(၁)
မြန်မာနိုင်ငံတွင်
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းကို အမျိုးသားရေး
တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက် လျက်ရှိပြီး
ဘိန်းအစားထိုးစီမံကိန်းများကို ဆယ်စုနှစ်ပေါင်း များစွာ
ဆောင်ရွက်ခဲ့သော်လည်း အပြီးတိုင်လျော့နည်း
ပပျောက်ခြင်းမရှိသေးပါ။
(၂)
တောင်စောင်း၊
တောင်စွယ်တစ်ကြောတွင် စိုက်ပျိုးထားသည့် အပင်လေးများသည်
စိမ်းဖြာ၍ နေသည်။ ဖေဖော်ဝါရီလ ကုန်တွင် ပန်းများပွင့်၍
မိုးမကျမီ အသီးများကောင်းစွာ ကြီးရင့် လေ့ရှိကြသည်။ အသီးများမှာ အစိမ်းရောင်ဖြစ်ပြီး
အသီး၏အပေါ်မှ ပန်းပွင့်ရှိ ပွင့်ဖတ်များမှာ အဖြူစွတ်စွတ်၊
ပန်းဆီရောင်အသွေးကျကျလှပ သည်။ ထိုအပင်လေးများ သည်
လူသားအားလုံးကို အန္တရာယ်ပြုခြိမ်းခြောက်နေပြီး မူးယစ်ဆေးဝါး ထုတ်လုပ်နိုင်သည့်
ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ရှိ တောင်ကုန်း၊
တောင်တန်းထူထပ်သည့် ဒေသများတွင် စိုက်ပျိုးထားသည့် ဘိန်းပင်များ ပင်ဖြစ်သည်။
ဘိန်းစိုက်အိမ်ထောင်စုပေါင်း
သုံးသိန်းခန့်ရှိ
ရှမ်းပြည်နယ်တွင်
မြို့နယ် ၄၀ ၊ ကချင်ပြည် နယ်တွင် ခြောက်မြို့နယ်၊
ကရင်ပြည်နယ်တွင် သုံးမြို့နယ်၊ ချင်းပြည်နယ် တွင်
နှစ်မြို့နယ် စုစုပေါင်း ၅၁ မြို့နယ်တွင် ဘိန်းကို စိုက်ပျိုးနေကြခြင်းဖြစ်ပြီး
ခန့်မှန်းခြေ ဘိန်းစိုက်အိမ်ထောင်စု ပေါင်း သုံးသိန်းခန့်ရှိကြောင်း၊ ရှမ်းပြည်နယ်တွင်
ဘိန်းပင်များကို စီးပွားဖြစ် အဓိကစိုက်ပျိုးနေကြပြီး
အိမ်ထောင်စု ၁၀ စုအနက် တစ်စုသည် ဘိန်းစိုက်ပျိုးနေကြောင်း စာရင်းဇယားများအရ
သိရသည်။
“ကမ္ဘာမှာ အာဖဂန်နစ္စတန်ပြီးရင် မြန်မာက ဘိန်းထုတ်လုပ်မှု
ဒုတိယအများဆုံး ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး ဘိန်း ထုတ်လုပ်မှုရဲ့ ၁၄ ရာခိုင်နှုန်းကို
မြန်မာနိုင်ငံက စိုက်ပျိုးထုတ်လုပ်လျက်ရှိပါတယ်။
တစ်နိုင်ငံလုံးရဲ့ ၉၀ ရာခိုင်နှုန်းကို ရှမ်းပြည်နယ်က စိုက်ပျိုးနေခြင်းဖြစ်ပါတယ်”
ဟု ပန်းတောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်ခင်နှင်းသစ်က ပြောပြသည်။
နယ်မြေငြိမ်းချမ်းမှု၊
လုံခြုံမှုမရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ တရားဥပဒေစိုးမိုးမှု
အားနည်းခြင်း၊ ဒေသခံ ပြည်သူများ ဝင်ငွေနည်းပါးခြင်း၊ အခြားဘ၀ရပ်တည်မှု
ရနိုင်မည့်လုပ်ငန်းများ မရှိခြင်း၊ ရာသီဥတု ပထဝီ အနေအထား မှာ ဘိန်းစိုက်ပျိုးရန်
ပံ့ပိုးနေခြင်း၊ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးသော်လည်း ဈေးကွက်မရှိမှု၊ တွက်ခြေမကိုက်မှု၊
စရိတ် ကြီးမားမှုတို့ကို ရင်ဆိုင်နေရခြင်းဟူသော
အကြောင်းတရားများကြောင့်လည်း ဘိန်းစိုက်ပျိုးမှု ယခုကဲ့သို့ များပြား နေရခြင်းဖြစ်ကြောင်း
၎င်းကဆိုသည်။
နိုင်ငံ့ဂုဏ်သိက္ခာ
ထိခိုက်လျက်ရှိ
“တစ်ကမ္ဘာလုံး ဘိန်းထွက်ရှိမှုရဲ့ လေးပုံတစ်ပုံဟာ မြန်မာ၊
ထိုင်း၊ လာအိုဆိုတဲ့ နိုင်ငံသုံးနိုင်ငံ ဆုံရာဖြစ်တဲ့ ရွှေတြိဂံဒေသက ထွက်တယ်လို့
နိုင်ငံ တကာ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ အခုနှစ် မတ်လက
ထိုင်းနိုင်ငံရဲ့ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု သတင်းစာရှင်းလင်းပွဲမှာ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း
ထိုင်းနိုင်ငံက ဖမ်းမိတဲ့ မယ်သာဖက်တမင်း မူးယစ် ဆေးပမာဏ ၁၀
ဆကျော် မြင့်တက်ခဲ့တဲ့အတွက်
မူးယစ်ဆေးဝါးအဓိကဝင်ရောက်နေတဲ့ မြန်မာနိုင်ငံရဲ့
မူးယစ်ဆေးဝါး ထုတ်လုပ်မှုက ဘယ်လောက် မြင့်မားနေတယ်ဆိုတာ
ညွန်ပြနေတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။ အဲဒီ မူးယစ်ဆေးဝါးတွေဟာ
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ၊ အဲဒီကမှတစ်ဆင့်
အာရှပစိဖိတ်ဒေသကို ဖြတ်သန်းပြီး တောင်ကိုရီးယား၊ နယူးဇီလန် အစရှိတဲ့ နိုင်ငံတွေအထိ ရောက်သွား
တယ်လို့ပါရှိတဲ့အတွက် နိုင်ငံ့ ဂုဏ်သိက္ခာကိုလည်း
ထိခိုက်လျက် ရှိပါတယ်”ဟုလည်း
ပညာရှင်တစ်ဦးက သုံးသပ်ပြသည်။
အမျိုးသားရေးတာဝန်တစ်ရပ်
မူးယစ်ဆေးဝါးထုတ်လုပ်မှု၊
လက်ဝယ်ထားရှိမှု၊ သယ်ဆောင်ဖြန့်ဖြူးမှု၊ ရောင်းဝယ်ဖောက်ကားမှုတို့သည် လူငယ်ထု အတွင်း
အသွင်သ္ဌာန်မျိုးစုံဖြင့် ပျံ့နှံ့လျက်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုများ လာသည်။
အကျဉ်းထောင်ကျနေသူများ၏ ၅၀ ရာခိုင်နှုန်းခန့်မှာ
မူးယစ်ဆေးဝါးမှုများမှဖြစ်ပြီး အများစုမှာ
လူငယ်များဖြစ်နေသည်။ ထို့ကြောင့် နိုင်ငံတော်အတွက် မူးယစ်ဆေးဝါးအန္တတရာယ်ကို
အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ထိရောက်စွာ နှိမ်နင်းရန် လိုအပ်လျက်ရှိသည်။
မူးယစ်ဆေးဝါးအန္တရာယ်
ပပျောက်ရေးအတွက် နိုင်ငံတော်အစိုးရက အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒအသစ်ကို ၂၀၁၈
ခုနှစ် ဖေဖော်ဝါရီလတွင်
ချမှတ်ခဲ့ပြီး အဆိုပါမူဝါဒတွင် နယ်စပ်ဒေသနှင့်
တိုင်းရင်းသား လူမျိုးများ၏ဘ၀ တိုးတက်လာသည်နှင့်အမျှ
ဘိန်းစိုက်ပျိုးမှု တစ်စတစ်စ ချုပ်ငြိမ်းရေး၊ ထုတ်လုပ်မှု ပပျောက်ရေး၊ လူမှုစီးပွားဘဝ
တိုးတက်မြင့်မားရေးတို့ ပါဝင်သည်။
“နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်တို့က
မူးယစ်ဆေးဝါးနှိမ်နင်းဖို့နဲ့ ပတ်သက်ပြီး လုပ်ဆောင်နေ တာတွေ လမ်းညွန်မှာကြားနေ တာတွေလည်း
ရှိပါတယ်။၂၀၁၉ ခုနှစ် (၇၁) နှစ် မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် အချက် ၃
မှာလည်း အရင်နှစ်တွေနဲ့ မတူဘဲ ဒီနှစ်မှာ နိုင်ငံသူ
နိုင်ငံသားတွေရဲ့ ကျန်းမာရေးနဲ့ အကျင့်စာရိတ္တကို ထိခိုက်ပျက်ပြားစေတဲ့ မူးယစ်
ဆေးဝါးသုံးစွဲမှုတွေကို ထိရောက်စွာတားဆီးကာ
ကွယ်ရေးဆိုတဲ့အချက် ပါဝင်လာတာကို တွေ့ရှိရပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်က
ပြောကြားသည်။
နိုင်ငံတော်သမ္မတ၏
ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြုသည့်အချိန်နှင့် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား
ပြောကြားချိန်တို့တွင်လည်း မူးယစ်ဆေးဝါးကို
ပိုမိုနှိမ်နင်းရန် ပြောကြားခဲ့သည်။ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး
အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် လည်း
မူးယစ်ဆေးဝါးပြဿနာများအား ရှင်းလင်း ပြောကြားခဲ့သည်။
လူငယ်အရင်းအမြစ်များ
မပျက်စီးစေရေး
နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း မူးယစ်ဆေးဝါးကြောင့်
နိုင်ငံ့လူငယ်အရင်းအမြစ်များ မပျက်စီးစေရေး အတွက်
၎င်း၏ခံယူချက်ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့သည့် ပြည်သူတို့
ကျေးဇူးတင်လွှာ၌ မြန်မာနိုင်ငံ၏ အနာဂတ်ကို ပိုင်စိုးသော မျိုးဆက်သစ်လူငယ်များ
ကျန်းကျန်းမာမာ ဘေးကင်း လုံခြုံစွာ၊
စိတ်ဓာတ်ကြံ့ခိုင်စွာဖြင့် ကြီးပြင်းလာရေး၊ နိုင်ငံ့တာဝန်များ ကို အသင့်လွှဲပြောင်း
တာဝန်ထမ်းဆောင်နိုင်ရေး အတွက် မူးယစ်ဆေးဝါး အမှောင်ထုကြီးကို
ရှင်းလင်းဖယ်ရှားနိုင်ရန် အရေးကြီးကြောင်း ဖော်ပြခဲ့သည်။
(၃)
နိုင်ငံတော်အစိုးရက
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ဆောင်ရန် တွန်းအားပေးခဲ့ပြီး ပြည်သူများ သတင်းပေး တိုင်ကြားနိုင်သည့်
သီးသန့်ဌာနတစ်ခုလည်း ဖွင့်လှစ်ဆောင်ရွက် လျက်ရှိသည်။
မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ပြည်သူများ သတင်းပေးတိုင်ကြား လိုပါက ပြည်ထဲ ရေးဝန်ကြီးဌာန၊
တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များထံ
တိုင်ကြားနိုင်သလို နိုင်ငံတော် သမ္မတရုံး၏ မူးယစ်ဆေးဝါး အထူးသတင်း
တိုင်ကြားရေးဌာနကို ဖွင့်လှစ်ထားပြီး ဆက်သွယ်တိုင်ကြားနိုင်ကြောင်းကို ၂၀၁၈
ခုနှစ် ဇွန်လ၂၆ ရက်တွင် အများပြည်သူသို့ ထုတ်ပြန်ကြေညာထားသည်။
တိုင်ကြားလာသော
သတင်းများအနက် ၂၀၁၉ ခုနှစ် ဇွန်လ ၁ ရက်အထိ
စုံစမ်းဖော်ထုတ်ချက်များအရ အမှုပေါင်း ၆၃၉ မှု ဖွင့်လှစ်အရေးယူခဲ့ပြီး တရားခံကျား ၈၄၀၊ မ
၁၆၂ ဦး စုစုပေါင်း
၁၀၀၂ ဦး ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိမှုတွင် ဘိန်းဖြူ၊ ICE၊ ဘိန်း၊ အဆင့်နိမ့်ဘိန်း၊ ဘိန်းစာမှုန့်၊ ဘိန်းစာရွက်၊
ဘိန်းစာရည်၊ စိတ်ကြွဆေးပြား၊ ဆေးခြောက်၊ ဘိန်းရည်၊ ဘိန်းဆီခဲ၊ ဘိန်းစေ့၊
စိတ်ကြွဆေးပြားအကြေမှုန့်တို့ကို
သိမ်းဆည်းရမိခဲ့ကြောင်းနှင့် မူးယစ်ဆေးဝါးသတင်း နှင့် ပတ်သက်၍ ဖော်ထုတ်ဖမ်းဆီး
အရေးယူမှုကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း
နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည်။
ဘိန်းစိုက်ပျိုးမှု
ပပျောက်အောင်
“မူးယစ်ဆေးဝါးအန္တတရာယ် ပပျောက်ရေး အတွက်
ဘိန်းစိုက်ပျိုးမှုလျော့နည်းအောင်၊ အဲဒီကတစ်ဆင့် အပြီးတိုင် ချုပ်ငြိမ်း ပပျောက်အောင်
ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ထိုင်းနိုင်ငံမှာ ဆိုရင်လည်း ဘိန်းအစားထိုးစီမံကိန်းတွေ ဆောင်
ရွက်တဲ့အတွက် ဘိန်းစိုက်ပျိုးမှု နှစ်စဉ်လျော့ နည်းလာတာကို
တွေ့ရပါတယ်။ ကုလသမဂ္ဂနဲ့ ပြည်ပနိုင်ငံမှ အဖွဲ့အစည်းတွေက အခုဆိုရင် ရှမ်းပြည်နယ်က
မြို့နယ်ငါးခုမှာ ဘိန်းအစားထိုး စိုက်ပျိုးရေးစီမံကိန်းတွေ
ဆောင်ရွက် နေပါတယ်။ ဘိန်းစိုက်ပျိုးမှု ပပျောက်အောင် ဥပဒေအရ ခွင့်ပြုထားတဲ့
စီးပွားရေးလုပ်ငန်းတွေ၊ အခြား
အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ၊ ဘိန်းစိုက်တောင်သူတွေ ဘ၀ရပ်တည်နိုင်အောင်
လိုအပ်တဲ့ထောက်ပံ့ပေး မှုတွေကို ပြုလုပ်ပေးဖို့ လိုပါတယ်။ အမျိုးသားရေးစီမံချက်တွေ၊
ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွေ၊ ပညာပေး ဆောင်ရွက်မှုတွေ
ပြုလုပ်ပေးသင့်ပါတယ်” ဟု ပညာရှင်များက သုံးသပ်ကြသည်။
ဘိန်းစိုက်သည့်
တောင်သူများသည် မိရိုးဖလာလုပ်ငန်းဖြစ်သည့် အတွက်
နှစ်ပေါင်းများစွာက လုပ်ကိုင်ခဲ့ကြပြီး ဘိန်းစိုက်ပျိုး၍ရ သည့်ငွေက မိသားစု၏
အဓိကဝင်ငွေဖြစ်နေသည်။ ထို့ကြောင့်
၎င်းတို့လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက် ရန်နှင့် ဘ၀ရပ်တည်မှုအတွက် လိုအပ်ချက်များကို
ဖြည့်ဆည်းဆောင်ရွက်ပေးရန်မှာလည်း လိုအပ်လှသည်။
“ဒီဘိန်းစိုက်ပျိုးမှုက ဥပဒေနဲ့ မညီညွတ်ဘူး၊
နိုင်ငံ့ဂုဏ်သိက္ခာလည်း ထိခိုက်တယ်။ နိုင်ငံသားတွေအတွက် ကြီးမားတဲ့ အန္တရာယ်လည်း
ဖြစ်စေတဲ့အတွက် မစိုက်ရဘူးဆိုရင် ဘိန်းစိုက်တောင်သူတွေရဲ့ ဘ၀ရပ်တည်မှုအတွက် လိုအပ်
ချက်တွေကို ဖြည့်ဆည်းပေးရပါ လိမ့်မယ်။
အခြားအစားထိုးလုပ်နိုင်မယ့် ရေရှည်နည်းလမ်း တွေလိုတယ်။ ဒီကြီးမားတဲ့ စိန်ခေါ်မှုကြီးကို
ကျော်လွှားနိုင်ဖို့ဆိုရင် မှန်ကန်တဲ့စီမံခန့်ခွဲမှု အပြင်
လက်တွေ့ကျကျပြောင်းလဲနိုင်တဲ့ အခြေအနေ တစ်ရပ်ကိုလည်း
ဖန်တီးပေးဖို့ လိုပါတယ်” ဟု
ပန်းတောင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်ခင်နှင်းသစ်က သုံးသပ်သည်။
အဆိုတင်သွင်းသူ
ဒေါ်ခင်နှင်းသစ်၏ မဲဆန္ဒနယ်ဖြစ်သည့် ပန်းတောင်းမြို့နယ်သည် ဧရာဝတီမြစ်၏ အနောက် ဘက်ခြမ်းတွင်
သီးခြားတည်ရှိသော ပဲခူးတိုင်းဒေသကြီး၏
မြို့ငယ်တစ်ခုဖြစ်သည်။ ပြည်ခရိုင်တွင် ဧရိယာ အကျယ်ဆုံးမြို့နယ်ဖြစ်သောကြောင့်
အခြေခံလို အပ်ချက်များပြားခြင်း၊ ကုန်သွယ်ခြင်း၊ ကုန်ထုတ်ခြင်း၊ ဒေသထွက် ထုတ်ကုန်
မရှိခြင်းကြောင့် စီးပွားရေးနိမ့်ကျပြီး
ဖွံ့ဖြိုးမှုနောက်ကျသော မြို့နယ်လည်းဖြစ်သည်။
ပြည်သူများအတွက်
ဆောင်ရွက်လျက်ရှိ
ထို့ကြောင့်
ပန်းတောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါ်ခင်နှင်း သစ်က ဒေသခံပြည်သူများအား ကိုယ်စားပြုသော
ဒေသဖွံ့ဖြိုးရေးများ၊ မြေယာပြဿနာများ၊ ရထားလမ်းလျော်ကြေး၊ ကားလမ်းလျော်
ကြေးများအပြင် ဒေသနှင့် နိုင်ငံအတွက် အထူးလိုအပ်လျက်ရှိသော ရေနံရှာဖွေရေးစီမံကိန်း
အောင်မြင်စွာ ဆက်လက်လုပ်ဆောင်နိုင် ရန် မေးခွန်းများနှင့် ထိန်းညှိဆောင်ရွက်ခဲ့သည်။
ထို့အပြင် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် ပညာရေး၊
ကျန်းမာရေး၊ လူမှုစီးပွားဘ၀ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ မေးခွန်းများနှင့်
မှုခင်းကျဆင်းရန် အဆိုကိုလည်း တင်သွင်းခဲ့ပြီး ပြည်သူ
များအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
(၄)
ပြီးခဲ့သည့်
မေလ ၂ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး
တွင် မြန်မာနိုင်ငံရှိ
ဘိန်းအများဆုံးစိုက်ပျိုးရာဒေသများတွင် စဉ်ဆက်မပြတ်
ဖွံ့ဖြိုးရန်အတွက် အစိုးရ ပူးပေါင်း ဆောင်ရွက်မှုဖြင့်
လုပ်ငန်းရှင်များအား ဖိတ်ခေါ်ပြီး ဘိန်းအစားထိုးစီမံကိန်းများ
စနစ်တကျဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို
ဒေါ်ခင်နှင်းသစ်က တင်သွင်းခဲ့သည်။
မြန်မာနိုင်ငံ၏
မူးယစ်ဆေးဝါးအန္တရာယ် လျော့နည်းစေရေးအတွက် ဆောင်ရွက်ရန်သည် ဒေသတစ်ခုချင်း၏ ပြဿနာ
မဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများသာမက ကမ္ဘာ့နိုင်ငံများနှင့်
ဆက်စပ်ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း၊ ထို့ပြင်
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းစတက်အဖွဲ့ဝင်နိုင်ငံ
များနှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး စာချုပ်များကို
လက်မှတ်ရေးထိုးပြီး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း၊
နိုင်ငံတကာ အဖွဲ့အစည်းများအပါအဝင် ကုလသမဂ္ဂနှင့် လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊
ယခုအဆိုအား အတည်ပြု ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာတွင်
ဂုဏ်သိက္ခာရှိသောနိုင်ငံအဖြစ်သို့
ရှေးရှုဦးတည်စေမည်ဖြစ်ပါကြောင်း ဒေါ်ခင်နှင်းသစ်က ပြောကြားသည်။
ဘ၀ရပ်တည်မှုရအောင်
ဖန်တီးပေး
အဆိုနှင့်စပ်လျဉ်း၍
လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးက ရှုထောင့်စုံမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ ဘားအံ မဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းလွင်က
“ဘိန်းစိုက်ပျိုးတဲ့ဒေသတွေဟာ
ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ လိုအပ်တဲ့ဒေသတွေ ဖြစ်ပါတယ်။ တရားဝင်နည်းများနဲ့
ဘ၀ရပ်တည်လို့ မရလို့ သားစဉ်မြေးဆက် ဘိန်းစိုက်ပျိုးနေရ တာ ဖြစ်ပါတယ်။ တရားဝင်
ဘ၀ရပ်တည်မှုမျိုးဖြစ်စေဖို့ ဘိန်းကိုမစိုက်စေချင်ဘူးဆိုရင်
ဘ၀ရပ်တည်မှု ရအောင် ဝိုင်းဝန်းဖန်တီးပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါ့အပြင်
မြန်မာနိုင်ငံမှာ ကမ္ဘာ့နိုင်ငံများနဲ့ ပူးပေါင်းပြီး
ရေရှည်စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင် ၁၇ ချက်ကို ၂၀၃၀
ပြည့် နှစ်အမီ ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ဝေးလံ ခေါင်ဖျား ဖွံ့ဖြိုးမှုနောက်ကျ
ကျန်ခဲ့တဲ့တိုင်းရင်း သားလူမျိုးစုတွေ နေထိုင်ရာဒေသတွေ
မကျန်ခဲ့ဖို့ လိုအပ်ပါတယ်။ မူးယစ်ဆေးဝါး အန္တရာယ် လျော့ပါးရေးဟာ
အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်တာနဲ့ အညီ မူးယစ်ဆေးဝါးရဲ့
အရင်းအမြစ်ဖြစ်တဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ကို လုံးဝဖြတ်တောက်ဖို့ လိုအပ်ပါတယ်။
ဘိန်းစိုက်ဒေသတွေမှာ ဘိန်းအစားထိုး စီမံကိန်းဆောင်ရွက်ဖို့
အစိုးရရဲ့ဘတ်ဂျက်က ထိထိရောက်ရောက် ဆောင်ရွက်ဖို့ အခက်အခဲ
ဖြစ်နေချိန်မှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အစိုးရအနေနဲ့ ပုဂ္ဂလိက
လုပ်ငန်းရှင်တွေ ဖိတ်ခေါ်ပြီး ဘိန်းအစားထိုးစီမံကိန်းတွေ
စနစ်တကျဆောင်ရွက်သင့်ပါတယ်” ဟု လွှတ်တော်သို့ တင်ပြဆွေးနွေးခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က လူသားမျိုးနွယ်တို့၏အန္တရာယ်ဖြစ်သည့် မူးယစ်ဆေးဝါး
အန္တရာယ်ကို နိုင်ငံတော်အစိုးရအနေဖြင့် မိမိတို့နိုင်ငံ၏ တားဆီးကာကွယ်မှု
စွမ်းအားဖြင့်လည်းကောင်း၊ ဒေသတွင်း နိုင်ငံများ၊
အိမ်နီးချင်းနိုင်ငံ များဖြင့် လည်းကောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်
ပူးပေါင်း၍ ကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တစိုက်မတ်မတ် အကောင်အထည်ဖော်
ဆောင်ရွက်ခဲ့ပါကြောင်း၊ အနာဂတ်တွင် လည်း
ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ အဆိုနှင့်စပ်လျဉ်း၍ လက်ရှိအခြေ
အနေတွင် နိုင်ငံတော်အစိုးရ၏ အတိတ်က ဆောင်ရွက်ချက်များ၊ လတ်တလောဆောင်ရွက်ချက်များ
အပြင် အနာဂတ်ကာလတွင် လည်း ဆက်လက်
ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
အစားထိုးစီမံကိန်းများ
ဆောင်ရွက်ပေး
မူးယစ်ဆေးဝါးအန္တရာယ်သည်
မြန်မာတစ်မျိုး သားလုံးအတွက် သာမက ကမ္ဘာ့လူသားအားလုံးအတွက် ကြီးမားသည့်
စိန်ခေါ်မှုတစ်ရပ်ဖြစ်သည့်အတွက် တားဆီးကာကွယ်ခြင်း၊ အစားထိုး စီမံကိန်းများ
ဆောင်ရွက်ပေးခြင်းစသည့် လုပ်ငန်း စဉ်များသည် ကြီးမားကျယ်ပြန့်ပါကြောင်း၊
ကြီးမားကျယ်ပြန့်ခြင်းနှင့်အတူ နည်းပညာ၊ အချိန်နှင့်
ငွေကြေး အင်အား ပမာဏများပြားစွာ သုံးစွဲဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ကြောင်းကို
တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဘိန်းအစားထိုး
လုပ်ငန်းစဉ်များအား ပုဂ္ဂလိကလုပ်ငန်းရှင်များက တက်တက်ကြွကြွ လက်တွဲပူးပေါင်း
ကူညီဆောင် ရွက်မည်ဆိုပါက ဒေသခံတောင်သူများအတွက် များစွာအကျိုးရှိမည့်
လုပ်ငန်းတစ်ရပ်ဖြစ်သည့်အတွက် နိုင်ငံတော် အစိုးရနှင့်
ပူးပေါင်းဆောင်ရွက်ရန်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင် များကို
ဖိတ်ခေါ်အပ်ပါကြောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး
ဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ နှင့်လည်း ဆက်သွယ်၍
လုပ်ထုံးလုပ်နည်းများနှင့် အညီ
ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းနှင့် အဆိုအား
အတည်ပြုပေးပါရန် ရှင်းလင်းပြောကြားခဲ့ကာ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။
ပုဂ္ဂလိကလုပ်ငန်းရှင်တွေ
လက်တွဲဆောင်ရွက်
“မူးယစ်ဆေးဝါးအန္တရာယ်ဟာ မြန်မာတစ်မျိုး သားလုံးသာမက
ကမ္ဘာ့လူသားတွေ အားလုံးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်တဲ့ အတွက် တားဆီးကာကွယ်ခြင်း၊
အစားထိုးစီမံကိန်းတွေ ဆောင်ရွက်ပေးခြင်း
စတဲ့လုပ်ငန်းစဉ်တွေဟာလည်း ကြီးမားကျယ်ပြန့်ပါတယ်။ နည်းပညာ၊ အချိန်နဲ့ ငွေကြေးအင်အား
ပမာဏ များပြားစွာ သုံးစွဲဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တစ်ရပ် လည်း ဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရရဲ့ ဘိန်းအစားထိုး ဖွံ့ဖြိုးရေး
လုပ်ငန်းစဉ်တွေမှာ ပုဂ္ဂလိကလုပ်ငန်းရှင်တွေက တက်တက်ကြွကြွနဲ့ လက်တွဲဆောင်ရွက်မယ်ဆိုရင်
ဒေသခံဘိန်းစိုက်တောင်သူတွေ အတွက်
အဆင်ပြေအကျိုးရှိမှာဖြစ်ပါတယ်” ဟု ဒေါ်ခင်နှင်း သစ်က ပြောသည်။
“အခုဆိုရင် ရှမ်းပြည်နယ်က ဘိန်းစိုက်တဲ့
နေရာတွေမှာ အစားထိုးသီးနှံအနေနဲ့ ဝူးလုံ လက်ဖက်ခြောက် ဧက
၂၀၀ ကျော် စိုက်ပျိုးထားပြီ ဖြစ်ပါတယ်။ အဲဒီလက်ဖက်ခြောက်ကို ပြည်တွင်းတင်သာမက
ပြည်ပအထိဖြန့်ဖို့ ရည်ရွယ် ထားတယ်လို့ လည်း သိရပါတယ်။
အဲဒီလိုပဲ ကော်ဖီပင်တွေလည်း စိုက်ပျိုးလို့ ရပါတယ်။ ဒါကြောင့် ဘိန်းအစားထိုး
စီမံကိန်းတွေမှာ ဒီလိုစိုက်ပျိုးသီးနှံတွေ စိုက်ပျိုးဖို့
ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ဖိတ်ခေါ်အပ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
တိုင်းရင်းသားများအရေး
ဦးစားပေးမူဝါဒ
ပြည်သူ့လွှတ်တော်က
အတည်ပြုလိုက်သည့် မြန်မာနိုင်ငံရှိ ဘိန်းအများဆုံး
စိုက်ပျိုးရာ ဒေသများတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရန်အတွက်
အစိုးရပူးပေါင်းဆောင်ရွက်မှုဖြင့် ပုဂ္ဂလိက
လုပ်ငန်းရှင်များအား ဖိတ်ခေါ်ပြီး ဘိန်းအစား ထိုးစီမံကိန်း များ စနစ်တကျဆောင်ရွက်နိုင်ရန်
ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုသည်
တိုင်းရင်းသားများအရေး ကို ဦးစားပေးဆောင်ရွက်နေသည့် လက်ရှိအစိုးရ၏ မူဝါဒနှင့်လည်း
ကိုက်ညီလျက်ရှိသည်။
ထို့ကြောင့်
နိုင်ငံသူ နိုင်ငံသားများ အားလုံး၏ ကောင်းကျိုးအတွက်
အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ဘိန်းအစားထိုး စီမံကိန်းများ
စနစ်တကျဆောင်ရွက်နိုင်ရန် စွမ်းဆောင်နိုင်သော ပုဂ္ဂလိက
လုပ်ငန်းရှင်များက အစိုးရအကူအညီဖြင့် ပူးပေါင်းဆောင်ရွက် ကြမည်။ ဝေးလံခေါင်ဖျားသည့် တောင်ပေါ်
ဒေသများတွင် နေထိုင်ကြသည့် တိုင်းရင်းသား ညီအစ်ကို
မောင်နှမများကလည်း စာနာနားလည်စွာဖြင့် ပူးပေါင်းပါဝင်ကြမည်ဆိုပါက အဆိပ်ပင်များ နေရာတွင်
ဖွံ့ဖြိုးရေးအသီး အပွင့်များ ဖူးပွင့်ဝေဆာလာလိမ့်မည်ဟု
ယုံကြည်မျှော်လင့်မိပါသည်။ ။
နန္ဒာဝင်း

No comments:
Post a Comment