Monday, June 24, 2019

မြန်မာ့သိုင်း သင်တန်းကျောင်း ဣဒ္ဓိမာန်အောင်သင်တန်းခန်းမသစ် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပ


ရန်ကုန် ဇွန် ၂၃
မြန်မာ့သိုင်းသင်တန်းကျောင်း ဣဒ္ဓိမာန်အောင် သင်တန်းခန်းမသစ် အဆောက်အဦ လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အမှတ်(၁၀)မောင်းမကန် ကမ်းသာလမ်းရှိ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်တွင် ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ မြန်မာ့သိုင်းသင်တန်းကျောင်း စတင်တည်ထောင်ခဲ့သူ သိုင်းဆရာကြီး ဦးတင်ဦးနှင့် ရွှေတောင်ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းတို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။ ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးနှင့် အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရွှေတောင်ဖောင်ဒေးရှင်း နာယက ဦးအိုက်ထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီးနှင့် ဘရူနိုင်းသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်တို့က ကမ္ပည်းမော်ကွန်း ကျောက်စာအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာ ပက်ဖျန်းကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ့သိုင်းပညာ ဆက်လက် ဖွံ့ဖြိုးတိုးတက်စေရေးအတွက်များစွာ အထောက်အကူပြုမည့် အခြေခံအဆောက်အဦ အားကစား လေ့ကျင့်ရေးရုံဖြစ်သည့် မြန်မာငွေကျပ်သိန်း ၄၀၀၀ ကျော် တန်ဖိုးရှိသော မြန်မာ့သိုင်းသင်တန်း ကျောင်းကို ဆောက်လုပ် လှူဒါန်းသည့် ရွှေတောင်ဖောင်ဒေးရှင်းကို ကျေးဇူးတင်ရှိပြီး မှတ်တမ်းတင် ပါကြောင်း။
ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်နိုင်ရေးနှင့် အားကစားနည်း အမျိုးမျိုး အောင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အားကစားအဖွဲ့ချုပ်များ အနေဖြင့် စုစုစည်းစည်း၊ ညီညီညွတ်ညွတ် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
နိုင်ငံတကာမှ မြန်မာ့သိုင်းပညာကို လေ့လာလိုက်စား လိုသူများကိုလည်း လာရောက်သင်ယူနိုင်ရန် ဖိတ်ကြားမည် ဖြစ်ပါကြောင်း။
မြန်မာ့သိုင်းပညာလေ့ကျင့်သူများ အနေဖြင့်လည်း ခင်မင် ရင်းနှီးမှု ကောင်းမွန်စွာဖြင့် ကွန်ရက်သဖွယ် ချိတ်ဆက်ခြင်းမှ တစ်ဆင့် အပြန်အလှန် အကူအညီပေးခြင်းဖြင့် လူမှုအသိုက် အဝန်းကောင်းတစ်ခုကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း။
မြန်မာ့အားကစားလောကကြီး တစ်ခုလုံး ပိုမိုတိုးတက် ဖွံ့ဖြိုးစေရေးအတွက် အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ညှိနှိုင်း ဆောင်ရွက်တတ်မှုနှင့် အကောင်းမြင် စိတ်ဓာတ်ကောင်းများကို အရင်းတည်ကာ အဖွဲ့အစည်း စိတ်ဓာတ်အပြည့်အဝဖြင့် စုစည်းပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါ ကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က အမှာစကား ပြောကြားပြီး အလှူရှင် ရွှေတောင်ဖောင်ဒေးရှင်းနာယက ဦးအိုက်ထွန်းက ဆောက်လုပ်လှူဒါန်းရခြင်း အကြောင်းအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ရွှေတောင်ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းက သင်တန်းခန်းမသစ်အား အားကစားနှင့် ကာယပညာဦးစီးဌာ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်ထံ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် နာယက သိုင်းပညာရှင် ဆရာကြီးဦးမြသိန်းက ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်မှ အားကစားသမားများက မြန်မာ့သိုင်း၊ ပန်ကြပ်စီလပ်နှင့် ဗိုဗီနမ် အားကစားနည်းများဖြင့် သရုပ်ပြသကြသည်။
ယခုလွှဲပြောင်းပေးအပ်သည့် မြန်မာ့သိုင်းသင်တန်းခန်းမကို ရွှေတောင်ဖောင်ဒေးရှင်းမှ အလျားပေ ၁၂၀ ၊ အနံပေ ၆၀၊ အမြင့် ၂၈ ပေရှိ Streel Structure အဆောက်အဦအား ငွေကျပ်သိန်း ၄၀၀၀ ကျော် အကုန်အကျခံ ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ပြီး အဆိုပါ သင်တန်းခန်းမတွင် အဆင့်မြင့် လေ့ကျင့်၊ သရုပ်ပြမှုများ ပြုလုပ်နိုင်သည့် နိုင်ငံတကာအဆင့်မီ လေ့ကျင့်ရေးကွင်း နှစ်ကွင်း၊ အစည်းအဝေးခန်းမတစ်ခု၊ ကာယလေ့ကျင့်ခန်းမတစ်ခု၊ နားနေခန်းတစ်ခန်း၊ အဝတ်လဲခန်း နှစ်ခန်းနှင့် ရုံးခန်းနှစ်ခန်းတို့ ဖွဲ့စည်းပါဝင်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment