Tuesday, April 16, 2019

“၀” အထူးဒေသ (၂) ၏ ငြိမ်းချမ်းရေးနှစ် (၃၀) ပြည့် အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ဦးဆောင်သော အစိုးရကိုယ်စားလှယ်အဖွဲ့ တက်ရောက်ရန်ထွက်ခွာ




ပန်ဆန်း၊ ဧပြီ ၁၆

ဧပြီ ၁၇ ရက်နေ့တွင် ကျရောက်မည့် “၀ အထူးဒေသ (၂) ၏ ငြိမ်းချမ်းရေးနှစ် (၃၀) ပြည့် အခမ်းအနားသို့ တက်ရောက်ရန် အတွက် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေး ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်အကြံပေး ဦးမိုးဇော်ဦးတို့ပါဝင်သည့် အဖွဲ့သည် ယနေ့နံနက် ၆ နာရီခွဲက ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်မှတစ်ဆင့် ကျိုင်းတုံလေဆိပ်သို့ ထွက်ခွာခဲ့ကြသည်။

ကျိုင်းတုံလေဆိပ်မှ တစ်ဆင့် ရဟတ်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာရာ နံနက် ၉ နာရီ ၄၀ မိနစ်တွင် ၀ အထူးဒေသ(၂) ပန်ဆန်းမြို့ သို့ ရောက်ရှိကြပြီး ၀ ပြည်သွေးစည်း ညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ များဖြစ်ကြသည့် ဦးကျောက်ကော်အန်း နှင့် ဦးပေါက်ယူရိ၊ ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ၏ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် ဦးရှောက်မီလျန်၊ ဗဟိုရုံးအုပ် ဦးအောင်မြင့် ၊ လယ်ယာဆည်မြောင်း နှင့် စိုက်ပျိုးရေး ဌာနအကြီးအမှူး ဦးလောရာခု၊ နိုင်ငံရေးဌာနအကြီးအမှူး ဦးရင်ဆန်းပိင်၊ မိုင်းမောခရိုင်အတွင်းရေးမှူး ဦးစိုက်ပေါင်းနှင့် “၀ အထူးဒေသ ၄၆၈ တပ်မဟာမှူး ဦးပေါက်အိုက်ပန်း တို့က ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေဦးဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့အား ၀ ပြည် သွေးစည်းညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦးပေါက်ယူချန်းနှင့်အဖွဲ့သည်ပန်ဆန်းမြို့ “၀ အထူးဒေသ(၂) ရုံးဧည့်ခန်းမ၌ တွေ့ဆုံသည်။

ထို့သို့တွေ့ဆုံရာတွင် ဦးပေါက်ယူချန်းက ယခုကဲ့သို့ နိုင်ငံတော်အစိုးရကိုယ်စားလှယ်များ အနေဖြင့် ပန်ဆန်းကို လာရောက်သည့်အပေါ် ၀မ်းသာကြိုဆိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပန်ဆန်းသို့ ကိုယ်တိုင် တက်ရောက်ခြင်းမပြုနိုင်သော်လည်း စာသ၀ဏ်လွှာပါးလိုက်ကြောင်း၊ ၀ ဒေသ အောင်မြင်တိုးတက် ပါစေကြောင်း၊ နိုင်ငံတော်အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အတူတကွ တည်ဆောက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံးအောင်မြင် ပါစေကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က မိမိတို့နိုင်ငံ၏ နှစ်သစ်ကူး ကာလနှင့်အတူ တထပ်တည်းကျရောက်နေသည့် ၀ ဒေသ၏ နှစ် ၃၀ ပြည့် ငြိမ်းချမ်းရေး အခမ်းအနားကို လာရောက်ပူးပေါင်းဆောင်ရွက် ရသည့်အတွက် အထူးဝမ်းမြောက်ပါကြောင်း၊ ၀ ဒေသအတွင်း အနှစ် ၃၀ လုံး ကျည်ဆံတစ်တောင့်မျှမထွက်ပဲ ငြိမ်းချမ်းရေးကို တည်ဆောက် ထိန်းသိမ်းနိုင်ခဲ့သည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ စွမ်းရည်အပေါ် အသိအမှတ်ပြုလေးစား ပါကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးကို လက်နက်ကိုင်လမ်းစဉ်ဖြင့် ဖော်ဆောင်၍မရ ၊ ညီအစ်ကိုစိတ်ဓာတ်ဖြင့် ဖော်ဆောင်၍သာ ရနိုင်မည်ဟူသည့် ခိုင်မာသည့် စိတ်ဓာတ်ကို ထောက်ခံပါကြောင်း၊ ဝဒေသအတွက် လိုလားချက်နှင့် တောင်းဆိုချက်များကို ဒီမိုကရေစီ ဖက်ဒရယ် တည်ဆောက်ရန် နိုင်ငံရေးနည်းဖြင့် တစ်ဆင့်ချင်း ညှိနှိုင်းဆွေးနွေးနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် ဖိတ်ခေါ်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေဦးဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့အား ၀ ကိုယ်ပိုင်အုပ်ခွင့်ရဒေသ၏ တာဝန်ရှိသူများက နားလော့ရိပ်သာတွင် နေ့လည်စာဖြင့် တည့်ခင်းဧည့်ခံ ခဲ့ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment