Thursday, August 8, 2019

ရန်ကုန် - ဒလတံတား ရန်ကုန်ဘက်ခြမ်း စီမံကိန်းပထမအဆင့် ဆောင်ရွက်မည်ဖြစ်၍ မြို့တွင်းပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းအချို့ လမ်းကြောင်းပြောင်းလဲပြေးဆွဲမည်




ရန်ကုန် ဩဂုတ် ၇

ရန်ကုန်မြို့တော်ကြီးနှင့် တစ်ဖက်ကမ်း ဒလမြို့တို့ ကူးလူးဆက်သွယ် သွားလာမှု အဆင်ပြေရန် အကောင်အထည်ဖော် တည်ဆောက်မည့် ရန်ကုန် - ဒလ တံတားစီမံကိန်းတွင် ယခုလာမည့် ဩဂုတ် ၁၀ ရက် ညပိုင်း၌ ရန်ကုန်ဘက်ခြမ်း စီမံကိန်း ပထမအဆင့် လုပ်ငန်းများကို စတင်ဆောင်ရွက်တော့မည်ဖြစ်ရာ YRTA ဦးဆောင်မှုဖြင့် ရန်ကုန်မြို့ တွင်း ပြေးဆွဲပေးလျက် ရှိသော YBS ယာဉ်လိုင်းအချို့ကို ဩဂုတ် ၁၁ ရက် နံနက်ပိုင်းမှစ၍ လုပ်ငန်းစတင်မည့် ဘုန်းကြီးလမ်းမှ လမ်းကြောင်း ပြောင်းလဲ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ယနေ့ နံနက် ၁၀ နာရီတွင် YRTA ရုံးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသော မီဒီယာရှင်းလင်းပွဲမှ သိရသည်။


“ ရန်ကုန် - ဒလ တံတားစီမံကိန်းရဲ့ ရန်ကုန်ဘက်ခြမ်း ဘုန်းကြီးလမ်းမှာ ပထမအဆင့် တည်ဆောက်ခြင်း လုပ်ငန်းတွေကို ဩဂုတ် ၁၀ ရက်မှာ စတင်ဆောင်ရွက်တော့မယ်လို့ သိရတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါ ကျွန်တော်တို့ YRTA အောက်မှာ ရှိတဲ့ YBS ယာဉ်လိုင်းတွေကို လမ်းကြောင်းပြောင်း ပြေးဆွဲမယ့်အခြေအနေနဲ့ ပတ်သက်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို လည်း တင်ပြထားပါတယ်။ တံတားတည်ဆောက်ရေးအပိုင်းက ရန်ကုန်ဘက်ခြမ်းမှာပါဝင်နေတဲ့ ဘုန်းကြီးလမ်းရဲ့ အနော်ရထာလမ်းနဲ့ မဟာဗန္ဓုလလမ်းကြား အစိတ်အပိုင်းကို ဆောင်ရွက်မှာဆိုတော့ ဆက်စပ်နေတဲ့ YBS ယာဉ်အားလုံးကို ဩဂုတ် ၁၁ ရက်ကနေ စတင်ပြီး ပြေးဆွဲပေးဖို့ စတင်မှာဖြစ်ပါတယ်။ စတင်ဆောင်ရွက်မယ့် လမ်းကြောင်း တွေကိုလည်း သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရုပ်မြင်သံကြားတွေမှာလည်း အသိပေးကြေညာသွားမှာဖြစ်ပါတယ်” ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

ပထမအဆင့်ခြောက်လကြာမည်

ယခုအကောင်အထည်ဖော် တည်ဆောက်မည့် ရန်ကုန် - ဒလ တံတားစီမံကိန်းတွင် ဒလဘက်ခြမ်း ဆောက်လုပ်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်မှုကို ပြီးခဲ့သော ဇူလိုင်လအတွင်းက စတင်ဆောင်ရွက်ခဲ့ပြီး ယခု ရန်ကုန်ဘက်ကမ်း ပထမအဆင့်လုပ်ငန်းများကို စတင်ဆောင်ရွက်ရာ၌ ခြောက်လကြာမည်ဖြစ်ကြောင်းသိရသည်။ ယင်းတံတားဆောက်လုပ်မှု လုပ်ငန်းများ အနှောင့်အယှက် ကင်းစေရန်အတွက် YRTA အနေဖြင့် အဆိုပါ လမ်းကြောင်းပေါ်၌ ပြေးဆွဲလျက်ရှိသော ခရီးသည်တင် YBS ယာဉ်များ အဆင်ပြေပြေပြေးဆွဲ ပေးနိုင်ရေး အသေးစိတ် လမ်းကြောင်းများ ရေးဆွဲကာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားကြောင်းလည်း တွဲဖက်အတွင်းရေးမှူးက ပြောကြားသည်။

ဘုန်းကြီးလမ်းမှပြောင်းလဲပြေးဆွဲမည်

ရန်ကုန် - ဒလ တံတားစတင်တည်ဆောက်မှုတွင် ပြောင်းလဲပြေးဆွဲ ပေးမည့် ယာဉ်လိုင်းများမှာ Ommi Focus က တာဝန်ယူ ပြေးဆွဲနေသော Airport Shuttle Bus ခရီးစဉ်လမ်းကြောင်း၊ အနောက်ပိုင်း တက္ကသိုလ် - ကမ်းနားလမ်း - မော်တင်ခရီးစဉ် အား ပြေးဆွဲပေးလျက် ရှိသော YBS ၂၁ ယာဉ်များ ခရီးစဉ်လမ်းကြောင်းနှစ်ခု၊ YBS ၃၅ ခရီးစဉ်လမ်းကြောင်း၊ YBS ၃၇ ခရီးစဉ် လမ်းကြောင်း၊ YBS ၃၉ ခရီးစဉ် လမ်းကြောင်းနှစ်ခုနှင့် YBS ၇၈ ခရီးစဉ်လမ်းကြောင်းတို့ကို အဆိုပါ ဘုန်းကြီးလမ်းကြောင်းမှ ပြောင်းလဲပြေးဆွဲပေးသွားမည် ဖြစ်သည်။

တင်ပြထားတဲ့ ပထမအဆင့် ယာဉ်လိုင်းတွေကို ပြောင်းလဲပြေးဆွဲတဲ့အခါမှာ ပြည်သူလူထုအနေနဲ့ အခက်အခဲအနည်းဆုံး ဖြစ်အောင် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ ပြောင်းလဲပြေးဆွဲမယ့် လမ်းကြောင်းတွေကို ချက်ချင်းအများကြီး ပြောင်းရင်လည်း ပြည်သူတွေ အခက်အခဲ အများကြီးတွေ့နိုင်ပါတယ်။ ဒီတံတားစီမံကိန်းဟာ တည်ဆောက်မယ့် ကာလမှာပဲ မဟုတ်ပါဘူး။ ဘုန်းကြီးလမ်းဟာ အနာဂတ်မှာတော့ တံတားဆင်းမယ့်လမ်းကြောင်းဖြစ်လို့ ခရီးသည်တင် ယာဉ်ကြီးတွေအတွက် အသုံးချဖို့ အဆင်ပြေမှာ မဟုတ်တော့ဘူး။ ဒါကြောင့် ဒုတိယအဆင့်မှာတော့ ပထမအဆင့် တည်ဆောက်ရေးကာလတွေ လုပ်နေတဲ့ အချိန်မှာ လမ်းကြောင်းတွေကို ပြောင်းလဲပြေးဆွဲခြင်းဖြင့် ပြည်သူလူထုသွားလာမှုအခက်အခဲ အနည်းဆုံးဖြစ်အောင် ကျွန်တော်တို့ အနေနဲ့ အသေးစိတ်လေ့လာ ဆောင်ရွက်မှာပါ။

ပြည်သူတွေရဲ့ သွားလာမှုတွေကို ဆန်းစစ်ပြီးတော့ လမ်းကြောင်း ပြောင်းလဲ ပြေးဆွဲမှုကို ဒုတိယအဆင့် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မှတ်တိုင်တွေမှာ လှည့်ကင်းတေွနဲ့ သွားရောက်အသိပေးခြင်း၊ ယာဉ်လိုင်းတွေကနေ မှတ်တိုင်တွေမှာ အချိန်ပိုင်းနဲ့ သွားရောက် သတိပေးခြင်း၊ ယာဉ်တွေပြေးဆွဲရာမှာ မှန်ကန်မှု ရှိ၊ မရှိ ကြပ်မတ်ခြင်း ဆိုတဲ့ အပိုင်းသုံးပိုင်းကို စတင်ပြောင်းလဲ ပြေးဆွဲကာလမှာ ပြည်သူလူထုအတွက် အထောက်အပံ့ပြုနိုင်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ် ဟု မီဒီယာရှင်းလင်းပွဲတွင် YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က မီဒီယာများအား ရှင်းပြသည်။

သတင်း- မောင်စိန်လွင်(မြန်မာ့အလင်း)

No comments:

Post a Comment