Thursday, August 8, 2019

ယုံကြည်မှုနဲ့ ထိုက်တန်ဖို့


 လူ့အဖွဲ့အစည်းထဲမှာ နေထိုင်ကြရသူမှန်သမျှ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုနဲ့သာ လက်တွဲနေကြရတာပါ။ သူသူကိုယ်ကိုယ် ဘယ်သူ့အပေါ် ဘယ်လောက် ယုံကြည်ရမလဲဆိုတာကို လေ့လာဆန်းစစ်လေ့ ရှိကြပါတယ်။ ဘ၀တစ်လျှောက်လုံးမှာ ကိုယ်နေထိုင်ဖြတ်သန်းခဲ့တဲ့ အလေ့အထတွေအရ ဒီလူကတော့ လုံး၀ယုံကြည်စိတ်ချရတဲ့သူ၊ ဒီလူကတော့ ဘယ်လိုမှ ယုံကြည်ဖို့ မကောင်းတဲ့သူ စသည်အားဖြင့် ဘေးပတ်ဝန်းကျင်က ကပ်ပေးလိုက်တဲ့ တံဆိပ်တွေက ကိုယ့်အပေါ်မှာ ကပ်ပါနေ တတ်ပါတယ်။


ယုံကြည်ရတယ်ဆိုတာ ဘယ်လိုဟာလဲ ယုံကြည်ရတယ်ဆိုတာ ဘယ်လိုဟာလဲ။ ပြောတာဆိုတာ၊ လုပ်တာကိုင်တာ၊ စဉ်းစား တွေးခေါ်တာတွေမှာ အမြဲတမ်းမှန်ကန် တည့်မတ်နေတယ်။ တစ်နည်းအားဖြင့် ပြောသလိုလုပ်ပြီး လုပ်သလိုသာ ပြောလေ့ ရှိတယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးကိုများ ဆိုလိုသလား။ ဒါမှမဟုတ် သစ္စာတရားနဲ့ ယှဉ်တွဲ နေထိုင်သူတွေကိုသာလျှင် ယုံကြည်ရတဲ့ သူလို့ ခေါ်နိုင်လေမလား။ ဘယ်လိုအခြေအနေ အချိန်အခါမျိုးမှာမှ သူစောင့်စည်းနေတဲ့ ကျင့်ဝတ် သိက္ခာတွေကို အစွန်း အထင်း မခံတဲ့ပုဂ္ဂိုလ်ကို ဆိုလိုလေသလား။ သေချာတာတစ်ခုကတော့ ယုံကြည်ရတဲ့သူဆိုတဲ့ အမှတ်တံဆိပ်ကလေး ကပ်နှိပ်ခံရဖို့ဆိုတာက အလွယ်ကလေးတော့ မဟုတ်ဘူးဆိုတဲ့ အချက်ပါ။

မလွယ်ဘူးဆိုပေမယ့် ယုံကြည်ရသူတစ်ယောက်ဖြစ်လာဖို့က အလွန်ကို ခက်ခဲနေတဲ့ အရာတစ်ခုတော့လည်း မဟုတ်ပြန်ပါ ဘူး။ စောင့်စည်းစရာရှိတာတွေကို အသေအချာစောင့်စည်း လိုက်နာတတ်တဲ့ အကျင့်လည်းရှိမယ်။ အခြေအနေအရပ်ရပ် အပေါ်မှာ ဖောက်ပြန်ပြောင်းလဲ တတ်တဲ့စိတ်မျိုးမရှိဘဲ ကိုယ့်ရပ်တည်ချက်တစ်ခုအပေါ်မှာ ကျောက်သားကျောက်စိုင်လို မယိမ်းမယိုင် ခိုင်ခိုင်မတ်မတ်ရှိတဲ့ သမာဓိမျိုးလည်းရှိမယ်။ ဘယ်အခြေအနေ၊ ဘယ်အချိန် အခါမှာ ဘယ်လိုအမှုကိစ္စမျိုး တွေကိုဆောင်ရွက်သင့်တယ်။ ဘယ်လိုနည်းလမ်းတွေနဲ့ ကောင်းမွန် မှန်ကန်အောင် ဆောင်ရွက်သင့်တယ် စတဲ့လုပ်နည်း လုပ်ဟန်တွေ၊ စဉ်းစားတွေးခေါ် သုံးသပ်ရမယ့် အပိုင်းတွေကိုလည်း မှန်မှန်ကန်ကန် ဝေဖန်ပိုင်းဖြတ်နိုင်တဲ့ ပညာဉာဏ်လည်း ရှိနေမယ်ဆိုရင်တော့ ကိုယ်ဟာကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းအတွက် ယုံကြည်ရတဲ့သူဆိုတဲ့ ဂုဏ်ပုဒ် ကလေးတစ်ခုကို ရလာနိုင်မှာပါ။

ယုံရတယ်၊ မယုံရဘူးဆိုတာကတော့ တစ်နည်းအားဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ခံယူချက်နဲ့ တိုက်ရိုက်ဆက်စပ်နေလိမ့်မယ် လို့လည်း ထင်မိပါတယ်။ တချို့က အရည်အချင်းရှိတယ်။ တော်တယ်။ ဘယ်အရာမဆို သူလုပ်ရင်ဖြစ်တယ်ဆိုတဲ့ အတန်းအစားထဲမှာပါတယ်။ ဒါပေမယ့် သိပ်စိတ်မချရဘူး။ သူလုပ်ရင်ဖြစ်တယ်ဆိုပေမယ့် လုပ်ချင်မှလုပ်တာ။ ပြီးတော့ ဒီအတိုင်းလုပ်ရင် ဖြစ်မှန်းသိနေလျက်နဲ့ ဟိုအတိုင်း လုပ်ချင် လည်း လုပ်ပစ်လိုက်တာမျိုး။ ဒီလိုဆိုတော့ တစ်စုံတစ်ခု ကို သူ့အပေါ် ပုံအပ်ရတော့မယ်ဆိုရင် သိပ်အရေးမကြီးတဲ့ဟာမျိုး၊ အလွဲအချော် ရှိခဲ့ရင်လည်း ထိခိုက်နစ်နာမှု သိပ်မရှိနိုင်တဲ့ ဟာမျိုးကိုပဲ သူ့အတွက် စဉ်းစားတော့တယ်။ အရေးတကြီး ကိစ္စတွေအတွက်ကျတော့ သူ့လိုလူ အပေါ်မှာ စိတ်ချယုံကြည် လိုက်ဖို့ဆိုတာ သိပ်ကိုစွန့်စားလွန်းရာ ကျသွား တော့မှာ။ မထင်ရင် မထင်သလို လုပ်ပစ်လိုက်တတ်တဲ့သူမို့ ကိုယ့်ကိစ္စ လေးများ သဲထဲရေသွန်ဖြစ်အောင် လုပ်ပစ်လိုက်ရင် မခက်ပေဘူးလား ဆိုတဲ့အတွေးက လွှဲအပ်ပေးမယ့် သူဆီမှာဝင်ဝင်လာ တတ်ပါတယ်။

ယုံကြည်မှုတည်ဆောက်ယူရတာ မလွယ်ပါဘူး
လူတစ်ယောက်ရဲ့ ယုံကြည်မှုကိုရအောင် တည်ဆောက်ယူရတာက သိပ်တော့မလွယ်ပါဘူး။ မိဘဆရာသမားတွေရဲ့ ယုံကြည်မှုကိုရဖို့၊ မိသားစုဝင်တွေရဲ့ ယုံကြည်မှုကိုရဖို့၊ ကိုယ့်အလုပ်ရှင်ရဲ့ ယုံကြည်မှုကိုရဖို့၊ အောက်လက်ငယ်သားတွေရဲ့ ယုံကြည်မှုကိုရဖို့၊ သူငယ်ချင်း အပေါင်းအသင်း မိတ်ဆွေတွေရဲ့ ယုံကြည်မှုကိုရဖို့ တော်တော်ကို အချိန်ပေးပြီး တည်ဆောက် ယူကြရတာပါ။ ကိုယ့်ကိုဘယ်သူတွေ ယုံကြည်ဖို့ လိုသလဲ။ ဖြစ်နိုင်ရင်တော့ အားလုံးက ယုံကြည်နေဖို့ကို လိုအပ်တာပါ။

မိသားစုဘ၀မှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလောကတွေထဲမှာပဲ ဖြစ်ဖြစ် ယုံကြည်မှု ဆိုတာ မပါခဲ့ရင် ဘာမှဆက်လုပ်လို့ မဖြစ်တော့ပါဘူး။ ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် အလုပ်တာဝန်တွေကို ကိုယ်တစ်ယောက် တည်း သိမ်းကျုံးပြီး လုပ်ကိုင်ကြတာ မဟုတ်ပါဘူး။ သက်ဆိုင်ရာပုဂ္ဂိုလ်တွေကြားမှာ တာဝန်ခွဲဝေ သတ်မှတ်မှုတွေ လုပ်ပြီးတော့မှ သူလည်းသူ့တာဝန်သူ ကျေပွန်အောင် ထမ်းဆောင်၊ ကိုယ်လည်း ကိုယ့်တာ ကိုယ်လုံအောင်ထိန်း၊ ဒီလိုနဲ့ပဲ ကိုယ့်ဝန်ကိုယ်ထမ်းပြီး ကိုယ့်လမ်း ကိုယ်လျှောက်ခဲ့ကြရတာပါ။ ယန္တရားကြီးထဲမှာပါနေတဲ့ ခွေးသွားစိတ်လေး တစ်စိတ်ချင်းစီက သူ့နေရာနဲ့သူ ပုံမှန်လည်ပတ်နေကြရင် ဒီယန္တရားကြီးရဲ့ လည်ပတ်မှုဟာ ချောမွေ့နေတာပါပဲ။ တစ်နေရာ မှာ ခွေးသွားစိတ် ကလေးတစ်ခုပဲ့၊ ပင်နယန်လေးတစ်ခု ချော်ထွက်သွားတယ်ဆိုရင်ကို ဒီယန္တရားကြီးရဲ့ အလုပ်လုပ်မှု ရပ်တန့် သွားတတ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

ယုံကြည်မှုနဲ့ ပတ်သက်တဲ့ ပြဿနာတွေက သမိုင်းတစ်လျှောက်မှာ ဖြစ်ခဲ့ကြပြီးဖြစ်သလို ဒီကနေ့ ဒီအချိန်မှာလည်း ရှိနေကြ ဆဲပဲဖြစ်ပါတယ်။ နောက်နောင်ကာလတွေမှာလည်း ရှိနေကြလိမ့်ဦးမယ်လို့ ထင်ပါတယ်။

