Wednesday, June 5, 2019

နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ရန် ရည်ရွယ်လျက်ရှိသော စစ်ကိုင်းမြို့က ကြေးပန်းချီလုပ်ငန်း




မြန်မာတို့ခေတ်အဆက်ဆက် အသုံးပြုလာသော ကြေးကို ဆန်းသစ်တီထွင်ပြီး ခေတ်နှင့်လျော်ညီစွာ မွမ်းမံ၍ ကြေးဖြင့် ဖန်တီးထားသော ပန်းချီကားချပ်များသည် ယခုအခါ ပြည်တွင်း၌ စိတ်ဝင်စား လူကြိုက်များလာပြီး အလုပ်ဖြစ်လာသော ကြောင့် ပြည်တွင်းသာမက နိုင်ငံတကာအထိ ဈေးကွက်သို့ ရောက်ရှိရန် ရည်ရွယ်၍ ဖန်တီး ပြုလုပ်လျက်ရှိကြောင်း စစ်ကိုင်းမြို့ ရွာထောင်ရပ်ကွက်မှ ကြေးပန်းချီလုပ်ငန်းပြုလုပ်သူ ကိုကျော်ကျော်ထံမှ သိရသည်။

ကြေးဖြင့်ပြုလုပ်သည့် ပန်းချီကားရုပ်ကြွများမှာ အိမ်အလှဆင်ခြင်း လုပ်ငန်း၊ အိမ်တက်မင်္ဂလာ၊ မွေးနေ့မင်္ဂလာများတွင် လက်ဆောင်ပေး၍သာမက ဟိုတယ်လုပ်ငန်းအလှဆင်ရန် အသုံးပြုလာသည့်အတွက် ပိုမိုတွင်ကျယ်လျက်ရှိကာ ပြည်တွင်းဈေးကွက် အတော်အသင့်နေရာရရှိနေပြီဖြစ်သည်။
ကြေးပန်းချီကားချပ် ပြုလုပ်ပုံနှင့်ပတ်သက်၍ ပထမဦးစွာ စာရွက်ပေါ်မှာ လိုချင် တဲ့ ဒီဇိုင်းဆွဲရတယ်။ ဒီဇိုင်းဆွဲထားတဲ့ အရွယ်အစားကိုကြည့်ပြီး ကြေးပြားကို တိုင်းတာ ဖြတ်လိုက်တယ်။ ဖြတ်ပြီးတဲ့ကြေးပြားကို ညီညာအောင် ထုရိုက်ပြီး ဒီဇိုင်းဆွဲထားတဲ့ စက္ကူပြန်ကပ်တယ်။ စက္ကူပေါ် ပုံအတိုင်း စူး၊ ဆောက်တွေနဲ့ အကြမ်းထွင်းထုတ်တယ်။ အကြမ်း ထွင်းထုတ်ပြီးတဲ့ ကြေးပြားကို မီးအပူပေးတယ်။ မီးအပူပေးပြီး လိုချင်တဲ့ပုံစံ စူး၊ ဆောက်တွေနဲ့ အနုစိတ် ထွင်းထုပြုလုပ်ပြီး မလိုတဲ့အပိုင်းတွေကို ဖြတ်ထုတ်လိုက် တယ်။ ပြီးရင် အရောင်တင်တယ်။ လိုချင်တဲ့ပုံစံ အရောင်တင်ပြီး ကတ္တီပါနောက်ခံနဲ့ ပေါင်ကွပ်ကာ ဈေးကွက်မှာ ရောင်းချပါတယ်။ ပန်းချီအခြေခံရှိပြီးသားသူတွေ အတွက် လုပ်ကိုင်ရင် ပိုအဆင်ပြေပါ တယ်ဟု စစ်ကိုင်းမြို့ ရွာထောင်ရပ်ကွက်မှ ၁၀ နှစ်ကျော် ကြေးပန်းချီ လုပ်ငန်းပြုလုပ်သူ ကိုကျော်ကျော်က ပြောသည်။
၁၀ နှစ်ကျော်ကာလအတွင်းမှာ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး အခက်အခဲတွေလည်း တွေ့ရပါတယ်။ ကြေးဈေးနှုန်း အတက်အကျတွေ၊ ပညာရှင်လုပ်သားရှားပါးမှုတွေ ကြောင့် အခက်အခဲတွေလည်း တွေ့ရတယ်။ ဒါပေမယ့် ဒီလို ရှားပါးစွာ ဆန်းသစ်တီထွင် ထားတဲ့ ကြေးပန်းချီပညာတွေ ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းချင်တာကြောင့် ဆက်လက်ပြီး လုပ်ဆောင်နေပါတယ်။ နောင်လည်း ဆက်လုပ်သွားမှာပါ။ ကြေးပန်းချီ လုပ်ငန်းနဲ့ နိုင်ငံတကာ ဈေးကွက်အထိ ထိုးဖောက်ဖို့ ရည်ရွယ်ပြီး ဖန်တီးဆောင်ရွက် နေပါတယ်။ မျိုးဆက်သစ်တွေကို မွေးထုတ်ပေး သွားမှာပါဟု ၎င်းကဆက်ပြောသည်။
အဆိုပါ ကြေးဖြင့်ပြုလုပ်သော ပန်းချီကားချပ်များမှာ မြန်မာ့ဇာတ်တော်ကြီး ၁၀ ဘွဲ့ ၊ ဟင်္သာမောင်နှံ၊ တိရစ္ဆာန် ရုပ်လေးများ၊ မြန်မာတို့၏ အသုံးအဆောင်ပစ္စည်းများကို အမှတ်တရအဖြစ် ကြေးဖြင့်ပုံဖော်ကာ မြန်မာ့ယဉ်ကျေးမှုကို ဖော်ပြနေသည့် လုပ်ငန်းဖြစ်ပြီး ကြေးကိုပုံဖော်ကာ ဆန်းသစ်စွာ တီထွင်ဖန်တီးထားသော ကြေးပန်းချီ ကားချပ်များကို ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများအထိ ဈေးကွက်ရယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေဖြိုးအောင်၊ သန်းဇော်မင်း (ပြန်/ဆက်)

No comments:

Post a Comment