Wednesday, February 27, 2019

တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ် အကောင်အထည် ဖော်ဆောင်ရွက်ရေး ညှိနှိုင်း အစည်းအဝေးကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ ၂၆
တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ် အကောင်အထည် ဖော်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ဒက္ခိဏခရိုင် တရားရုံး၌ ကျင်းပသည်။

အစည်းအဝေးတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် ချမှတ် အကောင်အထည် ဖော်ခြင်းဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်နှင့် မန္တလေး တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးစိုးသိန်းတို့က အဖွင့်အမှာစကား ပြောကြားကြသည်။
ထို့နောက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ Professor Yoshino Takayoshi က တရားရုံးမှ ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ် အကျဉ်းချုပ်ကို ရှင်းလင်း ပြောကြားသည်။
အဆိုပါ စမ်းသပ်အစီအစဉ်သည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကာ နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိခရိုင် တရားရုံး၊ တပ်ကုန်း မြို့နယ်တရားရုံး၊ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တရားရုံးနှင့် တောင်ငူမြို့နယ် တရားရုံးတို့တွင် မတ် ၁ ရက်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
တရားရုံးက ဦးဆောင်သော စေ့စပ်ဖြေရှင်းရေး အစီအစဉ်ကြောင့် အချက်အလက် များကို လုံခြုံစွာ လျှို့ဝှက်ထားနိုင်ခြင်း၊ အမှုသည်များကိုယ်တိုင် လွယ်ကူစွာ ပါဝင်နိုင်ခြင်း၊ အချိန်တိုအတွင်း ဖြေရှင်းနိုင်ခြင်း၊ အမှုသည်များအား စိတ်ကျေနပ်မှု မြင့်မားစေနိုင်ခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ အပြင်အမှုသည်များအကြား ဆက်ဆံရေးတိုးတက် ကောင်မွန်စေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း အဆိုပါအစည်းအဝေးမှ သိရသည်။
သတင်းစဉ်

No comments:

Post a Comment