ္ဍာရေးနှစ်အတွက် သတ်မှတ်ချိန်အတွင်း အပ်နှံနိုင်ရေး လိုက်နာဆောင်ရွက်ရန် သုံးသပ် အကြံပြုအပ်ပါကြောင်း။
ဝန်ကြီးဌာန အဖွဲ့အစည်းများ၏ နိုင်ငံခြားငွေရရှိမှု သုံးစွဲမှုများတွင်ရရှိမှု(ယာယီအမှန်) အမေရိ ကန်ဒေါ်လာ သန်း ၂၄၇၀ ဒသမ ၂၃၀ ဖြစ်ပြီး သုံးစွဲမှု (ယာယီအမှန်)သည် အမေရိကန်ဒေါ်လာ သန်း ၃၃၇၃ ဒသမ ၁၆၀ ဖြစ်၍ ရရှိမှုအပေါ် သုံးစွဲမှု ရာခိုင်နှုန်းအနေဖြင့် ၁၃၆ ဒသမ ၅၅ ရာခိုင်နှုန်းဖြစ်ပြီး လိုငွေ အမေရိကန်ဒေါ်လာ သန်း ၉၀၂ ဒသမ ၉၃ ဒေါ်လာ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန တို့သည် နိုင်ငံခြားငွေ အများဆုံးရရှိသည့် ဌာနများဖြစ်ပြီး နိုင်ငံခြားငွေ သုံးစွဲမှုများသည် အဓိကအားဖြင့် ပြည်ပကြွေးမြီ အတိုး၊ အရင်း ပြန်ဆပ်ခြင်းများ ဖြစ်ပါကြောင်း။
ပြည်ထောင်စု၏ အခွန်အကောက်ရငွေသည် ငွေကျပ် ၇၄၂၃ ဒသမ ၇၂၃ ဘီလီယံဖြစ်ပြီး ပြည်ထောင်စု၏ သာမန်ရငွေတွင် ၄၄ ဒသမ ၃၆ ရာခိုင်နှုန်းပါဝင်ပါကြောင်း၊ အခွန်အမျိုးအစား အလိုက် ကောက်ခံရရှိမှု စုစုပေါင်းသည် မူလခန့်မှန်းခြေအပေါ် ၁၁၄ ဒသမ ၅၅ ရာခိုင်နှုန်း၊ ပြုပြင်ပြီး ခန့်မှန်းခြေအပေါ် ၉၈ ဒသမ ၃၈ ရာခိုင်နှုန်း အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့ပါကြောင်း။
အခွန်အကောက် ရငွေများကို လျာထားရာတွင် လျာထားသင့်သည်ထက် လျော့နည်းလျာထားခြင်း၊ နှစ်ဟောင်းကြွေးကျန်များအား အစီအမံများ ချမှတ်ပြီးထိရောက်စွာ ကောက်ခံရန်လိုအပ်ခြင်း၊ အခွန် ကောက်ခံသည့် နှုန်းထားများ ခေတ်နှင့်ဆီလျော်မှု မရှိခြင်းတို့ကို တွေ့ရှိရ ပါကြောင်း။
ရသုံးမှန်းခြေငွေစာရင်း အကောင်အထည်ဖော်မှု အားကောင်းစေရေးအတွက် အခွန်ရငွေအား လျာထားချက် နှင့်အညီ အနီးစပ်ဆုံးပြည့်ဝစွာ ကောက်ခံရရှိစေရေးနှင့် နှစ်ဟောင်းကြွေးကျန်များ ထိရောက်စွာ ကောက်ခံနိုင်ရေးလိုအပ်သည့်အစီအမံများ ချမှတ်ဆောင်ရွက်ရန်နှင့် နှုန်းထားများ ခေတ်နှင့်ဆီလျော်မှု ရှိစေရေး ဆောင်ရွက်ရန် လိုအပ်သည်ကို သုံးသပ်တင်ပြအပ်ပါကြောင်း။
၂၀၁၇ - ၂၀၁၈ ခုနှစ် အမျိုးသား စီမံကိန်းဥပဒေကို ကဏ္ဍအလိုက် အကောင်အထည်ဖော်ရာတွင် ၂၀၁၈ မတ်လကုန် ယာယီစာရင်းအရ လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှု ကဏ္ဍ ကြီးတို့၌ စုစုပေါင်းကျပ် ၆၃,၈၂၇ ဒသမ ၉၁၉ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်ထက် လယ်ယာကဏ္ဍကြီးတွင် ၁ ဒသမ ၃ ရာခိုင်နှုန်း၊ စက်မှု ကဏ္ဍကြီးတွင် ၉ ဒသမ ၄ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍကြီးတွင် ၈ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်အကောင်အထည် ဖော်နိုင်ခဲ့ပါကြောင်း၊ စုစုပေါင်း ပြည်တွင်း အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး တိုးတက်မှုနှုန်း (GDP Growth Rate)တွင် ၂၀၁၇ - ၂၀၁၈ ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းရှိသဖြင့် ယခင်နှစ် ထက်တိုးတက်ခဲ့သော်လည်း ဥပဒေအရ တိုးတက်ရန် ၇ ဒသမ ၀ ရာခိုင်နှုန်းအောက် လျော့နည်း ခဲ့ပါကြောင်း။
လူတစ်ဦး၏ ပျမ်းမျှထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးသည် တစ်နှစ်ထက်တစ်နှစ် တိုးလာခဲ့ပြီး ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် တိုးတက်မှုရာခိုင်နှုန်းသည် ၁၂ ဒသမ ၄ ရာခိုင်နှုန်းရှိပါ ကြောင်း၊ GDP တွက်ချက်သည့် ပုံမှန်ဈေးနှုန်းသည် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ် ဈေးနှုန်း ဖြစ်နေဆဲဖြစ်၍ အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်ကို ပြောင်းလဲတွက်ချက်ရန် လိုအပ်ပါကြောင်း၊ ပြည်ပ ကုန်သွယ်ရေးတွင် ပို့ကုန် တန်ဖိုးသည် ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ ၂၈၅၂ ဒသမ ၁၂ ဒေါ်လာ ပိုမိုတင်ပို့နိုင်ခဲ့သော်လည်း သွင်းကုန်တန်ဖိုးသည် ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ ၁၄၇၅ ဒသမ ၈၉ ဒေါ်လာ ပိုမိုတင်သွင်းခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်သည်ကို တွေ့ရှိရပါကြောင်း။
National Plan အရ လျာထားချက်အပေါ် လုံးဝအကောင်အထည်မဖော်နိုင်သည့် စီမံကိန်း (၁၁)ခုရှိပြီး ၎င်းတို့သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ (၅) ခု၊ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ(၅)ခု၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ(၁) ခုဖြစ်ပါကြောင်း၊ National Plan အရ လျာထားချက်အပေါ် ၅၀ ရာခိုင်နှုန်းအောက်သာ အကောင်အထည်ဖော်နိုင် သည့်စီမံကိန်း (၁၅) ခုရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ (၅)ခု၊ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ (၈) ခု၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ (၁)ခု၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ (၁) ခုဖြစ်ပါကြောင်း။
ဂျီဒီပီတွက်ချက်သည့် ပုံမှန်ဈေးနှုန်းအား အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်ကို ပြောင်းလဲတွက်ချက်ရန်၊ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်စေရေးနှင့် အလုပ် အကိုင်အခွင့်အလမ်းများတိုးတက်ရရှိရေး တိုးမြှင့်ဆောင်ရွက်ရန်၊ ကုန်သွယ်ရေးကဏ္ဍ၏ လုပ်ငန်းစဉ် များအား နိုင်ငံတော်၏ ကုန်သွယ်ရေးမူဝါဒ၊ စီးပွားရေးမူဝါဒနှင့်အညီ ဆောင်ရွက်ရန်၊ အမျိုးသား စီမံကိန်း အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်အား စနစ်တကျ အကောင်အထည်ဖော်ရန်၊ စီမံကိန်း ရေးဆွဲခြင်းနှင့် ဘတ်ဂျက် လျာထားသတ်မှတ်ခြင်းတို့ကို ပိုမိုတိုးတက် ပေါင်းစည်းဆောင်ရွက်ရန် လိုအပ်သည်ကို သုံးသပ် တင်ပြအပ်ပါကြောင်း။
အစိုးရကြွေးမြီ ၂၀၁၇ ခုနှစ်ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေအခန်း(၂)ပုဒ်မ ၁၂ နှင့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေ အခန်း (၃) ပုဒ်မ ၄ တို့အရ ပြည်တွင်း၊ ပြည်ပချေးယူရငွေ စုစုပေါင်းသည် ငွေကျပ် ၅,၄၀၀ ဒသမ ၀၀၀ ဘီလီယံထက် မပိုစေရဟုပါရှိပါကြောင်း၊ ၊ ပြည်တွင်းနှင့် ပြည်ပစုစုပေါင်း ချေးယူငွေသည် ပြည်တွင်းချေးယူငွေကို အသားတင်ချေးယူမှုဖြင့် မဖော်ပြပါက ငွေကျပ် ၈၉၄၂ ဒသမ ၇၈၉ ဘီလီယံဖြစ်ပေါ်ခဲ့ကြောင်း၊ ပြည်ထောင်စု၏ ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီအချိုးသည် ၂ ဒသမ ၆၃ ရာခိုင်နှုန်းနှင့် အသားတင်လိုငွေနှင့် ဂျီဒီပီအချိုးသည် ၂ ဒသမ ၉၉ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ပြည်ထောင်စု၏ အသားတင်လိုငွေသည် ယခင်နှစ်ထက် ငွေကျပ် ၄၀၉ ဒသမ ၀၆၈ ဘီလီယံ ပိုမိုခဲ့ပြီး လိုငွေအား ဖြည့်ဆည်းနိုင်ရန် အစိုးရငွေတိုက် လက်မှတ်နှင့် ငွေတိုက်စာချုပ်များအား ဈေးပြိုင်စနစ်ဖြင့် ရောင်းချခြင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေချေးယူခြင်းဖြင့် ဖြည့်ဆည်း ထားသည်ကို တွေ့ရှိရ ပါကြောင်း။
အစိုးရကြွေးမြီအဖြစ် ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်ရှိ ပြည်ပကြွေးမြီလက်ကျန် အမေရိကန် ဒေါ်လာ ၁၀,၂၀၀ ဒသမ ၁၇၀ သန်း၊ ပြည်တွင်းကြွေးမြီ ငွေကျပ် ၂၀,၇၂၄ ဒသမ ၆၇၃ ဘီလီယံရှိပြီး ယခင်နှစ်ထက် ပိုမိုလာကြောင်း၊ ကြွေးမြီ စုစုပေါင်းသည် တစ်နှစ်ထက် တစ်နှစ်များပြားလာပြီး ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်အထိ ပြည်တွင်း ပြည်ပကြွေးမြီနှင့် ဂျီဒီပီအချိုးသည် ၃၈ ဒသမ ၃ ရာခိုင်နှုန်းရှိသဖြင့် ပြည်သူ့ ကြွေးမြီစီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေရေး ကာလလတ် ကြွေးမြီ စီမံခန့်ခွဲမှု မဟာဗျူဟာနှင့်အညီ ဆောင်ရွက်ရန်နှင့် ချေးငွေဖြင့်ဆောင်ရွက်သော စီမံကိန်းလုပ်ငန်းများကို စီမံကိန်းကာလအတွင်း အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း။
ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်ဆောင်ရွက်သော ကြွေးမြီ၊ အပ်ငွေ၊ ယာယီစသည့် စာရင်းများ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်ဆောင်ရွက်သော ကြွေးမြီ၊ အပ်ငွေ၊ ယာယီ စသည့်စာရင်းများနှင့် စပ်လျဉ်း၍ အဓိကတွေ့ရှိချက်အနေဖြင့် လျာထားချက်တွင်မပါဝင်ဘဲ သီးခြား ထပ်မံဆောင်ရွက်လိုသော ကိစ္စရပ်များအတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ထားမှုမရှိခြင်း၊ လှည့်ပတ်ရန်ပုံငွေရယူပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ အစိုးရ ငွေတိုက်စာချုပ်နှင့် အစိုးရငွေတိုက် လက်မှတ်အပေါ် ပေးရမည့်အတိုးနှုန်း ကာမိစေသည့် အမြတ်အစွန်းပေးသွင်းနိုင်မှု မရှိသေးခြင်း၊ ၃၅/၂၀၁၇နှင့်အညီ ဘဏ္ဍာရေးနှစ် ၃ နှစ်ကျော် အပ်ငွေများကို အချိန်လွန်အပ်ငွေအဖြစ် စာရင်းညှိနှိုင်းမှု မရှိသေးခြင်း၊ အပ်ငွေဖြင့် ဆောင်ရွက် သည့်လုပ်ငန်းများ ပြီးစီးမှုမရှိသေးခြင်းနှင့် ပြီးစီးသည့် လုပ်ငန်းများအတွက် စာရင်းရှင်းလင်း နိုင်မှုမရှိသေးခြင်း၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်ဆောင်ရွက်သော ကြွေးမြီ၊ အပ်ငွေ၊ ယာယီ စာရင်းများနှင့်စပ်လျဉ်းသည့် ကြီးကြပ်မှုများ ပိုမိုအားကောင်းလာစေရေး၊ တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းများနှင့် ညီညွတ်စေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အတွင်းရေးမှူးက အထက်ပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၁/၂၀၁၉)ကို ဖတ်ကြားပြီး လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းရာ ပြည်ထောင်စု လွှတ်တော်နာယကက ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်းကြေညာသည်။
ယင်းနောက် ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းပြောကြားရာ ပြည်ထောင်စု လွှတ်တော်နာယကက ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော် ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဆက်လက်ဆောင်ရွက်သွားရန် ဆုံးဖြတ်သည်။
ထို့နောက် ပြည်ထောင်စု အစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ - ၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဝန်ကြီးဌာန အဖွဲ့အစည်းများ၏ ပထမ ၆ လပတ် အခွန်ရငွေစာရင်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းပြောကြားသည်။
ပြည်ထောင်စုလွှတ်တော် နာယကက ယင်းပထမ ၆ လပတ် အခွန်ရငွေစာရင်းများနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ ဖတ်ကြားတင်ပြခြင်းကို ၂၀၁၉ ခုနှစ် ဩဂုတ် ၉ ရက်တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ဆက်လက်ဆောင်ရွက်သွားရန် လျာထားကြောင်း ကြေညာပြီး အစည်းအဝေး ကို ရပ်နားလိုက်သည်။

သတင်း-မော်စီ၊ မွှေးကြူဇင်
ဓာတ်ပုံ-ထန်းဖုန်

No comments:

Post a Comment