နေပြည်တော် ဩဂုတ် ၁၁
မြန်မာနိုင်ငံ၌ နှစ်စဉ်ကြုံတွေ့ရတတ်သည့် သဘာ၀ ဘေးအန္တရာယ်များ ဖြစ်ပေါ်ပါက ထိခိုက်နစ်နာသော ပြည်သူများအား ထောက်ပံ့နိုင်ရန် ဂျပန်နိုင်ငံမှ လှူဒါန်း ထောက်ပံ့သည့်ဆန်များ နေပြည်တော်သို့ ဩဂုတ် ၉ ရက်က ရောက်ရှိလာကြောင်း သိရသည်။
မြန်မာနိုင်ငံသည် အာဆီယံ+၃ အရေးပေါ် အရန် ဆန်ရိက္ခာအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ အာဆီယံ ၁၀ နိုင်ငံနှင့် ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံများဖြင့် ဖွဲ့စည်း ထူထောင်ထားသော အာဆီယံ+၃ အရေးပေါ် အရန် ဆန်ရိက္ခာအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ၌ နှစ်စဉ်ကြုံတွေ့ရသည့် သဘာ၀ဘေးအန္တရာယ် များ ဖြစ်ပေါ်ပါက ထိခိုက်နစ်နာသော ပြည်သူများအား ထောက်ပံ့နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက APTERR အတွင်းရေးမှူးချုပ်ရုံးနှင့် ဆက်သွယ်၍ Tier-3 အစီ အစဉ်အရ ဂျပန်နှင့် ကိုရီးယား သမ္မတနိုင်ငံတို့မှ လှူဒါန်း ထောက်ပံ့သည့် ဆန်များကို ဆက်သွယ်လျှောက်ထားခဲ့ရာ ယခုနှစ်တွင် ဂျပန်နိုင်ငံမှ ဆန်တန်ချိန် ၃၀၀ နှင့် ကိုရီးယားသမ္မတနိုင်ငံမှ ဆန်တန်ချိန် ၅၀၀ တို့ကို အရန်ဆန်အဖြစ် သိုလှောင်ထားရန် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုရီးယားသမ္မတနိုင်ငံမှ ရရှိသော ဆန်တန်ချိန် ၅၀၀ ကို ရန်ကုန် တောင်ပိုင်းခရိုင် သန်လျင်မြို့ရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် ဂိုဒေါင်တွင် စနစ်တကျ သိုလှောင်ထားရှိပြီး ဂျပန်နိုင်ငံမှ လှူဒါန်းသော ဆန်တန်ချိန် ၃၀၀ မှာ ဩဂုတ် ၃ ရက်က ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့၍ အဆိုပါ ဆန်များကို ထုတ်ယူကာ နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေး ဦးစီးဌာနပိုင် ဆန်သိုလှောင်ရုံသို့ သယ်ယူခဲ့ရာ ဩဂုတ် ၉ ရက်တွင် နေပြည်တော်သို့ ရောက်ရှိလာခြင်းဖြစ်သည်။
သယ်ဆောင်လာသော ကွန်တိန်နာများမှ ဆန်အိတ်များ ထုတ်ယူ၍ ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနပိုင် ဆန်သိုလှောင်ရုံ၌ သိုလှောင်နေမှုကို စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုနှင့် ညွှန်ကြားရေးမှူး ဦးကိုကိုကြီးတို့က ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
မေမိုးသဲ`

No comments:
Post a Comment