နေပြည်တော် ဩဂုတ် ၈
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်
တရားလွှတ်တော်များ၏ (၁၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို
ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်
အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုတရား သူကြီးချုပ် ဦးထွန်းထွန်းဦး
တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် များကို ဆောင်ရွက်ရာတွင် တရားရုံး အဆင့်ဆင့်အနေနှင့် လူတိုင်းသို့ အရည်အသွေးမြင့် တရားမျှတမှုကို ဖြည့်ဆည်းပေးရန်၊ တရားရုံးများအပေါ် ပြည်သူလူထု၏ ယုံကြည်မှုနှင့် ထိရောက်သည့် တရားဥပဒေ စိုးမိုးရေးကို မြှင့်တင်ရန်စသည့် ရည်မှန်းချက်များနှင့် သာတူညီမျှမှု နှင့် တရားမျှတမှု၊ တရားစီရင်ရေး လွတ်လပ်မှုနှင့် ဂုဏ်သိက္ခာရှိမှု၊ တရားမျှတမှုကို လက်လှမ်းမီ နိုင်မှု၊ အမှုများ မြန်ဆန်ထိရောက်မှုနှင့် အချိန်မီဆောင်ရွက်နိုင်မှု စသည့် တရားစီရင်ရေး၏ တန်ဖိုးများကို အစဉ်အလေးထားရမည်ဖြစ်ကြောင်း၊ တရားစီရင်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် တရားသူကြီးများသည် အမှုများကို အချိန်နှင့်တစ်ပြေးညီ လုပ်ထုံးလုပ်နည်းများအရ စစ်ဆေးပြီး အရည်အသွေး ပြည့်မီသည့် စီရင်ဆုံးဖြတ်မှုကို တည်ဆဲဥပဒေများနှင့်အညီ ဘက်လိုက် မှုမရှိဘဲ ချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရားသူကြီးများ၏ အရည်အသွေး ပြည့်ဝမှုသည် ပြည်သူများ ယုံကြည်အားထားရသည့် တရားစီရင်ရေး ဖြစ်ပေါ်လာရေးတွင် အဓိကဖြစ်သည့် အတွက် မိမိတို့၏ စွမ်းဆောင်ရည်တိုးတက်ရေးနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ တိုးတက်မြင့်မား စေရေး အစဉ်ကြိုးပမ်း ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ လေ့ကျင့် သင်ကြားရေးကို အာဆီယံဒေသ အဆင့် မြှင့်တင်နိုင်ရေးအတွက် တရားရေးကောလိပ်ကို နေပြည်တော်တွင် ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေကြောင်း ပြောကြားသည်။
ယင်းနောက် မှုခင်းများ စစ်ဆေးစီရင်ခဲ့မှုနှင့် စပ်လျဉ်း၍ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တွင် ရာဇဝတ်အမှုပေါင်း (၁၁၅၂) မှု လက်ခံ ရရှိပြီး (၁၀၉၄) မှု စစ်ဆေးပြီးပြတ်ပါကြောင်း၊ တရားမအမှုပေါင်း (၁၄၂၁) မှု လက်ခံရရှိပြီး (ယခင်နှစ် အမှုလက်ကျန် ၂၉၁ မှု အပါအဝင်) (၁၇၁၂) မှု စစ်ဆေး ပြီးပြတ်ပါကြောင်း၊ ထို့ပြင် စာချွန်တော် လျှောက်ထားမှု (၂၁၄) မှု လက်ခံရရှိပြီး (၁၆၇) မှု စစ်ဆေးပြီးပြတ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တရားလွှတ်တော်များတွင် ရာဇဝတ်အမှုပေါင်း (၄၂၃၂) မှု လက်ခံ ရရှိပြီး (၃၇၈၂) မှု စစ်ဆေးပြီးပြတ်ပါကြောင်း၊ တရားမအမှုပေါင်း (၃၂၃၆) မှု လက်ခံရရှိပြီး (၂၅၂၅)မှု စစ်ဆေး ပြီးပြတ်ပါကြောင်း၊ ခရိုင်တရားရုံးများတွင် ရာဇဝတ်အမှုပေါင်း (၁၁၂၉၄) မှု လက်ခံရရှိပြီး (၁၀၉၀၆) မှု စစ်ဆေးပြီးပြတ်ပါကြောင်း၊ တရားမအမှုပေါင်း (၇၈၂၂) မှု လက်ခံ ရရှိပြီး (၅၅၄၇) မှု စစ်ဆေးပြီးပြတ်ပါကြောင်း၊ မြို့နယ်တရားရုံး များတွင် ရာဇဝတ်အမှုပေါင်း (၂၂၈၄၄၂) မှု လက်ခံရရှိပြီး (၂၂၂၄၁၈) မှု စစ်ဆေးပြီးပြတ်ပါကြောင်း၊ တရားမအမှုပေါင်း (၁၇၀၅၈) မှု လက်ခံရရှိပြီး (၁၂၅၁၇) မှု စစ်ဆေးပြီးပြတ်ပါကြောင်း၊ ဥပဒေအရ တည်ထောင်သော အခြားတရားရုံးများ ဖြစ်သည့် ကလေးသူငယ်တရားရုံး (ရန်ကုန်နှင့် မန္တလေး) တို့တွင် ကလေးသူငယ်ဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း (၁၂၁)မှု လက်ခံရရှိပြီး (၁၁၇) မှု စစ်ဆေးပြီးပြတ်ပါကြောင်း၊ စည်ပင်သာယာတရားရုံး (နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး) တို့တွင် စည်ပင်သာယာဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း (၄၇၃၉) မှု လက်ခံရရှိပြီး (ယခင်နှစ်အမှုလက်ကျန် ၇ မှု အပါအဝင်) (၄၇၄၆) မှု စစ်ဆေးပြီးပြတ်ပါကြောင်း၊ မော်တော်ယာဉ်တရားရုံး (နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး) တို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်၍ မော်တော်ယာဉ်ဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း (၅၄၇၄၆)မှု ကို စစ်ဆေးစီရင်ခဲ့ကြောင်း၊ ထိုသို့စစ်ဆေးစီရင်ရာတွင် ထိရောက်မြန်ဆန်ရန်အတွက် မှုခင်း စီမံခန့်ခွဲမှုနဲ့ တရားရုံးအငြင်းပွားမှု ဖြေရှင်းရေးစနစ်များကိုလည်း အကောင်အထည် ဖော်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ကို မှုခင်းများ စစ်ဆေးစီရင်မှု၏ အစိတ်အပိုင်းအဖြစ် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ တရားရုံး (၇၄) ရုံးတွင် အကောင်အထည်ဖော်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဇွန်လကုန် စစ်တမ်းများအရ မှုခင်းစီမံခန့်ခွဲမှု တရားရုံးများတွင် အမှု ပြီးပြတ်နှုန်း ကောင်းမွန်သော်လည်း အချို့ရုံးများတွင် အမှုရွှေ့ဆိုင်းနှုန်း များပြားနေသေးကြောင်း၊ အမှုပြီးပြတ်ရေး သာမက စံသတ်မှတ်ရက် များအတွင်း အမှုများပြီးပြတ်ရေး၊ ပျှမ်းမျှရုံးချိန်း အရေအတွက်နှင့် အမှုရွှေ့ဆိုင်းမှု လျှော့ချနိုင်ရေးကို အထူးအလေးထား ဆောင်ရွက်ကြရန်နှင့် ၂၀၂၀ ခုနှစ်မှစတင်၍ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ကို တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် များ၏ စီမံခန့်ခွဲမှုနှင့် ဆက်လက် အကောင်အထည်ဖော်ရာတွင် ရည်မှန်းချက်များ ပြည့်မီစေရေး အတွက် တရားလွှတ်တော်တရားသူကြီးချုပ်များ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ကြရန် တိုက်တွန်း လိုကြောင်း၊ တရားမမှုများတွင် တရားရုံးက ဦးဆာင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ် အစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ မတ် ၁ ရက်က စတင်၍ ခရိုင်တရားရုံး (၂) ရုံး၊ မြို့နယ်တရားရုံး (၂) ရုံးတို့တွင် ဆောင်ရွက်ခဲ့ရာ စမ်းသပ်ကာလ ၅ လအတွင်း တရားမမှုခင်း ၇၆ မှုကို စေ့စပ် ဖြေရှင်းပေးနိုင်ခဲ့ ကြောင်း၊ အဆိုပါ အစီအစဉ်များသည် တရားစီရင်ရေးပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်ခြင်း ဖြစ်၍ အဆင့်ဆင့်သော တရားသူကြီးများ အားလုံးက နည်းလမ်းတကျ ဦးဆောင် ပါဝင်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တရားရုံးများသည် မျှတသော စစ်ဆေးစီရင်မှု ဖြစ်စေရန်နှင့်် တိကျမှန်ကန်သော သက်သေထွက်ဆိုချက်များ ရရှိရန်အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရကြောင်း၊ တည်ဆဲဥပဒေများအရ ကလေးသူငယ်များနှင့် အကာအကွယ် လိုအပ်သည့် လူကြီးများအား စစ်မေးရာတွင် အသုံးပြုနိုင်ရန် အထူးသက်သေစစ်မေးခန်းနှင့် လိုအပ်သည့် အထောက်အပံ့ ပစ္စည်းများကို ခရိုင်တရားရုံး (၄) ရုံးတွင် တပ်ဆင်ထားပြီး အဆိုပါ သက်သေ စစ်မေးခန်း အသုံးပြုခြင်းနှင့် သက်သေစကားပြန် လုပ်ထုံးလုပ်နည်းများ၊ လမ်းညွှန်များအတွက် လေ့ကျင့်မှု သင်တန်းများ ပြုလုပ်ပြီးဖြစ်ကြောင်း၊ လက်ရှိတွင် အဆိုပါပစ္စည်းများကို အကန့်အသတ် ဖြင့်သာ တပ်ဆင်ထားနိုင်သော်လည်း သက်သေများ၏ ဥပဒေအရ ခံစားပိုင်ခွင့်များအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်ပေးနေကြောင်း ပြောကြားသည်။
ယင်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားရေး ဦးစီးမှူးများ တက်ရောက်ကြသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဩဂုတ် ၉ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment