Thursday, August 8, 2019

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ ကျင်းပ



နေပြည်တော် ဩဂုတ် ၈
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသား လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၉)မှ ဦးကင်းရှိန်၏ တနင်္သာရီ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် (၇) မြို့နယ်ရှိ အိမ်မွေး ဇီဝဇိုးငှက်များ မွေးမြူသူ များကို နိုင်ငံတော် အစိုးရမှ မည်သည့်လတွင် စာချုပ်ချုပ်ဆိုပြီး မည်သည့် နှစ်တွင် အခွန်ငွေ စတင်ကောက်ယူမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးစောမိုးမြင့်(ခ) ဆင်မြူရယ် ၏ မကြာခဏပေါက်ကွဲမှု ဖြစ်ပေါ်လျက်ရှိပြီး လူအသေအပျောက် ရှိသော မြေအောက်သတ္တုတွင်း လုပ်ကွက်များ နှင့် စပ်လျဉ်း၍ သိရှိလိုသည့် မေးခွန်းတို့နှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က တနင်္သာရီ တိုင်းဒေသကြီး အတွင်းရှိ ဒေသခံ ပြည်သူများသည် ဝင်ငွေရရှိရန်နှင့် နိုင်ငံတော်အတွက် အခွန်ငွေများရရှိရန် ရည်ရွယ်၍ အိမ်မွေးငှက်သိုက်ထုတ်လုပ်ခြင်း လုပ်ငန်းကို စာချုပ်ချုပ်ဆို၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြု ဆောင်ရွက်လျက် ရှိပါကြောင်း၊ အိမ်မွေးငှက်သိုက် လုပ်ငန်းရှင်နှင့် တနသာရီတိုင်း ဒေသကြီး သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးတို့ စာချုပ်ချုပ်ဆို၍ အိမ်မွေးငှက်သိုက် လုပ်ငန်းကို ဆောင်ရွက်ခွင့် ပြုပါကြောင်း၊ နှစ်ဦးသဘာတူစာချုပ် ချုပ်ဆိုပြီးသည့် ငှက်သိုက် အိမ်များတွင် ငှက်သိုက်စွဲကပ် ထွက်ရှိသည့်ငှက်သိုက်အိမ်၊ ငှက်သိုက် အနည်းအကျဉ်းသာ စွဲကပ်သည့် ငှက်သိုက်အိမ်နှင့် ဇီဝဇိုးငှက်များ လာရောက် သော်လည်း ငှက်သိုက်စွဲကပ်မှု မရှိသေးသည့် ငှက်သိုက်အိမ်တို့ အသီးသီးရှိရာ စာချုပ်ချုပ်ဆိုပြီးပါက ငှက်သိုက်ထွက်ရှိ မှုအပေါ် ဒေသပေါက်ဈေး၏ ၁၀ ရာခိုင်နှုန်းနှင့် အခွန်တော်ငွေ စတင် ကောက်ခံပါကြောင်း၊ ၂၅ ရာခိုင်နှုန်း အခွန်တော်ငွေကောက်ခံမှု မရှိပါကြောင်း၊ ငှက်သိုက်စွဲကပ်မှု မရှိသေးသော ငှက်သိုက်အိမ်များကို စာချုပ် ချုပ်ဆို ပြီးသော်လည်း အခွန်ကောက်ခံခြင်း မပြုသေးဘဲ အမှန်ငှက်သိုက်ထွက်ရှိလာသည့် အချိန်မှသာ အခွန်ငွေစတင် ကောက်ခံပါကြောင်း၊ ရရှိသည့် အခွန်ငွေများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရငွေစာရင်းသို့ စာရင်းပေးသွင်းလျက် ရှိပါကြောင်း။
မကြာခဏ ပေါက်ကွဲမှုဖြစ်ပေါ်လျက်ရှိပြီး လူအသေအပျောက်ရှိသော မြေအောက် သတ္တုတွင်း လုပ်ကွက်များနှင့် စပ်လျဉ်း၍ ၁၉၉၄ ခုနှစ်တွင် မြန်မာ့သတ္တုတွင်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် မြန်မာ့သတ္တုတွင်းနည်းဥပဒေများကို ထုတ်ပြန်ခဲ့ကာ ပုဂ္ဂလိကသို့ ဓာတ်သတ္တုလုပ်ငန်းများကို လုပ်ကိုင် ခွင့်ပြုခဲ့ပါကြောင်း၊ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းအနေဖြင့် သံလျင် ခဲမဖြူသန့်စင်စက်ရုံ တစ်ခုသာ ကျန်ရှိပါ ကြောင်း၊ ၂၀၁၀ ခုနှစ်တွင် နိုင်ငံပိုင်သတ္တုတွင်းများကို ပုဂ္ဂလိကကုမ္ပဏီများသို့ လွှဲပြောင်း ဆောင်ရွက်ခွင့်ပေးခဲ့ရာ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် ကျွမ်းကျင်ပညာရှင် ဝန်ထမ်းများကိုပါ တစ်ပါတည်း လွှဲပြောင်းပေးခဲ့ပါကြောင်း၊ ပုဂ္ဂလိကသတ္တုတူးဖော်ခြင်း လုပ်ငန်းများ စတင်ခွင့်ပြုချိန်တွင် လုပ်ငန်းခွင် မတော်တဆ ထိခိုက်မှုများ နည်းပါးခဲ့သော်လည်း နောက်ပိုင်းတွင် ပုဂ္ဂလိက လုပ်ငန်းများ၌ ကျွမ်းကျင်ပညာရှင်များ ခန့်ထားမှုနည်းပါးခြင်း၊ တူးဖော်မှုလုပ်ငန်းများ မြေအောက်အနက်ပိုင်းအထိ တိုးချဲ့ ထုတ်လုပ်လာရခြင်းတို့ကြောင့် လုပ်ငန်းခွင် မတော်တဆ ဖြစ်ပွားမှုနှုန်း ပိုမိုများပြားလာခဲ့သည်ကို တွေ့ရှိရပါကြောင်း။
မတော်တဆ ထိခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားလာပါက ဖြစ်စဉ်အပေါ် မူတည်၍ သက်ဆိုင် သည့် အင်ဂျင်နီယာ၊ ပညာရှင်များကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်း၍ စစ်ဆေးခြင်း နှင့် သုံးသပ်အကြံပြုခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ သတ္တုတူးဖော်မှု လုပ်ငန်းများတွင် မတော်တဆမှုဖြစ်စဉ်များ ဖြစ်ပွားပါက ဖြစ်စဉ်ဖြစ်ပွားသည့် အချိန်မှ စ၍ လုပ်ကွက် ကိုရပ်နားစေပြီး ဖြစ်စဉ် အခြေအနေပေါ်မူ တည်၍ မြန်မာ့သတ္တုတွင်း ဥပဒေ အခန်း (၉)၊ စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူခြင်းပုဒ်မ ၂၈ နှင့်အညီ ဆောင်ရွက် လျက်ရှိပါကြောင်း၊ မြေပေါ်မြေအောက် သတ္တုလုပ်ကွက်များတွင် မြေပြိုကျမှုနှင့် အခြား လုပ်ငန်းခွင်ဘေး အန္တရာယ်များ ဖြစ်ပွားမှုမရှိစေရေး ကြပ်မတ် ဆောင်ရွက်နိုင်ရန် ကြိုတင်သတိပေး ညွှန်ကြားချက်များကို နှစ်စဉ်မိုးရာသီမတိုင်မီ ကြိုတင်ဖြန့်ဝေ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြေအောက် ကျောက်မီးသွေးတွင်းများ သည် လုပ်ငန်းခွင်ဘေးအန္တရာယ် များပြားသည့် အတွက် (Standard Operating Procedures – SOP) နှင့် အညီဆောင်ရွက်နိုင်ရေးကို ကုမ္ပဏီများသို့ ညွှန်ကြားချက် ထုတ်ပြန်၍ ကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
ဆက်လက်၍ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးရှန်အောရ်၏ ချင်းပြည်နယ် ကျေးရွာများရှိ အထက်တန်းကျောင်းများ၌ လိုအပ်နေသော ဆရာ/ဆရာမများ လုံလောက်စွာ ခန့်အပ်ပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုခြင်းမေးခွန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁)မှ ဦးဝှေ့တင်း၏ ချင်းပြည်နယ် ပလက်၀မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဝန်ထမ်းလိုအပ်ချက် ဖြည့်တင်းပေးနိုင်ရေးနှင့် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင် သော ကျောင်းသားကျောင်းသူများအား ပညာရေးကောလိပ် ဝင်ခွင့်ရမှတ်ကို ဖြေလျှော့ပေးပြီး တက်ရောက်သင်ကြားခွင့် ရရှိရေး (အထူးဒေသ) အဖြစ် စဉ်းစားပေး၍ စီမံဆောင်ရွက် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၇)မှ ဦး ကျော်တုတ်၏ တက္ကသိုလ်ဝင်ခွင့်ကို အခြေခံပညာ အထက်တန်းစာမေးပွဲ ရမှတ်ဖြင့်သာ ဆုံးဖြတ်ခြင်း မျိုး မဟုတ်ဘဲ တက်ရောက်လိုသည့် တက္ကသိုလ်၏ သတ်မှတ်ချက်များနှင့် အညီ တက္ကသိုလ်ဝင်ခွင့်စနစ် မည်သည့် အချိန်တွင် စတင်နိုင်မည်ကို သိရှိလိုခြင်း မေးခွန်း များနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင် ကြောင်း ကြေညာသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၈) မှ ဦးကျော်ထွေး ၏ နိုင်ငံခြား တက္ကသိုလ် သို့မဟုတ် ပညာရေး အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ဖြစ်စေ၊ မိမိ ကိုယ်ပိုင် သင်ရိုးညွှန်းတမ်းများဖြင့်ဖြစ်စေ ဖွင့်လှစ်သင်ကြားပို့ချနေသော ပုဂ္ဂလိက ပညာရေးသင်တန်းကျောင်းများ၏ အရည်အသွေး၊ အဆင့်အတန်းကို စစ်ဆေး အကဲဖြတ် ခြင်းနှင့် ယင်းသင်တန်းကျောင်းများမှ မွေးထုတ်ပေးသော လက်မှတ်များကို စိစစ်၍ သတင်းထုတ်ပြန်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ စစ်ကိုင်း တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁) မှ ဦးကျော်သောင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇) မှ ဒေါ်သန်းသန်းအေး၊ ကရင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၇) မှ ဒေါ်နော်ခရစ္စထွန်း(ခ) ဒေါက်တာအားကာမိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၁) မှ ဦးအေးဗိုလ်နှင့် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ ဦးသန်းစိုး(ခ) သန်းစိုး (ဘောဂဗေဒ) တို့က ဆွေးနွေးကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁) မှ ဦးကျော်သောင်း က ပုဂ္ဂလိက ပညာရေးဥပဒေ ပေါ်ပေါက်ရန် အမြန်ဆုံးကြိုးပမ်းရန် လိုအပ်ပါကြောင်း၊ အမျိုးသား ပညာရေး အဆင့်အတန်းနှင့် အရည်အသွေး အာမခံမှုအကဲဖြတ်ရေး ကော်မတီကို ယခုထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်သည့် အဖွဲ့အစည်း တစ်ခုဖြစ်ရေး ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ တစ်နည်းအားဖြင့် အခွင့်အာဏာနှင့် လုပ်ပိုင်ခွင့် ပေးရန် လိုအပ်ပါကြောင်း၊ သို့မှသာ အဆိုရှင်၏ နိုင်ငံခြားတက္ကသိုလ် (သို့မဟုတ်) မိမိကိုယ်ပိုင်သင်ရိုး ညွှန်းတမ်းများဖြင့် ဖွင့်လှစ်သင်ကြားပို့ချနေသည့် ပုဂ္ဂလိကကျောင်းများ အရည်အသွေး အဆင့်အတန်းစစ်ဆေး အကဲဖြတ်ခြင်းနှင့် ယင်းတို့မှ ထုတ်ပေးသည့် ဘွဲ့လက်မှတ်များနှင့် အောင်လက်မှတ်များကို စိစစ်နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇) မှ ဒေါ်သန်းသန်းအေး က မြန်မာနိုင်ငံ တွင် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်နိုင်ခဲ့သကဲ့သို့ အခြေခံပညာရေးဥပဒေ မူကြမ်း ပြင်ဆင်ရေးကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ အမျိုးသားပညာရေး ကော်မရှင်ကို ဖွဲ့စည်းနိုင်ခဲ့ပြီး အမျိုးပညာရေးမဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၀၂၁ ကို ပန်းတိုင်အဖြစ် မဟာဗျူဟာ အပြောင်းအလဲ ၉ ရပ်ချမှတ်နိုင်ခဲ့ပါကြောင်း၊ အရည်အသွေး စစ်မှန်မှုမသေချာဘဲ မြန်မာ့ပညာရေးလောကသို့ နိုင်ငံခြားတက္ကသိုလ် အဖွဲ့အစည်း အမည်များ အသုံးပြု၍ ဝင်ရောက်နေရာယူ ဖွင့်လှစ်လျက်ရှိပါကြောင်း၊ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေး အာမခံမှု အကဲဖြတ်ရေး ကော်မတီဖွဲ့စည်းပြီး ဖြစ်သော်လည်း ရှောင်တခင်စစ်ဆေးခြင်း လုပ်ငန်းများ ကျယ်ပြန့် စွာ ဆောင်ရွက်မှု မရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း ဆွေးနွေးသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က ဒုတိယအကြိမ် အမျိုးသား လွှတ်တော်(၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၄ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
(သတင်းစဉ်)

No comments:

Post a Comment