Wednesday, August 7, 2019

ဥပဒေအတွေး ရေးပါရစေ အပိုင်း (၁၈၅)



သက်သေပြရန် တာ၀န်

ဦးဟန်ညွန့် (ဥပဒေ)

အမှုတစ်မှုဖြစ်လာရင်

“အမှုတစ်မှုဖြစ်လာရင် ကိုယ့်ဘက်က မှန်ကြောင်း သက်သေပြရတယ် မဟုတ်လား။ ဥပမာတွေနဲ့ ရှင်းပြပါဦး။ သက်သေ တစ်ဦးတည်း ထွက်ချက်ရှိရုံနဲ့ တရားခံအပြစ်ကျနိုင်သလား။ ဆက်စပ်စီရင် ထုံးတွေနဲ့ သုံးသပ်ဆွေးနွေးရေးပေးပါဦး ဆရာကြီး” ဟု အလုပ်သင်ရှေ့နေ မောင်ပျင်းရိက ကျွန်တော့်အား မေးလည်းမေး၊ အားပေးစကားလည်း ပြောသောကြောင့် သက်သေပြရန် တာဝန်ခေါင်းစဉ်ဖြင့် ရေးမိ၊ တွေးမိနေပါသည်။


သက်သေခံ ဥပဒေ

သက်သေခံဥပဒေပုဒ်မ ၁၀၁ တွင် ထင်ရှားအောင်သက်သေပြရန် တာဝန်ရှိခြင်း (Burden of Proof) နှင့် စပ်လျဉ်း၍ ပြဋ္ဌာန်း ထားပေသည်။ မည်သူမဆို မှုခင်းတစ်ခုခု၌ အငြင်းထွက်အခြင်းအရာတစ်ခုနှင့် ပတ်သက်၍ မိမိဘက်မှ ဟုတ်မှန်ကြောင်း အခြင်းအရာကို အားကိုးအားထားပြုပြီး တရားသဖြင့် ရသင့်ရထိုက်ခြင်း သို့မဟုတ် တာဝန်ရှိခြင်းကို တရားရုံးမှစီရင်ချက်ချ ပေးစေလိုက မိမိတင်ပြသည့် အခြင်းအရာတည်ရှိကြောင်း ထင်ရှားအောင်သက်သေပြရမည်။ ဤသို့တစ်စုံတစ်ခုသော အခြင်းအရာ တည်ရှိကြောင်းကို တစ်ဦးတစ်ယောက်က ထင်ရှားအောင်ပြုလုပ်ရမည်ဖြစ်လျှင် ၎င်းအပေါ်၌ ထင်ရှားဖြစ် အောင် သက်သေပြရန် တာဝန်ကျရောက်ပေသည်။

တရားလိုအပေါ်တွင်

တရားခံ ပြစ်မှုကျူးလွန်ကြောင်း သက်သေခံ အထောက်အထား တင်ပြရန်တာဝန်မှာ တရားလိုအပေါ်တွင် အစဉ်တစိုက် ကျရောက်ပါ သည်။ တရားမမှု၌ မည်သူကစ၍ သက်သေပြရန် တာဝန်ရှိ၊ မရှိ ဆုံးဖြတ်ရာ၌ ထိုအမှုတွင် နှစ်ဖက်စလုံးက သက်သေမပြဘဲနေခဲ့လျှင် မည်သူကရှုံးမည် နည်းဟုဆင်ခြင်၍ ရှုံးမည့်သူ ဘက်က သက်သေပြရန် တာဝန်ဖြစ်ပေသည်။

သက်သေတစ်ဦးတည်းထွက်ချက်

သက်သေတစ်ဦးတည်း၏ ထွက်ချက်အရ တရားခံကို အပြစ်ပေးနိုင် သလော။ ဤမေးခွန်း၏အဖြေကို အောက်ပါစီရင်ထုံး များက အဖြေပေးပါလိမ့်မည်။ မျက်မြင်သက်သေ၏ ထွက်ချက်ကိုသုံးသပ်ရာ၌ အမှုအကြောင်းခြင်းရာများအရ-

(၁) သက်သေသည် အခင်းဖြစ်ပွားရာ၌ ရှိသည် သို့မဟုတ် အခင်းဖြစ်ပွားပုံကို မြင်နိုင်လောက် သည့်နေရာတွင် ရှိသည်ဆိုသော အချက်မှာ ဖြစ်နိုင်လောက်၊မလောက်၊

(၂) ၎င်း၏ထွက်ချက်တွင် ပင်ကိုအားဖြင့် ဖြစ်ဖွယ်ရာအကြောင်း မရှိသော သို့မဟုတ် စိတ်မချရသော အချက်အလက်များ ပါ၊ မပါ စိစစ်ရသည်။

ယေဘုယျအားဖြင့်ဆိုလျှင် မျက်မြင်သက်သေ ကိုထောက်ခံသော အထောက်အထားမရှိဘဲ လက်ခံနိုင် သည်၊ ယုံကြည်ထိုက် သော သက်သေတစ်ဦးသည် မယုံကြည်လောက်သော သက်သေအများအပြားထက် အလေးသာသည်။ ထောက်ခံသော အထောက်အထား ရှိရမည်ဟု ဥပဒေက သတ်မှတ်ထားခြင်းမရှိလျှင် သက်သေ၏ ထွက်ဆိုချက်ကို ထောက်ချင့်၍ ထောက်ခံသည့် အထောက်အထားလိုသည်။

ဥပမာ၊ ကလေးသက်သေ၊ ကြံရာပါ သို့မဟုတ် အလားတူ သဘောဆောင်သော သက်သေဟုယူဆရသော မှုခင်းများတွင်မှ တစ်ပါးသက်သေကို ထောက်ခံသော အထောက်အထားရှိရန်မလို။ မျက်မြင်သက်သေ တစ်ဦး၏ ထွက်ချက်ကို ထောက်ခံ သောအထောက်အထား လို၊ မလို ဆိုသောအချက်မှာ အမှုအကြောင်းခြင်းရာများအပေါ်တွင် တည်သည်။

သေဒဏ်ထိုက်သည့်ပြစ်မှု

ကြီးလေးသော သေဒဏ်ထိုက်သင့်သည့်ပြစ်မှုနှင့် ပတ်သက်၍ တရားလိုဘက်၌ အဓိက သက်သေ တစ်ဦးတည်း သို့မဟုတ် တစ်ဦးထက်ပို၍ရှိရမည်ဟု ဥပဒေကသတ်မှတ်ထားခြင်းမရှိလျှင် သက်သေ တစ်ဦး တည်း၏ ထွက်ချက်နှင့်ပင် ယင်းထွက်ဆို ချက်ကို သံသယကင်းရှင်းစွာဖြင့် ပတ်ဝန်းကျင် အခြေအနေနှင့် ထောက်ခံချက်သက်သေ ရှိ၊ မရှိကို အထောက်အထားပြု၍ ယုံကြည်နိုင်လောက်သော ထွက်ချက်ဖြစ်သည်ဟု ယူဆပါက တရားခံအား အပြစ်ပေးနိုင်သည်။

သို့သော် ယင်းထွက်ဆိုချက်သည် ယုံကြည်နိုင်လောက်သော ထွက်ချက်ဟုတ်၊ မဟုတ်မှာ ၎င်းအား ထောက်ခံထားသော သက်သေ များရှိ၊ မရှိပေါ်၌ တည်နေ၍ ရှိပါကအမှုကို ပို၍ထင်ရှားစေသည်။ ထွက်ချက်သည် ယုံကြည်သင့်သည်၊ မယုံကြည် သင့်သည်မှာ အမှု၏ အဖြစ်အပျက် အကြောင်းခြင်း ရာပေါ်၌ လည်း များစွာအမှီသဟဲပြုသည်။

(မောင်ရွှေ အမှု၊ ၁၉၆၀၊ မတစ၊ လွှတ်တော်၊ ၂၄၃)

ပြစ်ဒဏ်မပေးသင့်

ကြီးလေးသော သေဒဏ်ထိုက်သင့်သည့် အမှုမျိုးတွင် လုံး၀ယုံကြည် လက်ခံနိုင်ရန် ခဲယဉ်းသည့်သက်သေ တစ်ဦးတည်း၏ ထွက်ဆိုချက် အပေါ်မူတည်၍ အပြစ်ပေးရန် မသင့်လျော်။

(မောင်စော်ဘွားအမှု၊ ၁၉၆၄၊ မတစ၊ ၆၈၆)

လူသတ်မှုတစ်မှုတွင် အခြားသက်သေများကို ပယ်၍သံသယဖြစ်စေ နိုင်သော မျက်မြင်သက်သေ တစ်ဦးတည်း၏ ထွက်ချက်ဖြင့် ပြစ်ဒဏ်မပေးသင့်။

(မောင်တင်မြအမှု၊ ၁၉၆၆၊ မတစ၊ ၆၄၄)

ပြစ်မှုတစ်ခုတွင် တစ်ဦးတည်းသော သက်သေထွက်ချက်ဖြင့် အပြစ်မပေးရဟု တားမြစ်ထားခြင်း မရှိသော် လည်း ထိုသက်သေ အပေါ် အပြန်အလှန်စွပ်စွဲချက်ရှိနေလျှင် ၎င်း၏ထွက်ချက် တစ်ခုတည်းဖြင့် အပြစ် မပေးသင့်။ ၎င်း၏ ထွက်ချက်အား ထောက်ခံသည့် သက်သေအထောက်အထားရှိမှသာ စိတ်ချလက်ချ အပြစ်ပေးနိုင်သည်။

(မောင်တိုက်ဖြူအမှု၊ ၁၉၆၆၊ မတစ၊ ၆၇၃)

တရားလိုဘက်မှ စွပ်စွဲချက်နှင့် တရားခံဘက်မှ ငြင်းကွယ်ထုချေချက် တို့သာ အဓိကရှိနေသော အမှုမျိုး၌ အမှန်တရားသည် ဘယ်ဘက်၌ ရှိသည်ကို အထူးချိန်ဆ၍ ဆုံးဖြတ်ရသည်။ တစ်ဦးတည်း၏ စွပ်စွဲချက် မျှသာ ဖြစ်သည်ဟူ၍ တရားလိုသက်သေ တစ်ဦး ထွက်ဆိုချက်ကို လုံး၀ငြင်းပယ်ရန်လည်း မဟုတ်။ ထိုသို့ တစ်ဖက်တစ်ချက် သက်သေ တစ်ဦးစီက တစ်မျိုးစီ ပြောနေကြလျှင် ဘေးပတ်ဝန်းကျင် အခြေအနေ များနှင့်တကွ သက်သေများ အကြောင်းကို လေ့လာ သုံးသပ်မှသာ ဆီလျော်ပေမည်။

(၁၉၆၆၊ မတစ၊ ၆၅၊ အထူး)

ကာမရာဂနှင့် စပ်လျဉ်းသောအမှု

ကာမရာဂနှင့် စပ်လျဉ်းသော စွဲဆိုသည့် အမှုမျိုးတွင်တရားလိုမ၏ ထွက်ဆိုချက်ကို အထောက် အထားပြု သည့် သက်သေခံချက်ရှိရမည်ဟု တရား ဥပဒေအရ ပြဋ္ဌာန်းချက် မရှိငြားသော်လည်း အကြောင်းကြောင်း ကြောင့် လီဆယ်၍ စွဲဆိုသော အမှုမျိုး ပေါ်ပေါက်တတ်သည် ဖြစ်ရကား ယေဘုယျ အားဖြင့်ဆိုလျှင် တရားရုံးများက တရားလိုမ၏ ထွက်ဆိုချက် ကို ထောက်ခံသော အထောက်အထား အကိုးအကားရှိ၊ မရှိ ဂရုပြု၍ ထည့်သွင်းစဉ်းစားလေ့ရှိကြသည်ကို သတိချပ်သင့်သည်။

(ဒေါက်တာအုန်းသွင်အမှု၊ ၁၉၅၉၊ မတစ၊ လွှတ်ချုပ်၊ ၆၃)

အမြဲတစေ

မုဒိမ်းမှုများတွင် မိန်းကလေးတစ်ဦး၏ စွပ်စွဲချက်ကို ချင့်ချိန်၍ လက်ခံစဉ်းစားရမည်ဆိုသော မူကို အမှု၏ အကြောင်းခြင်းရာ များနှင့် စပ်ဟပ်၍ ကျင့်သုံးရမည်ဖြစ်သည်။ ပုံသေထား၍ ကျင့်သုံးရန်မဟုတ်။ မိန်းကလေးတစ်ဦး၏ စွဲချက်မျှသာ ရှိစေကာမူ ယုံကြည်ထိုက်က ယုံကြည်ရမည်ဖြစ်သည်။ ထိုသို့ မဟုတ်ပါက မိန်းကလေးတစ်ဦးကို သက်သေမရနိုင်သော မမြင်ကွယ်ရာ၌ ကျူးလွန်လျှင် ကျူးလွန် သူသည် အမြဲတစေအပြစ်လွတ်တော့မည်သာ ဖြစ်သည်။

အဘက်ဘက်မှ

မိန်းကလေးတစ်ဦးက ၎င်းအား အလိုမတူဘဲ ကျူးလွန်ပါသည်ဟု စွပ်စွဲသော အမှုမျိုး၌ ရုံးများသည် အမှန်တရားကို ရရှိစေရန် အတွက် အဘက်ဘက်မှ ကျနသေချာစွာ လေ့လာသုံးသပ်ရသည်။ တစ်ဖက်တွင် အကျင့်စာရိတ္တ မကောင်းသော မိန်းမတစ်ဦးကယောက်ျားတစ်ဦးကို စွပ်စွဲ ရုံမျှနှင့် စွပ်စွဲချက်မှန် ကန်သည်ဟု ယူဆရန် မသင့်။ စွပ်စွဲချက်ကို အထောက် အထားပြုသည့် အခြားသက်သေခံ ချက်ရှိမှသာ ထိုစွပ်စွဲချက် သည် မှန်ကန်သည်ဟု ယူဆရန် ဖြစ်သည်။

သို့ရာတွင် တစ်ဖက်တွင်မူ မိန်းမတစ်ဦး ပြောစကား တစ်ခုတည်းဖြင့် မလုံလောက်ဟု ပုံသေကားကျ မှတ်ယူရန် မဟုတ်။ (၁၉၆၆၊ မတစ၊ အထူး၊ ၅၁)

ပတ်ဝန်းကျင်

မိန်းကလေးတစ်ဦးက ၎င်းအား အဓမ္မကျူးလွန်ပါသည်ဟု စွဲဆိုကာမျှနှင့် စွပ်စွဲခံရသူအပြစ်ရှိသည်ဟု မယုံကြည်ထိုက်။ ပတ်ဝန်းကျင်အခြေအနေ နှင့် အကြောင်းအချက်ကွင်းဆက်များကို သေချာစွာလေ့ လာရန် လိုသည်။ တစ်ဖက်တွင်လည်း မိန်းကလေးတစ်ဦး၏ အပြောသာရှိသည်ဟုဆိုကာ ၎င်း၏ စွပ်စွဲချက်ကို ပေါ့ပေါ့လွယ်လွယ် သဘောထားရန် မဟုတ်ချေ။ ဤကဲ့သို့ ပြစ်မှုမျိုးကို လူမြင်သူမြင် ကျူးလွန်ကြသည်မဟုတ်။ ထို့ကြောင့် မိန်းကလေး၏ အပြောနှင့် ၎င်းကိုယ်တိုင် အချင်းဖြစ်ပွားပြီး အချိန်မလင့်ဘဲ တိုင်ကြားခြင်း ရှိ၊ မရှိ ၎င်းအား ဆေးစစ်ချက် စသည့်ဆီလျော်သော အချက်အလက်တို့ကို ပေါင်းစပ်၍သေချာစွာ ချိန်ဆဆုံးဖြတ်ရသည်။

(မောင်လှဦးအမှု၊ ၁၉၆၇၊ မတစ၊ ၁၂၅၊ အထူး)

မျက်မြင်သက်သေမရှိ၍

မုဒိမ်းမှုများကို ဆိတ်ကွယ်ရာ၌ ကျူးလွန်တတ်လေ့ရှိသဖြင့် ကာယကံရှင်မှအပ မျက်မြင်သက်သေရှိရန် မလွယ်ပေ။ မျက်မြင် သက်သေမရှိ၍ တရားခံကို လွှတ်ရမည်ဆိုလျှင် အမှန်တကယ်စော်ကားခံရသူအဖို့ များစွာနစ်နာဖွယ်ရှိသည်။

(မောင်မောင်ခအမှု၊ ရာဇဝတ်ပြင်ဆင်မှုအမှတ် ၄၃၀(ခ)/၁၉၇၃)

စေတနာ

သက်သေပြရန် တာဝန်မည်မျှကြီးလေးကြောင်း သိနိုင်ကြပါပြီ။ အမှန်တရားရဖို့၊ အများမြင်စေဖို့၊ ပြည်သူယုံကြည်ဖို့ တာဝန်ကျေ ရမည်ဖြစ်ကြောင်းတွေးခေါ်မိသော ကျွန်တော်၏ စေတနာဥပဒေအတွေး မျှသာပါ။ ။

No comments:

Post a Comment