ရန်ကုန် သြဂုတ် ၁၀
တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရေဘေးအန္တရာယ်
ခံစားရသည့် ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် လက်ရှိတုံ့ပြန်ဆောင်ရွက်မှု
လုပ်ငန်းများကို သုံးသပ်ခြင်းနှင့် ပိုမိုအားဖြည့် ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး
ကို ယနေ့နံနက် ၇ နာရီခွဲတွင် ဆေးသုတေသနဦးစီးဌာန ရန်ကုန်၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက
အဖွင့်အမှာစကား ပြောကြားရာတွင် လက်ရှိဖြစ်ပွားနေသော ရေကြီးရေလျှံမှု ဖြစ်စဉ်များတွင်
တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှု
လုပ်ငန်းများနှင့် သင့်လျော်သော တုံ့ပြန်ဆောင်ရွက်မှုများ အချိန်နှင့်တစ်ပြေးညီ စနစ်တကျ
ထိရောက်စွာ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထိုသို့တုံ့ပြန်ဆောင်ရွက်မှု
လုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်ရှိဆောင်ရွက် လျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှု
ဆိုင်ရာကိစ္စရပ်များ၊ ရေဘေးကြောင့် ထိခိုက်သေဆုံးမှုနှင့် ကျန်းမာရေး ဌာနများ၏ ထိခိုက်ပျက်စီး
ဆုံးရှုံးမှု အခြေအနေများ၊ ရေဘေးသင့် ကျန်းမာရေးဝန်ထမ်းများ၏ အခြေအနေများ၊ ကျန်းမာရေးကဏ္ဍ
တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများအတွက် ထပ်မံလိုအပ်ချက်များနှင့် ပတ်သက်၍ ဗဟိုအဆင့်နှင့်
တိုင်းဒေသကြီး/ ပြည်နယ် အဆင့် ကျန်းမာရေးဌာနများအကြား စနစ်တကျ ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်ကို
တွေ့ရှိရပါကြောင်း။
ထိုသို့ ဌာနတွင်း ချိတ်ဆက်ဆောင်ရွက်မှုများအပြင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး
ဦးစီးဌာနအပါအဝင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ မြန်မာနိုင်ငံ
ကျန်းမာရေးမှူးများအသင်း၊ နှီးနွှယ်ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ
(NGO) စသည်တို့နှင့် ပူးပေါင်းချိတ် ဆက် ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ရရှိသည့်
သတင်းအချက်အလက်များအား သုံးသပ်ပြီး ပိုမိုကောင်းမွန်သည့် ကျန်းမာရေး စောင့်ရှောက်မှု
ရရှိရေးအတွက် ဦးစားပေးအနေဖြင့် ဆောင်ရွက်ရန် အရေးကြီးပါကြောင်း။
ရေကြီးရေလျှံမှု ဖြစ်စဉ်များ ကြုံတွေ့နေရသည်
တိုင်းဒေသကြီး/ ပြည်နယ်များတွင် ထပ်မံလိုအပ်မည့် ဆေးနှင့်ဆေးပစ္စည်းများကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း၊
ရေးကြီးရေလျှံမှု ဘေးအန္တရာယ် ခံစားရသည့် ပြည်သူများအတွက် စိတ်ကျန်းမာရေးစောင့် ရှောက်ပံ့ပိုးမှုများ
ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် စိတ်ကျန်းမာရေး စောင့်ရှောက်ပံ့ပိုးမှု အဖွဲ့များအား
ရေဘေးသင့် ဒေသများသို့ အမြန်ဆုံး စေလွှတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့
သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များအတွက် ကျန်းမာရေးကဏ္ဍ တုံ့ပြန်ဆောင်ရွက်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏
အရေးပေါ်ရန်ပုံငွေ၊ ဆေးနှင့်ဆေးပစ္စည်း များကိုလည်း အမြန်ဆုံး တောင်းခံရမည်ဖြစ်ပါကြောင်း၊
ကယ်ဆယ်ရေးစခန်းများတွင် အစားအစာနှင့် ရေမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ၊
အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများစသည့် ကူးစက် ရောဂါများ မဖြစ်ပွားစေရေးအတွက်
ရောဂါကာကွယ် တားဆီးရေး လုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာမြှင့်တင်မှု လုပ်ငန်းများကိုလည်း
ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
ရေဘေးအန္တရာယ် ကျရောက်ရာ နေရာဒေသများတွင်
ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုနှင့် စီမံခန့်ခွဲမှု လုပ်ငန်းများ ဆောင်ရွက်နေမှုများကိုလည်း
ဆက်လက်အားဖြည့် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ဘေးအန္တရာယ် ဖြစ်စဉ်များအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို
ဆန်းစစ်သုံးသပ်၍ ဆေးနှင့်ဆေးပစ္စည်း၊ စက်ကိရိယာ၊ လူ့စွမ်းအား အရင်းအမြစ် စသည်ဖြင့်
လိုအပ်သည်များကို ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်
ကုသရေးဦးစီးဌာန) ဒေါက်တာ စိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊
ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး) ဒေါက်တာဝင်းနိုင်နှင့် ဒုတိယညွှန်ကြားရေး
မှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်တို့က လက်ရှိရေကြီးရေလျှံမှုဖြစ်ပွားနေသော
ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့်
