Tuesday, July 30, 2019

နိုင်ငံ့ဝန်ထမ်းများအား လုပ်ငန်းခွင်တွင် စိတ်အားထက်သန် တက်ကြွစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး လှုံ့ဆော်မြှင့်တင်ပေးခြင်း ဆိုင်ရာ အာဆီယံဒေသတွင်းအဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ


နေပြည်တော် ဇူလိုင် ၂၉
ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)တို့ ပူးပေါင်း၍ နိုင်ငံ့ဝန်ထမ်းများအား လုပ်ငန်းခွင် တွင် စိတ်အားထက်သန်တက်ကြွစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး လှုံ့ဆော်မြှင့် တင်ပေးခြင်းဆိုင်ရာ အာဆီယံဒေသတွင်း အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသိမ်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများ၊ UNDP ၊ အာဆီယံနိုင်ငံများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း ပြည်ပ ပညာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်းက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်မှ ဌာနေကိုယ်စားလှယ် Mr. Peter Batchelor က နှုတ်ခွန်းဆက်စကား ပြောကြား သည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ဆွေးနွေးပွဲ ပထမပိုင်းကို ဆက်လက်ကျင်းပရာ Global Study of Intrinsic Motivation မှ Research Associate, Ms. Assel Mussagulova က နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းခွင်တွင် စိတ်အား ထက်သန်တက်ကြွစွာ ဝန်ဆောင်မှုပေးခြင်းတွင် သီအိုရီနှင့် လက်တွေ့ ကျင့်သုံးဆောင်ရွက်ခြင်းမှ ထိုးထွင်းသိမြင်ခြင်းများ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပြည်သူ့ဝန်ထမ်း အကယ်ဒမီ ကျောင်းအုပ်ကြီး ဒုတိယ ပါမောက္ခချုပ် ဒေါက်တာနမ့်ခင်သင်းစုက မြန်မာနိုင်ငံရှိ ပြည်သူ့ကဏ္ဍ၌ နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်တွင် စိတ်အား ထက်သန်တက်ကြွမှုရှိစေရေး လှုံ့ဆော်မြှင့်တင်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်း တင်ပြကြသည်။
ထို့နောက် UNDP မှ Public Administration Expert, Mr.Christophoros Politis က သဘာပတိအဖြစ် ဆောင်ရွက်ပြီး မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်မှ အဖွဲ့ဝင် (စီးပွားရေးပညာရှင်) ဦးသုတအောင်က ဦးဆောင်၍ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ် များက ပြည်သူများအား ဝန်ဆောင်မှုပေးရာတွင် စိတ်အားထက်သန် တက်ကြွစွာ လှုံ့ဆော်မြှင့်တင် ပေးခြင်းနှင့် ပတ်သက်၍ အာဆီယံနိုင်ငံ များ၏ ထိရောက်ကောင်းမွန်သည့် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေးကြ သည်။
စိတ်အားထက်သန်စွာ ဝန်ဆောင်မှုပေး
ယင်းနောက် UNDP မှ Human Resources Management System Expert, Dr. John Vongက နိုင်ငံ့ဝန်ထမ်းများ စိတ်အားထက်သန် တက်ကြွလာစေရေးအတွက် အားပေးထောက်ကူသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးခြင်းနှင့် ခေတ်မီ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုစနစ်တစ်ခုအား မိတ်ဆက်တင်ပြခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်)မှ ပြည်သူ့ဝန်ထမ်း အကယ်ဒမီကျောင်းအုပ်ကြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာ ခင်မာမျိုးက အရည်အချင်းကို အခြေခံသော ဝန်ထမ်းရွေးချယ်ခန့်ထားမှုမှတစ်ဆင့် ပြည်သူများအား စိတ်အားထက်သန် တက်ကြွစွာ ဝန်ဆောင်မှုပေးခြင်းကို အားပေးမြှင့်တင်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်း တင်ပြကြသည်။
ထို့နောက် တက်ရောက်လာကြသူများက ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြပြီး UNDP မှ LEAP Project Manager, Ms. Valentina Bianchini က ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ အနှစ်ချုပ်ပြန်လည်ဆွေးနွေးသည်။
အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၃၀ ရက်အထိ ဆက်လက်ကျင်းပ မည်ဖြစ်ပြီး မြန်မာနိုင်ငံ အာဆီယံလူ့စွမ်းအားဗဟိုဌာန၏ ပဓာနအာဘော်ဖြစ်သည့် ပြည်သူ့ဝန်ထမ်းများအား လုပ်ငန်းခွင်တွင် စိတ်အားထက်သန်တက်ကြွစွာဖြင့် ဝန်ဆောင်မှု ပေးနိုင်ရေး လှုံ့ဆော်မြှင့်တင်ပေးခြင်းကို လုပ်ငန်းစဉ်တစ်ခုအနေဖြင့် ACCSM WORK PLAN (2016-2020) အောက်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ သက်ဆိုင်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အာဆီယံ လူ့စွမ်းအားဗဟိုဌာနများကို ခိုင်မာအားကောင်းစေရန် ACCSM WORK PLAN (2016-2020) အောက်တွင် မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ရသဖြင့် မြန်မာနိုင်ငံ အနေဖြင့်လည်း အခြားအာဆီယံနိုင်ငံ များ နည်းတူအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment