Wednesday, August 7, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး တက်ရောက်

နေပြည်တော် ဩဂုတ် ၇
ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ၂၃ ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက လယ်ယာမြေတွင် တောင်သူလယ်သမားများအတွက် အကျိုးရှိမည့် ရာသီသီးနှံများကို လွတ်လပ်စွာ စိုက်ပျိုးနိုင်ရေး စိစစ်ဆောင်ရွက်ကြရမည် ဖြစ်သော်လည်း လယ်ယာမြေများကို ခိုင်လုံသော အကြောင်းပြ ချက်မရှိဘဲ လှပ်မြေအဖြစ်ထားရှိခြင်း၊ ကြိုတင်ခွင့်ပြုချက် မရရှိမီ အခြားနည်း အသုံးပြုခြင်းများ အပေါ် ဥပဒေနှင့်အညီ ထိန်းကျောင်း ကြပ်မတ်ကြရန် လိုအပ်ကြောင်း၊ လယ်ယာမြေ လွှဲပြောင်းခြင်းဆိုင်ရာ နှောင့်နှေးကြန့်ကြာနေမှုများကြောင့် စိုက်ပျိုးရာသီချိန် ထိခိုက်မှုမရှိရေး အထူးဂရုပြုဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
ထို့အပြင် မြေနုကျွန်းများ ခွဲဝေလုပ်ကိုင်ရာ၌ တာဝန်ခံဆောင်ရွက် ပေးရသည့် အဖွဲ့အစည်းများအနေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေပါ စည်းမျဉ်းစည်းကမ်းများအတိုင်း တိကျစွာဆောင်ရွက် ပေးရမည့်အပြင် သက်ဆိုင်သည့် ဒေသခံတောင်သူ လယ်သမားများအနေဖြင့် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာကြရန် လိုအပ် ပါကြောင်း၊ လယ်ယာမြေ အခြားနည်းသုံးစွဲခွင့် ရရှိပြီးသူများအနေဖြင့် ဥပဒေပါ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ သို့မှသာ နိုင်ငံတော်၏ စီးပွားရေး ကဏ္ဍဆိုင်ရာလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်မြင့်မား လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးသက်နိုင်ဦးက လယ်ယာမြေ အခြား နည်းခွင့်ပြုမိန့်အတွက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် နစ်နာကြေး၊ လျော်ကြေး ပေးချေရန် ကိစ္စများ အပါအဝင် အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ် ရမည့် လုပ်ငန်းစဉ်များကို ဖတ်ကြားတင်ပြရာ တက်ရောက် လာကြသူများက ဝိုင်းဝန်းဆွေးနွေး ဆုံးဖြတ်ကြသည်။
ယနေ့ အစည်းအဝေးတွင် နိုင်ငံတော်စီမံကိန်းလုပ်ငန်းများ၌ ပါဝင်ခဲ့သည့် လယ်မြေယာမြေများအတွက် နစ်နာကြေးနှင့် သီးနှံလျော်ကြေး ပေးအပ်နိုင်ရေးကိစ္စရပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များက အချက်အလက် ပြည့်စုံစွာဖြင့် စိစစ်ထောက်ခံ ပေးပို့လာသည့် လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် လုပ်ငန်းများကို ဆွေးနွေးဆုံးဖြတ်ကြကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment