Monday, May 6, 2019

ပညာဘဏ် စာကြည့်တိုက် ဖွင့်လှစ်ခြင်း (၇) နှစ်ပြည့်နှင့် စကုဒေသ သမိုင်းပြခန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပ






စကု မေ ၆

ပညာဘဏ် စာကြည့်တိုက် ဖွင့်လှစ်ခြင်း (၇) နှစ်ပြည့်နှင့် စကုဒေသ သမိုင်းပြခန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ ပညာဘဏ် စာကြည့် တိုက်တွင် ကျင်းပ ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် စာကြည့်တိုက် နာယက ဦးသန်းထွန်းမှ အဖွင့်အမှာစကား ပြောကြားပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်းနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငွေ တို့က အမှတ်တရ ဝမ်းမြောက်စကား ပြောကြားခဲ့ကြသည်။ ထို့နောက် စာကြည့်တိုက် ဒုဥက္ကဋ္ဌ ဦးသိန်းဝေမှ စာကြည့်တိုက်လုပ်ငန်း စဉ်များအကြောင်း ရှင်းလင်းပြောကြားပြီး အတွင်းရေးမှူး ဦးဇော်မျိုးဦးမှ စကုဒေသ သမိုင်းပြခန်း ဖြစ်ပေါ်လာပုံ အကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ စာကြည့်တိုက် ဘဏ္ဍာရေးမှူး ဦးကျော်ဆန်းဝင်းမှ နှစ်ချုပ် စာရင်းများ ရှင်းလင်း တင်ပြခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများက အကြံပြု ဖြည့်စွက်ရှင်းလင်း တင်ပြ ခဲ့ကြသည်။

ထို့နောက် စကုပညာဘဏ် စာကြည့်တိုက်တွင် စာဖတ်အများဆုံးဆု ရရှိသူများနှင့် ဗဟုသုတ မေးခွန်း ဖြေဆိုမှု ပြိုင်ပွဲတွင် ဆုရရှိသူများ အား ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ် တမ်းလွှာများ ပေးအပ် ခဲ့ကြောင်း သိရသည်။ ယင်းနောက် စကုမြို့၊ ပညာဘဏ်စာကြည့်တိုက်တွင် ဖွင့်လှစ်ထားရှိသည့် စကု သမိုင်း ပြခန်း အား ဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာကြသူများက စကုဒေသ သမိုင်းပြခန်းအား လှည့်လည်ကြည့် ရှုခဲ့ကြ ကြောင်း သိရသည်။

မျိုးမြတ်(မင်းဘူး)

No comments:

Post a Comment