တစ်ခါတစ်ခါကျတော့ ယုံယုံကြည်ကြည်နဲ့ အလုပ်လုပ်လိုက်မှ စိတ်မသက်သာစရာ လွဲချော်မှု ကြီးတွေ ဖြစ်ရပြန်တယ်။ ဒီလောက် ကလေးတော့ မှားနိုင်မှာ မဟုတ်ပါဘူးဆိုပြီး စိတ်ချ လက်ချ ယုံလိုက်မှ လုံး၀ဥဿုံ အလွဲအမှားကြီး ဖြစ်သွားတာ မျိုး လည်းရှိပြန်ပါတယ်။ အဆင့်ဆင့် တာဝန်ယူ၊ တာဝန်ခံရတဲ့အဖွဲ့အစည်းမျိုးမှာဆိုရင် ဒီပြဿနာတွေက ရှိနေတတ်စမြဲ ဖြစ်ပါတယ်။ အလုပ်က ဘာမှသိပ်နက်နဲ တာတော့ မဟုတ်ဘူး။ ဒါပေမယ့် အဆုံးသတ် လက်မှတ်ထိုးရမယ့် သူကပဲဖြစ်ဖြစ်၊ ကြေညာချက်တစ်ခုခုကို ထုတ်ပြန်ရမယ့်သူကပဲဖြစ်ဖြစ် ဒီစာတစ်စောင် ဘယ်လိုဖြစ်တည်လာသလဲ၊ ဒီကိန်းဂဏန်းတွေ ဘယ်လို ရလာသလဲ၊ ဒီကြေညာချက်ကို ဘာကြောင့် ထုတ်ပြန်ရသလဲဆိုတဲ့ အချက်ကို ယေဘုယျလောက်သာ နားလည်နိုင် မှာ ဖြစ်ပါတယ်။ စုစုပေါင်း အသုံးစရိတ် ၇ ဒသမ ၂ ဘီလီယံဆိုတာမျိုးကို ငယ်စာရင်းတွေ အကုန် လိုက်ပြီး ပထမတစ်ခုနဲ့ ဒုတိယတစ်ခု ပေါင်းတာက ဘယ်လောက်၊ အဲ့ဒီတစ်ခုနဲ့ ဟိုနောက် တစ်ခုနဲ့ ပေါင်းတာက ဘယ်လောက်ဆိုပြီး အကုန် ပေါင်းကြည့်နိုင်တော့မှာ မဟုတ်ပါဘူး။ သာမန်အိမ်ဆိုင်လေး တစ်ခုမှာ ငယ်စာရင်းအားလုံး အကုန်ပေါင်းကြည့်နိုင်မှာ ဖြစ်ပေမယ့် ကုန်တိုက်ကြီးတွေ၊ ကုမ္ပဏီကြီးတွေ၊ အစိုးရယန္တရား ကြီးတွေမှာတော့ အကြီးအကဲ လုပ်သူတွေက အစစအရာရာ ကို အကုန်လုံးလိုက်ပြီး ပေါင်းနုတ်တွက်ချက် ကြည့်ဖို့ အချိန်ရမှာမဟုတ်ပါဘူး။ သက်ဆိုင်ရာကဏ္ဍအလိုက် စာရင်း၊ ဇယားပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေကသာ တာဝန်ယူ ကြရမှာဖြစ်ပါတယ်။ အဆင့်ဆင့်တာဝန်ခံမှုတွေနဲ့သာ ဒီစာတစ်စောင် ကို အတည်ပြု လက်မှတ်ထိုး၊ ဒီအသုံးစရိတ်တစ်ခုကို ခွင့်ပြုနေကြရတာ ဖြစ်ပါတယ်။ ဒါက ပုံမှန်လုပ်ရိုး လုပ်စဉ်ဖြစ်ပါတယ်။ တစ်နှစ်တန်သည်၊ ခြောက်လတန်သည်ကြာတဲ့ အခါမျိုးမှာမှ ပြင်ပ စာရင်းစစ်တွေ၊ အဖွဲ့အစည်းအတွင်းက စာရင်းစစ်တွေက တစ်ခုချင်း တိုက်ဆိုင်စစ်ဆေးကြည့် လိုက်တော့မှသာ ဘယ်နေရာက ဘာတွေ ကွာဟနေတယ်ဆိုတာကို တိတိကျကျ သိနိုင်ကြတာ ဖြစ်ပါတယ်။ ကြားကာလတွေမှာတော့ တစ်ယောက်အပေါ် တစ်ယောက် ယုံကြည်စိတ်ချမှုနဲ့သာ အလုပ်လုပ်နေကြရတာ ဖြစ်ပါတယ်။

ကိုယ်လုပ်ရမယ့်အလုပ်ကို လုံး၀တာဝန်ယူပြီးဆောင်ရွက်ကြတယ်

လူအမျိုးမျိုး၊ စိတ်အထွေထွေဆိုတဲ့အတိုင်း တချို့ကျတော့ ကိုယ်လုပ်ရမယ့်အလုပ်ကို အမှားအယွင်း၊ အတိမ်းအစောင်း မရှိရအောင် လုံး၀တာဝန်ယူပြီး ဆောင်ရွက်ကြတယ်။ အဆင့်တိုင်း၊ အဆင့်တိုင်းမှာ အလွဲအချော်ဆိုတာ မရှိစေရဘူး။ ကိုယ်လုပ်သမျှ အလုပ်တွေအပေါ်မှာ လည်း အမြဲတစေ စိတ်ပါဝင်စားမှု အပြည့်ရှိနေတယ်။ တစ်ရေနိုးလောက်မှာ ထမေးရင် တောင်မှ ဘယ်တုန်းက အဖြစ်အပျက်ကဘယ်လို၊ ဘယ်ကိစ္စက ဘာကြောင့်ဖြစ်တာ၊ ဘယ်ကိန်းနဲ့ ဘယ်ဂဏန်းနဲ့ ပေါင်းလို့ ဘယ်ရလဒ်မျိုး ရလာတာဆိုတာမျိုးကို တန်းခနဲ ပြောနိုင်ကြပါတယ်။ သူအဆိုပြုလာတဲ့ စီမံကိန်းတစ်ခုဆိုရင် လုပ်သာ လုပ်လိုက်၊ အကျိုးရှိမှာ သေချာတယ်။ ဒီအဖွဲ့အစည်းက ကမ်းလှမ်းလာတဲ့ အဆိုပြုချက်တစ်ခုဆိုရင် လက်သာခံလိုက်၊ သေချာပေါက် အကျိုးမယုတ်စေရဘူး။ ဒီဝန်ထမ်းတင်ပြလာတဲ့ စာကြမ်းတစ်စောင်ဆိုရင် လက်မှတ်သာ ထိုးလိုက်၊ ဘယ်တော့မှ မလွဲစေရဘူးဆိုတာမျိုး။ ယုံကြည်ရတဲ့သူတွေ ကိုယ့်ပတ်ဝန်းကျင်မှာ ဝန်းရံနေတဲ့အခါ အလုပ်လုပ်ရတာလည်း အောင်မြင်နေသလို ကိုယ့်စိတ်ကလည်း အမြဲချမ်းသာ နေမှာဖြစ်ပါတယ်။ ကိုယ်စိတ်ချမ်းသာသလို သူတို့လည်း စိတ်ချမ်းသာ နေမှာ ဖြစ်ပါတယ်။

တချို့ကျတော့လည်း တာဝန်တစ်ခုကို မလွှဲသာမရှောင် သာလို့သာယူထားရတာ။ ဒါမှမဟုတ် ဒီတာဝန်ကြောင့် ရလာနိုင်မယ့် အခွင့်အရေးတွေကို မျှော်ကိုးလို့သာ ယူထားရတာ၊ စိတ်ကတော့ သိပ်မပါချင်ဘူး။ လခလေးကောင်းလို့သာ ဝင်လုပ်လိုက်တာ၊ ဒီအလုပ်အပေါ် သိပ်စိတ်မဝင် စားဘူးဆိုတာမျိုး။ ဒီလိုလူတွေကျတော့ ဘာပဲလုပ်လုပ် ပြီးစလွယ်သဘောမျိုး လုပ်ပစ်လိုက် တတ်ကြတယ်။ ဟိုစာရင်းတောင်းတာလား။ အေး။ ဒါဆို အဲ့ဒီနားက စာရွက်ယူသွားလိုက်။ ဟိုကိစ္စလား။ ဒါဆိုရင် ဘယ်ဖိုင်တွဲကို ထုတ်သွားလိုက်ဆိုတာမျိုးနဲ့သာ လုပ်နေတော့တာ။ ဘယ်အရာကိုမှ သိပ်ပြီးအလေးအနက်မထားဘူး။ တစ်ခါတလေ လေးလောက် မှားသွားတော့လည်း ဘယ်တတ်နိုင်ပါ့မလဲဆိုတဲ့ အကြောင်းပြချက်မျိုးနဲ့သာ အရာရာကို ခပ်ပေါ့ပေါ့ သဘော ပိုက်ထားလိုက်ကြတယ်။

တစ်စုံတစ်ခုလုပ်တဲ့အခါ အမှားအယွင်း အတိမ်းအစောင်းလေး ပါကောင်းပါနိုင်တာကိုတော့ သိနေတယ်။ ဒါပေမယ့်လည်း ကိုယ့်ထက်တာဝန်ရှိတဲ့သူတွေက စစ်ဆေးပြီးမှ ဆက်လက် ဆောင်ရွက်ကြမှာပဲလေဆိုတဲ့ သဘောမျိုးနဲ့ သေချာမစိစစ်တော့ ဘူး။ အလယ်ကလူကလည်း ဒီအတိုင်းပဲ၊ အောက်လူရော၊ အထက်လူရော ရှိနေကြတာပဲကွာ၊ ဒီဟာတွေ ကို သူတို့ဘာသာ စိစစ်ကြလိမ့်မပေါ့ဆိုတဲ့ သဘောမျိုးနဲ့ အောက်ကလာသမျှကို အပေါ်တင်၊ အပေါ်က ကျလာသမျှကို အောက်ချနဲ့၊ ဒီလို လုပ်ရင်းနဲ့သာ အချိန်ကုန်သွားတယ်။ သူကလည်း ဘယ်ကိစ္စအ ပေါ်မှာ လေးလေးနက်နက် မရှိဘူး။

ပေါ့လျော့တတ်သူတွေကြောင့် ဖြစ်ခဲ့တဲ့ထိခိုက်နစ်နာမှုတွေဟာ တစ်ခါတစ်ခါ ဘာမှမပြောပ လောက်ပေမယ့် တစ်ခါတစ်ခါမှာ တော့ အကြီးအကျယ်နစ်နာဆုံးရှုံးမှုတွေ၊ ဘယ်လိုမှ ပြန်အဖတ် ဆယ်လို့ မရနိုင်တော့မယ့် မှားယွင်းမှုတွေ ဖြစ်သွားတတ် ပါတယ်။

ယုံကြည်မှုဟာ ဘယ်လောက်အရေးပါသလဲ

ယုံကြည်မှုဟာ ဘယ်လောက်အထိ အရေးပါသလဲ။ ကုန်ပစ္စည်း အမျိုးအစားချင်းအတူတူ ဒီကုမ္ပဏီကထုတ်တဲ့ ထုတ်ကုန်ကို ကျတော့ ဈေးနည်းနည်းသာရပြီး ဟိုကုမ္ပဏီကထုတ်တဲ့ ပစ္စည်းကျတော့ ဘာကြောင့်ဈေးကြီးကြီး ပေးဝယ်နေကြသလဲ။ ဒါယုံကြည်မှုကြောင့်ပါပဲ။ ဒီအမှတ်တံဆိပ်လေး ကပ်ထားလိုက်တာနဲ့ကို သုံးစွဲသူရဲ့ ယုံကြည်စိတ်ချမှုက ရထားပြီးသား။ ဒီလို အခြေအနေမျိုး ရောက်လာဖို့အတွက် ကုမ္ပဏီတွေမှာလည်း အချိန်တွေ အများကြီးယူပြီး ကြိုးစားခဲ့ကြရတာပါ။

တချို့ကုမ္ပဏီတွေဆိုရင် ကိုယ့်ထုတ်ကုန်မှာ အပြစ်အနာအဆာလေး နည်းနည်းလောက် ပါလိုက်တာနဲ့ ဈေးကွက်ထဲ အရောက်မခံဘူးတဲ့။ တစ်ခါတည်း ဖျက်ဆီးပစ်လိုက်သတဲ့။ အနာလေးပါတာကို အောက်ဈေးလေးနဲ့ ရောင်းထုတ်လိုက်ပါ လားလို့ ဘေးလူကပြောတော့ ဒီကုမ္ပဏီက ထုတ်တဲ့ပစ္စည်းမှာ အပြစ်အနာအဆာလေးတွေ ပါတတ်တယ်ဆိုတာကို အပြော မခံနိုင်ဘူးတဲ့။ ကိုယ်ထုတ်တဲ့ ပစ္စည်းအပေါ်မှာ ဒီလိုတန်ဖိုးထားတော့ ဝယ်ယူသုံးစွဲသူတွေဆီက ယုံကြည်မှုကိုလည်း ပြည့်ပြည့်၀၀ ရသွားပါတယ်။ တချို့ကျတော့ သက်ဆိုင်ရာ ကုမ္ပဏီအလိုက် ယုံကြည်မှု ကွာခြားတတ်သလို တစ်ခါတစ်ခါ ကျတော့လည်း ထုတ်လုပ်တဲ့နိုင်ငံအအပေါ် မူတည်ပြီးတော့ အထင်ကြီး လေးစားမှုတွေ၊ စိတ်ချယုံကြည်မှုတွေ ကွာသွား တတ်ပါတယ်။ ဘယ်နိုင်ငံကထုတ်တဲ့ ကုန်ပစ္စည်းဆိုရင်တော့ အရည်အသွေးပိုင်းမှာ စိတ်ချရတယ်ဆိုတဲ့ ယုံကြည်မှုဟာ အလိုလိုနေရင်းရလာတတ်တာမျိုးတော့ မဟုတ်ဘူး။ ဒီနိုင်ငံမှာ ထုတ်သမျှပစ္စည်း တိုင်းဟာ ဘယ်လိုစံချိန်စံòန်းတွေနဲ့ ပြည့်စုံနေရမယ်ဆိုပြီး တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းကြပ်မတ်နိုင်ခဲ့ကြလို့၊ ကိုယ့်နိုင်ငံက ထွက်တဲ့ကုန်ပစ္စည်းကို ကိုယ့်နိုင်ငံသား အားလုံးက တန်ဖိုးထားခဲ့ကြလို့သာ စိတ်ချယုံကြည်မှုကို ရကြတာ ဖြစ်ပါတယ်။

လူတစ်ဦးချင်းစီအပေါ်မှာလည်း ဒီအတိုင်းပါပဲ။ ဘယ်သူ့ဆိုရင်တော့ ငွေသွားမချေးလိုက်လေနဲ့၊ ဘယ်တော့မှ ပြန်ဆပ်တော့မှာ မဟုတ်ဘူးဆိုတာမျိုး။ ဘယ်သူတော့ ဘယ်အလုပ် သွားမခိုင်း လိုက်မိစေနဲ့၊ ဘယ်အလုပ်ကိုမှ ကောင်းကောင်း ကန်းကန်း လုပ်တတ်တာ မဟုတ်ဘူးဆိုတာမျိုး။ ဘယ်သူ့ဆိုရင်တော့ စိတ်ချလက်ချသာအပ်လိုက်၊ အရည်အသွေးမကောင်းမှာ ပူစရာ မလိုဘူး ဆိုတာမျိုး။ ယုံကြည်ရတယ်ပဲပြောပြော၊ မယုံကြည်ရဘူးပဲဆိုဆို အားလုံးဟာကိုယ့်ကြောင့် ဖြစ်လာတာ ပဲဆိုတာကို တော့ လက်ခံထားနိုင်ရမှာပါ။

ယုံကြည်မှုဆိုတာမျိုးက ရာခိုင်နှုန်းနဲ့တွက်လို့ မရစကောင်းတဲ့ အရာမျိုးပါ။ အလုပ်ဆယ်ခု လုပ်ရင် ရှစ်ခုကိုးခု လောက် ကတော့ အဆင်ပြေနေတာပဲလို့ တွက်ပြီးကျေနပ်နေလို့မရပါဘူး။ ဆယ်ခုလုပ်ရင် ဆယ်ခုလုံးဟာ သူ့စံချိန်နဲ့ သူမီနေမှရမှာပါ။ ဒီလိုဖြစ်နိုင်ဖို့အတွက်လည်း ကိုယ့်ကိုယ်ကိုယ် တည့်မတ်မှုတွေနဲ့ အမြဲမပြတ် ကြိုးစားနေကြရမှာပါ။ တစ်ခါတည်းပါဆိုပြီး ဖြေရှင်းချက်ပေးလို့မရတဲ့ အရာမျိုးတွေ အများကြီးရှိပါတယ်။

ယုံကြည်မှုနဲ့ ထိုက်တန်သူဖြစ်ဖို့

ကိုယ့်ကိုယ်ကိုယ် မကြာခဏ ပြန်လည်သုံးသပ်ဖို့ လိုပါတယ်။ ကိုယ်ဟာယုံကြည်မှုနဲ့ ထိုက်တန် ရဲ့လားဆိုတဲ့ မေးခွန်းကို မကြာမကြာ ပြန်မေးပြီး အားမနာတမ်း စိစစ်သုံးသပ်သင့်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ထူးချွန်ထက်မြက်သူ တစ်ယောက် ဖြစ်အောင် ကြိုးစားတည်ဆောက် နေသင့် သလိုပဲ ယုံကြည်မှုနဲ့ ထိုက်တန်သူတစ်ယောက် ဖြစ်လာဖို့လည်း အမြဲကြိုးစား နေရမှာ ဖြစ်ပါတယ်။ ဒါမှသာ ပတ်ဝန်းကျင်အသိုင်းအဝိုင်း အလယ်မှာ ကိုယ့်တန်ဖိုးက တရိပ်ရိပ် တက်နေမှာ ဖြစ်ပါတယ်။

ယုံကြည်မှုနဲ့ ထိုက်တန်သူအဖြစ်ကို လူတိုင်းအလိုရှိကြတယ်။ ကိုယ့်ကိုယုံကြည်ဖို့၊ ကိုယ့်ကုမ္ပဏီကို ယုံကြည်ဖို့၊ ကိုယ့်အဖွဲ့ အစည်းကို ယုံကြည်ဖို့အတွက် တစ်နည်းတစ်ဖုံ ကြော်ငြာတတ်ကြတယ်။ ကြော်ငြာကောင်းလို့ ရောင်းအားတက်နိုင်တာ မှန်ပေမယ့် ရေရှည်ရပ်တည်ဖို့ အတွက်ကျတော့ အချိန်ကစကားပြောသွားမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့လုပ်ရပ်တွေက စကားပြော သွားမှာဖြစ်ပါတယ်။

လူတိုင်းလူတိုင်းဟာ ကိုယ့်တန်ဖိုး ကိုယ်မြှင့်တင်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ တန်ဖိုးမြင့်တဲ့ သူတစ်ယောက် ဖြစ်နိုင်ဖို့ ကြိုးစားရမယ့် အချက်ပေါင်းများစွာရှိတဲ့ အချက်တွေထဲမှာမှ ယုံကြည်မှုနဲ့ ထိုက်တန်သူဆိုတဲ့ တန်ဖိုးက ထိပ်တန်းက ပါဝင်နေပါတယ်။ ကျန်တဲ့အရည် အချင်းတွေ ဘယ်လောက်ပဲ ရှိနေ ရှိနေ ဒီလူက သိပ်ယုံရတဲ့သူ မဟုတ်ဘူးဆိုတဲ့ စကားမျိုး အပြောခံရတာနဲ့ ကိုယ့်သိက္ခာတွေ မြောင်းထဲရောက် သွားပါတယ်။ ယုံကြည်မှုနဲ့ ထိုက်တန်ဖို့က ဘ၀တစ်လျှောက်လုံး ကြိုးပမ်းနေကြရမှာ ဖြစ်ပါတယ်။ ခဏတစ်ပန်းကြိုးစားရုံနဲ့ ဖြစ်နိုင်တဲ့ အရာမျိုး မဟုတ်ပါဘူး။ ယုံကြည်မှုနဲ့ ထိုက်တန်သူတွေ ဖြစ်နိုင်ကြပါစေ။ ။

သိုက်စိုးထွန်း (နတ်ရွာ)

No comments:

Post a Comment