တနင်္သာရီတိုင်းဒေသကြီး တို့ရှိမြို့နယ်ပေါင်း(၂၀)တို့တွင် ကျန်းမာရေးဌာနနှင့် ဆေးရုံများ
ရေဝင်ရောက်မှုအခြေအနေ၊ ဆေးနှင့်ဆေးပစ္စည်းများ ထိခိုက်ပျက်စီးမှု အခြေအနေ၊ ကျန်းမာရေး
စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့်
ကျန်းမာရေး အရေးပေါ် အခြေအနေ ကွပ်ကဲမှုစင်တာကို (၂၄) နာရီအချိန်ပြည့် ဖွင့်လှစ်ဆောင်ရွက်မှု
အခြေအနေ၊ ဗဟိုအဆင့်မှ ကွင်းဆင်းဆောင်ရွက်နေမှု အခြေအနေ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး
ဦးစီးဌာနများသို့ လုပ်ငန်းပံ့ပိုးမှုနှင့် ညွှန်ကြားချက်များ ထုတ်ပြန်ထားရှိမှု အခြေအနေ၊
နှီးနွှယ်ဌာနများ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်ထားရှိမှုများ ရေဘေးအန္တရာယ်
ကျန်းမာရေး တုံ့ပြန်ဆောင်ရွက်မှု လုပ်ငန်းများအတွက် ရန်ပုံငွေလျာထားမှုအခြေအနေ၊ ကမ္ဘာ့ကျန်းမာရေး
အဖွဲ့ နှင့် ချိတ်ဆက်ဆောင်ရွက်မှု အခြေအနေများအား တင်ပြခဲ့ကြသည်။
ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊
ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ သာထွန်းကျော်နှင့် အစည်းအဝေးသို့
တက်ရောက်လာကြသူများက ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ထပ်မံလိုအပ်သည် များ အမြန်ဆုံး
ပံ့ပိုးပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည်
နံနက် (၉) နာရီတွင် ဆေးသုတေသန ဦးစီးဌာန၌ ကျင်းပသည့် မြန်မာနိုင်ငံ ကျန်းမာရေး ကဏ္ဍတွင်
အစိုးရ-ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နှီးနှောဆွေးနွေးပွဲ (Symposium on
“Public-Private Partnership in Health in Myanmar”) သို့ တက်ရောက်သည်။
နှီးနှောဆွေးနွေးဖလှယ်ပွဲ၌ ပြည်ထောင်စုဝန်ကြီးက
ယနေ့နှီးနှောဆွေးနွေးဖလှယ်ပွဲသို့ တက်ရောက်လာကြသည့် အစိုးရ၊ ပုဂ္ဂလိကနှင့် နိုင်ငံတကာမှ
ပညာရှင်ကြီးများအနေဖြင့် ပြည်သူများအား အရည်အသွေးပြည့်ဝသည့် ကျန်းမာရေး စောင့်ရှောက်မှု
ပေးအပ်ရာတွင် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအတွက် အကြံပြုချက်များကို
လွတ်လပ်ပွင့်လင်းစွာ ပေးအပ်စေ လိုပါကြောင်း၊ လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သည့်
အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage) ရရှိရေးအတွက်
အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊
လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရာတွင် ဆေးပညာကျင့်ဝတ်၊ လူမှုစီးပွား ကျင့်ဝတ်များ၊
မြန်မာနိုင်ငံ၏ လက်ရှိဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီဖြစ်ရန်မှာလည်း အရေးကြီးပါကြောင်း၊
အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအတွက် နှောင့်နှေး ကြန့်ကြာစေနိုင်သော စည်းမျဉ်းစည်းကမ်းများကိုလည်း
ခေတ်နှင့်အညီ လိုအပ်သလို မွမ်းမံပြင်ဆင် ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ ကျန်းမာရေးကဏ္ဍအတွက် အသင့်တော်ဆုံးနှင့်
ရေရှည်တည်တံ့ခိုင်မာသည့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ပေါ်ပေါက်လာစေရေးအတွက်
အားလုံးဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆေးပညာရှင် အသင်းဥက္ကဋ္ဌ
ပါမောက္ခ ဒေါက်တာနေဝင်းက အဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါ နှီးနှောဆွေးနွေးဖလှယ်ပွဲတွင်
ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်
ဦးအောင်နိုင်ဦး၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ ဆေးရုံအုပ်ချုပ်မှုပညာအဖွဲ့၊
Global Financing Facility, Marie Stopes International, N Health Asia and Non
Hospital Group of BDMS တို့မှ တာဝန်ရှိသူ များနှင့် ပညာရှင်များက ကျန်းမာရေးကဏ္ဍတွင်
အစိုးရ-ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ သဘောတရား၊ မြန်မာနိုင်ငံနှင့် နိုင်ငံတကာတွင်
လက်ရှိဆောင်ရွက်နေမှု အခြေအနေများ၊ အမျိုးသား ကျန်းမာရေးစီမံကိန်း၏ အခန်းကဏ္ဍ၊ ဆေးပညာ
စဉ်ဆက်မပြတ် သင်ကြားရေးတွင် ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံ၏ လက်ရှိအစိုးရ-ပုဂ္ဂလိကပူးပေါင်း
ဆောင်ရွက်မှုဆိုင်ရာ မူဝါဒနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု မူဝါဒစသည့် အကြောင်းအရာ
ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး နှီးနှောဆွေးနွေး ဖလှယ်ပွဲသို့ တက်ရောက်လာကြသည့်
အစိုးရနှင့် ပုဂ္ဂလိကကျန်းမာရေးကဏ္ဍမှ ပညာရှင်များက မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ကြောင်း
သိရ သည်။
(သတင်းစဉ်)

No comments:
Post a Comment