Monday, June 24, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် (၃၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးသို့ တက်ရောက်ခဲ့

ပဏာမဆန်းစစ်လေ့လာရေးအဖွဲ့၏ အကြံပြုချက်(၃)ရပ်ကို အကောင်အထည်ဖော်ရန်နှင့် နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုများကို တိုးမြှင့်ကူညီရန် အာဆီယံက သဘောတူ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပသည့် (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ယနေ့တွင် အထူးလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိသည်။
ဇွန်လ ၂၂ရက်နေ့တွင် ကျင်းပသည့် (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး (မျက်နှာစုံညီ)တွင် စဉ်ဆက် မပြတ် တည်တံ့ခိုင်မြဲသည့် အာဆီယံအသိုက်အဝန်း တည်ဆောက်ရာတွင် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးတက် ခိုင်မာစေရေးဆိုင်ရာ ကိစ္စရပ်ကိုလည်းကောင်း၊ ဇွန်လ ၂၃ ရက်နေ့တွင် ကျင်းပသည့် (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး (သီးသန့်)တွင် အာဆီယံ၏ ပြင်ပဆက်ဆံရေးနှင့် အနာဂတ်ဦးတည်ချက်နှင့် ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာ ကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးခဲ့ကြသည်။
အချိန်ဇယားသတ်မှတ်ရေးကို ထည့်သွင်းစဉ်းစား
ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ရာ၌ အာဆီယံနိုင်ငံ ခေါင်းဆောင်များက ရခိုင်ပြည်နယ် အရေးကိစ္စသည် သိမ်မွေ့ရှုပ်ထွေးကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အတွက် ပြင်ဆင် ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏ များစွာကြီးမားသဖြင့် အာဆီယံက တိုးမြှင့်ကူညီပံ့ပိုးရန် လိုအပ်ကြောင်း၊ ပြန်လည် ဝင်ရောက်လာသူများအတွက် လုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရန် လိုအပ်ကြောင်းနှင့် ပဏာမဆန်းစစ် လေ့လာရေးအဖွဲ့၏ အကြံပြုချက်များ အကောင်အထည်ဖော်ရာတွင် အချိန်ဇယားသတ်မှတ်ရေးကို ထည့်သွင်း စဉ်းစားရန် အရေးကြီးကြောင်း စသည်ဖြင့် အပြုသဘောဆွေးနွေး ပြောကြားကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အာဆီယံဆန်းစစ်လေ့လာရေး အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ် အရေးကိစ္စ ဖြေရှင်းရေးအပေါ် လက်တွေ့ကျပြီး အပြုသဘောဖြင့် ချဉ်းကပ်ဆောင်ရွက်သည့်အတွက် အာဆီယံအတွင်းရေးမှူးချုပ်နှင့် AHA Centre တို့အား ကျေးဇူးတင်ရှိကြောင်း၊ လိုအပ်ချက်များ ပဏာမဆန်းစစ်လေ့လာရေး အဖွဲ့၏ အစီရင်ခံစာမှာ အပြုသဘောဆောင်ကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ ကူညီပံ့ပိုးမှုများအား ကြိုဆိုကြောင်း၊ ယင်းပြဿနာအား ချောမွေ့လျင်မြန်စွာ ဖြေရှင်းရေးကို မိမိတို့လောက် လိုလားသည့်နိုင်ငံ ရှိမည် မဟုတ်ကြောင်း၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက် ဆောလျင်စွာအကောင်အထည် ဖော်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့သည် အပြန်အလှန် ဆက်စပ်လျက်ရှိသဖြင့် အသိုက်အဝန်းများအကြား ရေရှည်သဟဇာတဖြစ်ရေးအတွက် ရခိုင်ပြည်နယ်၌ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြန်လည် ပြောကြားသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက သဘောတူ
(၃၄)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးမတိုင်မီ ဇွန်လ ၂၁ ရက်နေ့ ညနေတွင် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အလုပ်သဘော ညစာစားပွဲတွင် အင်ဒို-ပစိဖိတ်ဆိုင်ရာ အာဆီယံ၏ သဘောထားအမြင်နှင့် ရခိုင်ပြည်နယ် အရေးကိစ္စတို့ကို အလွတ်သဘော ဆွေးနွေးခဲ့သည်။ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် အာဆီယံ ခေါင်းဆောင်များ၏ လမ်းညွှန်ချက်နှင့်အညီ အာဆီယံနှင့် မြန်မာနိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်နိုင်မည့် နယ်ပယ်များကို ကွင်းဆင်းလေ့လာသည့် အာဆီယံဆန်းစစ် လေ့လာရေးအဖွဲ့၏ အစီရင်ခံစာနှင့် ယင်းအစီရင်ခံစာပါ အကြံပြုချက်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များ၊ ဦးစားပေး ဆောင်ရွက်လိုသည့် အခြေခံ လိုအပ်ချက်များကို ရွေးချယ်သတ်မှတ်ရေးနှင့် အာဆီယံ၏ ဆွေးနွေးဘက်ဆက်ဆံရေး နိုင်ငံများထံမှ ကူညီပံ့ပိုးမှုများ ရရှိနိုင်မည့် အလားအလာများ၊ ရခိုင်ပြည်နယ် အရေးကိစ္စဖြေရှင်းရာတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများက တစ်နိုင်ငံချင်းအလိုက် ပူးပေါင်းပြီး ကူညီပံ့ပိုးပေးကြသည့် အခြေအနေများ စသည်တို့အပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ကလည်း အစီရင်ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အသင့်ရှိကြောင်း ပြောကြားပြီး နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက် များကို ရှင်းလင်း အသိပေးခဲ့သည်။ ထို့နောက် အစီရင်ခံစာပါ အကြံပြုချက်များ အကောင်အထည်ဖော်ရေးကို အာဆီယံ အတွင်းရေးမှူးချုပ်အနေဖြင့် ဆက်လက် ဆောင်ရွက်သွားရန် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက သဘောတူညီခဲ့ကြသည်။
ဆက်လက်ထောက်ခံအားပေး
အာဆီယံထိပ်သီး အစည်းအဝေးအပြီးတွင် (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးဥက္ကဋ္ဌ၏ ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် အာဆီယံခေါင်းဆောင် များက ရခိုင်ပြည်နယ်အရေးကိစ္စနှင့် စပ်လျဉ်း၍ လူသားချင်းစာနာမှု အကူအညီများပေးအပ်ရာ တွင်လည်းကောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အဆင်ပြေ ချောမွေ့စေရေးအတွက် ကူညီပံ့ပိုးပေးကြရာတွင်လည်းကောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးကို တိုးမြှင့်ရာတွင် လည်းကောင်း၊ အာဆီယံ၏ အခန်းကဏ္ဍ ပိုမိုမြှင့်တင်ရေးနှင့် ထင်သာမြင်သာရှိစေရေးကို ထောက်ခံအားပေးရန် ထပ်လောင်းအတည်ပြုကြောင်း၊ အာဆီယံ ဆန်းစစ်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာပါ အဓိကအကြံပြုချက် (၃)ရပ် ဖြစ်သည့် ပြန်လည်လက်ခံရေးစခန်းနှင့် ကြားစခန်းတို့၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ နေရပ်ပြန်လာသူများအတွက် မြန်မာအစိုးရ၏ ပြင်ဆင်ဆောင်ရွက် ထားရှိမှုဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေမှု ပိုမိုအားကောင်းစေရေးနှင့် အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးရာတွင် ကူညီပံ့ပိုးရေး စသည်တို့ကို အာဆီယံ အတွင်းရေးမှူးချုပ်အနေဖြင့် အကောင်အထည်ဖော် သွားစေရန် သဘောတူညီကြောင်း၊ ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများ အားလုံး၏ ဘေးကင်းလုံခြုံရေးအတွက် လုံခြုံရေးအစီအမံများကို အတတ်နိုင်ဆုံး ထိထိရောက်ရောက် ဆောင်ရွက်ရန် မြန်မာအစိုးရ၏ ကတိကဝတ်ပြုခြင်းကို ကြိုဆိုကြောင်း၊ ရခိုင်ပြည်နယ်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ လူ့အဖွဲ့အစည်းများအကြား သဟဇာတဖြစ်ရေးနှင့် ပြန်လည်သင့်မြတ်ရေး တို့အတွက် မြန်မာ အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ဆက်လက် ထောက်ခံအားပေးကြောင်း ဖော်ပြထားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၃ရက်

No comments:

Post a Comment