နေပြည်တော် ဩဂုတ် ၈
မကူးစက်နိုင်သော ရောဂါများကာကွယ် တားဆီးသွားရန်အတွက် ဝန်ကြီးဌာနပေါင်းစုံ
တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားရန် နိုင်ငံတော်အစိုးရအား
တိုက်တွန်းကြောင်း အဆိုကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့်
ပြည်သူ့လွှတ်တော် အစည်းအဝေး နဝမနေ့တွင် တင်သွင်းရာ လွှတ်တော်က
လက်ခံဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။ယနေ့အစည်းအဝေးတွင် ရေကြည်မဲဆန္ဒနယ်မှ ဒေါက်တာ ဦးစံရွှေဝင်းက “မကူးစက်နိုင်သော ရောဂါများ ကာကွယ် တားဆီးသွားရန်အတွက် ဝန်ကြီးဌာနပေါင်းစုံ တက်တက်ကြွကြွ ပူးပေါင်း ဆောင်ရွက်သွားရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းရာ အင်္ဂပူမဲဆန္ဒနယ်မှ ဦးအေးဝင်း က ထောက်ခံဆွေးနွေးသည်။
ယင်းအဆိုတွင် ယခုအစိုးရ (၃)နှစ်တာကာလအတွင်း အတွင်းလူနာ ၃ သန်းခန့်၊ ပြင်ပလူနာ ၁၂ သန်း ခန့်နှင့် ခွဲစိတ်ကုသမှုပေါင်း ၇ သိန်း ၆ သောင်းကျော် ဆောင်ရွက် နိုင်ခဲ့ပြီး အသည်းအစားထိုး၊ ကျောက်ကပ်အစားထိုး၊ နှလုံးခွဲစိတ်ကုသမှုများ ဆောင်ရွက် နိုင်ခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် တွေ့ရှိရပါကြောင်း။
ထို့ပြင် ရောဂါဖြစ်ပွားနှုန်းအနေဖြင့် ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကင်ဆာကဲ့သို့သော မကူးစက်တတ်သော ရောဂါများ နှစ်စဉ်များပြားလာနေပြီး ကူးစက်တတ်သော ရောဂါများ ဖြစ်ပွားနှုန်း လျော့ကျလာမှုကိုလည်း ဖော်ပြထားပါကြောင်း။
မကူးစက်တတ်သော ရောဂါများကြောင့် သေဆုံးမှု ၂၀၁၄ ခုနှစ်တွင် ၄၈ ရာခိုင်နှုန်း ရှိရာမှ ၂၀၁၇ ခုနှစ်တွင် ၅၂ ရာခိုင်နှုန်းသို့ မြင့်တက်လာကြောင်းကိုလည်း ဖော်ပြ ထားပြီး နှလုံးသွေးကြောရောဂါများသည် သေဆုံးမှုအများဆုံး ဖြစ်ပြီး ကင်ဆာရောဂါ များကြောင့် ဒုတိယသေဆုံးမှု အများဆုံး ဖြစ်ကြောင်းကိုလည်း ဖော်ပြထားပါကြောင်း။
၂၀၁၆ ခုနှစ်ကတည်းက ဆေးရွက်ကြီး ထိန်းချုပ်ရေးဥပဒေ ပေါ်ထွန်းလာသော်လည်း အမှန်တကယ် တားဆီး အရေးယူဆောင်ရွက်မှုပိုင်းတွင် လုံးဝ အားနည်းလျက် ရှိပါကြောင်း၊ အရက်ထုတ်လုပ်မှု၊ ရောင်းချမှု၊ တင်သွင်းမှု၊ အရက်ဆိုင်များ ခွင့်ပြုနေမှု စသည်များမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လုံးဝပတ်သက်မှု မရှိသော် လည်း အရက်ကြောင့် တွေ့ကြုံရ သည့် ထိခိုက်အန္တရာယ်များ၊ အသဲကျွတ်၊ အသဲကင်ဆာ ရောဂါများကို တာဝန်ယူ ဆောင်ရွက်ပေး ရပါကြောင်း၊ ဆေးရွက်ကြီး၊ အရက်အခွန်အကောက် ကိစ္စများကလည်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် သီးခြား ကိစ္စရပ်များဖြစ်နေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။
မကူးစက်တတ်သော ရောဂါများ ကာကွယ်တားဆီးရမည့် ကိစ္စရပ်များမှာ အခွန်အခများ တိုးမြှင့်ကောက်ခံခြင်း၊ ဌာနအသီးသီးက ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများအတိုင်း လိုက်နာအောင် ဆောင်ရွက်ပေးခြင်း၊ ထိရောက်စွာ အရေးယူ ဆောင်ရွက်ခြင်းတို့သည် အရေးကြီးပါကြောင်း၊ အထူးသဖြင့် ပြည်သူများကို အသိပညာပေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးသွား ရမည်ဖြစ်ပါကြောင်း စသည့် အကြံပြုချက်များ ပါဝင်သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်၏ သဘောထားရယူ သဘောမတူသူ မရှိသည့်အတွက် လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့ပြင် မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်း၏ “ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်များအား နိုင်ငံတော်မှ မည်သို့ ကူညီစောင့်ရှောက်ပေးမည်ကို သိလိုခြင်း” မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် က ၂၀၁၈ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှစ၍ မြန်မာ့တပ်မတော်နှင့် AA အဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ၂၀၁၉ ခုနှစ် ဇူလိုင် (၁၁) ရက်အထိ တိုက်ပွဲရှောင်ပြည်သူများ နေရပ်စွန့်ခွာပြီး ယာယီခိုလှုံမှုအနေဖြင့် ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီး တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားစသည့် မြို့နယ် (၈)မြို့နယ်ရှိ စာသင်ကျောင်း၊ ဘုန်း ကြီးကျောင်းများ၌ တိုက်ပွဲရှောင်စခန်း စုစုပေါင်း (၆၅)နေရာ ဖွင့်လှစ်ထားရှိရာ အိမ်ထောင်စု (၆၁၉၆) စု၊ လူဦးရေ (၂၀၂၂၁) ဦး နေထိုင်လျက်ရှိသည့်အပြင် ပြည်နယ် ချင်း ဆက်စပ်နေသော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ တိုက်ပွဲရှောင်ပြည်သူများ ရောက်ရှိနေထိုင်လျက်ရှိပါကြောင်း။
မိမိတို့ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့် ရခိုင်ပြည်နယ် အတွင်းရှိ ယာယီခိုလှုံရာ စခန်းများတွင် နေထိုင်လျက်ရှိသည့် တိုက်ပွဲရှောင်ပြည်သူ များအတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ(၁၈) ရက်မှ ၂၀၁၉ ခုနှစ် ဇူလိုင် (၂၄)ရက်အထိ အိမ်ထောင်စု (၁၇၆၇၆)စု၊ လူဦးရေ (၇၀၆၅၆)ဦးအတွက် စုစုပေါင်း (၁၁၈၆ ဒသမ ၃၉၅) သန်း တန်ဖိုးရှိ စားနပ်ရိက္ခာ၊ ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ကြေးငွေများ ပံ့ပိုးခဲ့ပြီးဖြစ်ပါကြောင်း။
ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC)၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း(MRCS)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်း (IFRC)တို့ ပါဝင်ဖွဲ့စည်းထား သော ကြက်ခြေနီလှုပ်ရှားမှု အဖွဲ့နှင့် ပူးပေါင်း၍လည်း ၂၀၁၉ ခုနှစ် ဇူလိုင် (၄)ရက်အထိ တိုက်ပွဲရှောင် အိမ်ထောင်စု (၇၂၅၅)စု၊ လူဦးရေ (၂၇၀၉၇)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်းနှင့် ထောက်ပံ့ကြေးငွေများ ထောက်ပံ့ပေးခဲ့ပြီး ရွေ့လျားဆေးပေးခန်းများ ဖွင့်လှစ်ခြင်း၊ မျိုးစေ့နှင့် ဓာတ်မြေဩဇာ ဖြန့်ချိခြင်းများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၁၉ ခုနှစ် ဇွန် (၃၀)ရက်အထိ တိုက်ပွဲရှောင် လူဦးရေ (၇၄၀၉) ဦးအတွက် စားနပ်ရိက္ခာ (၁)လစာ (ဆန်၊ဆီ၊ဆား၊ပဲ) (၁၀၈ ဒသမ ၄၅၅) မက်ထရစ်တန်ကို ထောက်ပံ့ပေးခဲ့ပြီး အခြားလိုအပ်သည့် နေရာများအတွက် ထောက်ပံ့မှုများ ဆက်လက် ဆောင်ရွက်လျက် ရှိပါကြောင်း။
အာဆီယံအပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာ အစီအစဉ်အရ ကိုရီးယားသမ္မတ နိုင်ငံမှ လှူဒါန်းထားသည့် ဆန်များမှ ကျန်ရှိနေသော ဆန်တန်ချိန် ၂၅၀ ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ၂၀၁၉ခုနှစ် ဇန်နဝါရီ (၂၃)ရက် တွင် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့သို့ ပေးပို့ခဲ့ရာ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်မြို့နယ်များရှိ တိုက်ပွဲရှောင် ပြည်သူများအား ဖြန့်ဝေ ထောက်ပံ့ပြီး ဖြစ်ပါကြောင်း။
ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအပြင် ပြည်နယ်ချင်း ဆက်စပ်နေ သော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ ရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူ များကိုလည်း ထောက်ပံ့ပေးလျက်ရှိရာ ၂၀၁၉ ခုနှစ် ဇူလိုင် (၂၇)ရက်နေ့တွင် ပလက်ဝ မြို့နယ်ရှိ တိုက်ပွဲရှောင် ပြည်သူများနှင့် ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာနှင့် ဆီ၊ ဆား၊ ပဲများ၊ မိုးကာလိပ်များစသည့် ကယ်ဆယ်ရေးပစ္စည်းများနှင့် မိမိတို့ဝန်ကြီး ဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ချင်းပြည်နယ် အစိုးရအဖွဲ့အပြင် စေတနာရှင် ပြည်သူများ၏ ထောက်ပံ့ငွေ စုစုပေါင်း ကျပ် (၂၃၆၆ ဒသမ ၈၄ ) သိန်းတို့ကို ချင်းပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း။
တိုက်ပွဲရှောင်များ ယာယီခိုလှုံရာစခန်းများသို့ ရောက်ရှိနေထိုင်ကြောင်း သတင်းရရှိလျှင် ရရှိချင်း ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာ၊ ကျားလုံချည်၊ မလုံချည်၊ တဘက်၊ တီရှပ်၊ စောင်၊ ပလပ်စတစ်ဖျာ၊ အမျိုးသမီးသုံး အသုံးအဆောင်ပစ္စည်းများ (Dignity Kit) စသည့် ကယ်ဆယ်ရေးပစ္စည်းများ၊ သေဆုံး/ဒဏ်ရာရ ထောက်ပံ့ကြေးငွေများကို ဒေသခံအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ လက်ဝယ် အရောက် သွားရောက် ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ ထိုသို့ ထောက်ပံ့ပေးရာတွင် ဝေးလံ၍ လုံခြုံရေး အခြေအနေအရ အချိန်မီ သွားရောက်ရန် ခက်ခဲသည့်ဒေသများအတွက် ဒေသခံကိုယ်စားလှယ်များနှင့် ချိတ်ဆက်၍ ကိုယ်စားလှယ်တစ်ဦးအား စေလွှတ်ထုတ်ယူစေသည့် နည်းလမ်း ဖြင့်လည်း ထောက်ပံ့ပေးခဲ့ပါကြောင်း။
ရခိုင်ပြည်နယ်အတွင်း အချို့မြို့နယ်များ၌ ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာတိမ်းရှောင် နေထိုင်သူများကို ထောက်ပံ့ရန်အတွက် မိမိတို့ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ညှိနှိုင်းပြီး ယာယီခိုလှုံရာ စခန်းများ ဖွင့်လှစ်မှု၊ အဆောက်အဦ ဆောက်လုပ်မှုနှင့် စီမံခန့်ခွဲမှု၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး၊ ကျန်းမာရေး၊ ပညာရေး၊ ရေနှင့်သန့်ရှင်းရေး၊ လုံခြုံရေး၊ ရန်ပုံငွေ ကိစ္စရပ်များ ပါဝင်သည့် ယာယီနေရာ ချထားပေးနိုင်ရေး လုပ်ငန်းစဉ်အား နိုင်ငံတော်သမ္မတရုံးသို့ တင်ပြ ခွင့်ပြုချက်များအရ ရခိုင်ပြည် နယ်အတွင်း မြို့နယ် (၆)မြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ကျပ်(၁)ဘီလီယံနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ငွေကျပ် (၆၁၇ ဒသမ ၅၀၀)သန်း၊ စုစုပေါင်း ငွေကျပ် (၁၆၁၇ ဒသမ ၅၀၀) သန်းဖြင့် တိုက်ပွဲရှောင်စခန်း (၇)ခု ဆောက်လုပ်ပေးလျက် ရှိပါကြောင်း။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများသည် တိုက်ပွဲရှောင် စခန်းများရှိ ပြည်သူများ အတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ၂၀၁၉ခုနှစ်၊ ဇူလိုင် (၁၁)ရက်အထိ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၈)မြို့နယ်မှ ယာယီခိုလှုံရေး စခန်းများရှိ ပြည်သူများနှင့် ဒေသခံများကို ဆေးကုသမှု စုစုပေါင်းမှာ (၂၂၄၈၈)ဦးရှိပြီး ခြင်ထောင် (၃၄၉၄)ထည်နှင့် လိုအပ်သည့် ဆေးဝါးများ ထောက်ပံ့ပေးလျက် ရှိပါကြောင်း။
တိုက်ပွဲရှောင်စခန်းများရှိ ကလေးများ ပညာသင်ကြားနိုင်ရေး အတွက်လည်း နီးစပ်ရာ ကျောင်းများတွင် လည်းကောင်း၊ ယာယီခိုလှုံရေးစခန်း အတွင်းရှိ အိပ်ဆောင်များတွင် နေရာ အခန်းဖွဲ့၍လည်းကောင်း သင်ကြား ပေးနိုင်ရေး စီစဉ်ထားရှိပါကြောင်း။
ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများကို ယခုနှစ် ဇန်နဝါရီမှစတင်၍ လစဉ် ထောက်ပံ့ပေးလျက်ရှိသည့်အပြင် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး အထောက်အကူ ပြု ကော်မတီ၏ တွေ့ရှိချက်များနှင့် ကိုယ်စားလှယ်များ၊ ပါတီများ၊ ဒေသခံ အဖွဲ့အစည်း များ၏ တွေ့ရှိချက်များမှ လိုအပ်ချက်များကို ထောက်ပံ့ပေးလျက် ရှိပါကြောင်း။
သို့ဖြစ်ပါ၍ နိုင်ငံတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား လက်တလော စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြား လိုအပ်ချက်များကို ဖြည့်ဆည်း စီမံဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။
ရန်ကင်းမဲဆန္ဒနယ်မှ ဒေါ်ဇင်မာအောင်၏ “အများပြည်သူနှင့် သက်ဆိုင်သော နေရာ များတွင် မသန်စွမ်းသူများ လွယ်ကူစွာ သွားလာနေထိုင်နိုင်ရေးနှင့် အရေးပေါ် အခြေအနေ များတွင် မသန်စွမ်းသူများကို ဦးစားပေး၍ ရှာဖွေကယ်ဆယ်ရေးအတွက် မူဝါဒများ ချမှတ်ဆောင်ရွက်နိုင်ခြင်း ရှိ ၊ မရှိ ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးစိုးအောင်က ဝန်ကြီးဌာနအနေဖြင့် အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီ စံနှုန်းများနှင့် ညီညွတ်သည့် လူ့ဂုဏ်သိက္ခာ အပြည့်အဝရရှိနိုင်မည့် လူမှုအသိုက်အဝန်း တစ်ရပ် ဖြစ်စေရန် အထောက်အကူပြု ဖြစ်စေရေးနှင့် အားလုံး အကျုံးဝင်ပြီး ရေရှည် တည်တံ့မှု ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများနှင့် ပြည်သူလူထု လွတ်လပ် လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်စေရေးကို အကောင်အထည်ဖော်မည့် မူဝါဒအပေါ် အခြေခံဆောင်ရွက်လျက် ရှိပါကြောင်း၊ ဆောင်ရွက်သည့်နေရာတွင် မသန်စွမ်းသူများ သည် လူ့အခွင့်အရေးကို အများနည်းတူ ခံစားရရှိနိုင်ရန် အတွက် မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေ ၂၀၁၅ ခုနှစ်နှင့် နည်းဥပဒေများ ၂၀၁၇ ခုနှစ်တို့ကို ပြဋ္ဌာန်းခြင်းတို့ဖြင့် နိုင်ငံတကာ သဘောတူညီချက်များ၊ မူဘောင်များနှင့် အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် အများပြည်သူ အသုံးပြုသွားလာရာ နေရာများ တွင် ရှိသော အဆောက်အဦများ၌ မသန်စွမ်းသူများအတွက် အတားအဆီးမရှိသော ဒီဇိုင်းပုံစံများအား ထည့်သွင်းတွက်ချက် လုပ်ဆောင်ရန် မြန်မာနိုင်ငံ အဆောက်အအုံ ဆိုင်ရာ စည်းမျဉ်းများ - ၂၀၁၆ကို အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာ (၁)ရက်မှစ၍ လိုက်နာဆောင်ရွက်စေရေး ထပ်ဆင့်ညွှန်ကြားပေးရန် သက်ဆိုင်ရာ ကောင်စီအဖွဲ့များသို့ ၂၀၁၈ ခုနှစ် ဇွန် (၁) ရက်တွင် အကြောင်းကြားထား ပြီး ပြဋ္ဌာန်းချက်များနှင့်အညီ လက်တွေ့မြေပြင်တွင် မသန်စွမ်းသူများအတွက် ဆင်ခြေလျှောများ၊ Toilet များ လိုအပ်သည့် လှေကားအကျယ်နှင့် အမြင့်တို့ကို ထည့်သွင်းဆောင်ရွက်လျက်ရှိပါကြောင်း။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် ၂၀၁၉ခုနှစ် မေ (၂၂)ရက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေ (၂၀၁၅)၊ ပုဒ်မ (၂၈)အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဆေးရုံများတွင် မသန်စွမ်းသူများ လွယ်ကူစွာ သွားလာနိုင် ရေးအတွက် လူနာအဝင်၊ အထွက် နေရာ၊ ကားပါကင်များနှင့် အိမ်သာများရှိ လိုအပ်ချက်များကို စိစစ်တင်ပြနိုင်ရန် နမူနာပုံစံများကို ထုတ်ပြန်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသည့် (၇)ကြိမ်မြောက် အရှေ့တောင်အာရှ မသန်စွမ်း အားကစားပြိုင်ပွဲတွင် မသန်စွမ်း အားကစားသမားများအတွက် လျှောက်လမ်းပါဝင်သော အထောက်အကူပြုပုံစံများ ပါရှိသည့် သန့်စင်ခန်းများကို ဝဏ္ဏသိဒ္ဒိအားကစားကွင်း အတွင်းရှိ အားကစားကွင်း၊ အားကစားရုံ၊ ရေကူးကန်များတွင် ထည့်သွင်း တည်ဆောက်ထား ရှိသည့်အပြင် ရန်ကုန်မြို့ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် တွင်လည်း မသန်စွမ်း အားကစား သမားများအတွက် မသန်စွမ်းလေ့ကျင့်ရေး စခန်းအား တည်ဆောက်ပေးသွားမည် ဖြစ်ပါကြောင်း။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင်လမ်းများ၏ လူသွားစင်္ကြန်များတွင်လည်း လူသွားစင်္ကြန်များ၏ ထိပ်တွင် နိမ့်လျှောများ ထည့်သွင်း တည်ဆောက်ပေးခြင်း၊ လမ်းလယ်ကျွန်းတြိဂံကျွန်းများနှင့် လူကူးမျဉ်းကျား ထိစပ်သော နေရာများတွင် လမ်းမျက်နှာပြင်နှင့် တပြေးညီ Level နှိမ့်၍ တည်ဆောက် ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ဘေးအန္တရာယ် အမျိုးမျိုးအတွက် အရေးပေါ် အခြေအနေများတွင် မသန်စွမ်းသူများကို ဦးစားပေး၍ ရှာဖွေ ကယ်ဆယ်ရေး၊ အကာအကွယ်ပေးရေး၊ ဘေးကင်းလုံခြုံရေးတိုနှင့် ပတ်သက်၍ မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေအခန်း(၉)နှင့် နည်းဥပဒေများ အခန်း(၇)တို့တွင် ပြဋ္ဌာန်းထားရှိပြီး ဖြစ်သကဲ့သို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ (၂၀၁၃)နှင့် နည်းဥပဒေများ (၂၀၁၅)တွင်လည်း ထည့်သွင်းပြဋ္ဌာန်း ထားပါကြောင်း။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာစေရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မသန်စွမ်းသူများ အပါအဝင် ထိခိုက် လွယ်အုပ်စုများ ပါဝင်ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် အားလုံး အကျုံးဝင်သည့် ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေကို စီမံ ခန့်ခွဲခြင်းသင်တန်းအတွက် အသေးစိတ် သင်တန်း လမ်းညွှန်(၂၀၁၆)နှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိသည့်အပြင် ဘေးသင့်ပြည်သူများအတွက် အရေးပေါ်ထောက်ပံ့မှုများ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မသန်စွမ်းသူများ အပါအဝင် ထိခိုက်လွယ် အုပ်စုများ ကျန်ရှိမှုမရှိစေရေးကို အလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း။
ဘေးအန္တရာယ်ဖြစ်ပွား ပေါ်ပေါက်မှုများကို ပြည်သူများ ကိုယ်တိုင် အကြောင်းကြား ဆက်သွယ်နိုင်ရန် စီမံဆောင်ရွက်ထားသော DAN Mobile Application ကို မသန်စွမ်းသူများပါ အသုံးပြုနိုင်ရန် အလေးထား၍ ရေးဆွဲခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် အဆိုပါ Application ဖြန့်ချိခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက် ခဲ့ပါကြောင်း။
ထို့ပြင် မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး လုပ်ငန်း စီမံချက် (MAPDRR) ၂၀၁၇ တွင် မသန်စွမ်းသူများကို ပြုစုစောင့်ရှောက်နေသူများနှင့် ၎င်းတို့၏ မိသားစုများ၊ အိမ်နီးချင်းများ အပါအဝင် ထိခိုက်ခံရလွယ်မှု အရှိဆုံးသူများကို အဓိက ဦးတည်ကာ လူထုအကြား ဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် အသိပညာပေးရန်အတွက် လုပ်ငန်း အစီအစဉ်များ ထည့်သွင်းရေးဆွဲထားပါကြောင်း။
အလားတူ ASEAN Enabling Master Plan (2015) ကို အခြေခံပြီး Myanmar Sustainable Development Plan နှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (UNCRPD) တို့နှင့်လည်း ကိုက်ညီမှုရှိသည့် နိုင်ငံတော်၏ ဖွံ့ဖြိးတိုးတက်မှုကဏ္ဍတိုင်းတွင် မသန်စွမ်းသူများ၏ အခွင့်အရေးတို့ကို ပေါင်းစပ် ထည့်သွင်း ဆောင်ရွက်မှုကို သေချာစေမည့် မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၅) ကို မူကြမ်းရေးဆွဲ ဆောင်ရွက်လျက် ရှိရာတွင်လည်း မသန်စွမ်းသူများအတွက် သဘာဝဘေးနှင့် အခြား အရေးပေါ်အခြေအနေများ စီမံခန့်ခွဲရေးနှင့် အလွယ် တကူ လက်လှမ်းမီ ရရှိသုံးစွဲနိုင်ရေးတို့ကို ဦးစားပေး နယ်ပယ်များအဖြစ် ထည့်သွင်းထား ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့အတူ လေရှီးမဲဆန္ဒနယ်မှ ဦးကျော်ဌေး၏ “စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အစိုးရအဖွဲ့တို့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ဒါခေါ်ယူခြင်း၊ စိစစ်ထုတ်ပြန်ပေးခြင်းများ ဆောင်ရွက်ရာတွင် အဘယ်ကြောင့် နှောင့်နှေးကြန့်ကြာနေသည်ကို သိလိုခြင်း”မေးခွန်း၊ တမူးမဲဆန္ဒနယ်မှ ဦးနိုင်နိုင်ဝင်း၏ "MainArterial Road-22 လမ်းမကြီးမှ တမူး-စစ်သောင်-ရောင်ဟီးလမ်းပိုင်းအား ရာသီမရွေး သွားလာနိုင်သောလမ်းအဖြစ် မည်သည့်အချိန်တွင် အပြီးဖောက် လုပ် နိုင်မည်ကို သိလိုခြင်း”မေးခွန်း၊ မိုင်းရယ်မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော်၏ “မိုင်းရယ် မြို့နယ် အတွင်းရှိ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက် လျက်ရှိသော လမ်းပိုင်းများ နှင့် တံတားလုပ်ငန်းများကို သက်ဆိုင်ရာအစိုးရ၊ ဝန်ကြီး ဌာနက မည်ကဲ့သို့ အစီအစဉ်များရေးဆွဲ ချမှတ်ဆောင်ရွက်လျက်ရှိသည်ကို သိလိုခြင်း”မေးခွန်းနှင့် ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်း၏ “ကျောင်းကုန်း မြို့နယ်ရှိ ပိန်းဂရက်လေး-ကျောင်း အိုင်-ပိန်းဂရက်ကြီးလမ်းအား ရာသီမရွေး သွားလာနိုင်သော ကျောက်ခင်းလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းများနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း က ရှင်းလင်းပြောကြားသည်။
ထို့ပြင် ကနီမဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်၏ “ကနီမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ ကြိုတင်စီမံခန့်ခွဲမှုများကို ထိရောက်သော အစီအမံများဖြင့် အမြန်ဆုံး ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ၊ မရှိ”မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် က ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုး တိုးတက် ရေး ကော်မတီက တင်သွင်းသည့် “မြန်မာနိုင်ငံ ဆေးပညာရပ်များဆိုင်ရာ ဘွဲ့၊ ဒီပလိုမာ နှင့် လက်မှတ်များ ဥပဒေကြမ်း”နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာ တင်ပြချက်အတိုင်း ပြင်ဆင်ချက်ဖြင့် အတည်ပြုရန် လွှတ်တော်၏ သဘောထား ရယူရာ သဘောမတူသူမရှိ သည့်အတွက် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာ တင်ပြချက်ပါ ပြင်ဆင်ချက်အတိုင်း အတည်ပြုကြောင်းနှင့် ပြည်သူ့လွှတ်တော် ဥပဒေ၊ နည်းဥပဒေအရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာပြီး အစည်းအဝေးကို ရပ်နားလိုက်သည်။
သတင်း-မော်စီ၊ မွှေးကြူဇင်
ဓာတ်ပုံ-ထန်းဖုန်

No comments:
Post a Comment