Friday, January 18, 2019

နိုင်ငံတော်ငွေပေးချေမှု ကြီးကြပ်မှုကော်မတီ ပထမအကြိမ် အစည်းအဝေးကျင်းပ


နေပြည်တော် ဇန်နဝါရီ ၁၈
မြန်မာနိုင်ငံ၏ ငွေပေးချေမှု လုပ်ငန်းများကို မဟာဗျူဟာအဆင့်တွင် ကြီးကြပ်ရန် အတွက် "နိုင်ငံတော်ငွေပေးချေမှု စနစ်ကြီးကြပ်မှု ကော်မတီ (National Payment System Governing Committee)" ၏ ပထမအကြိမ် အစည်းအဝေးကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲတွင်  ကျင်းပသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက မြန်မာနိုင်ငံ ငွေပေးချေမှုစနစ် အကောင်အထည်ပေါ်လာရေးနှင့် အများပြည်သူ၏ နေ့စဉ် ငွေပေးချေမှုများတွင် ထိထိရောက်ရောက် လက်တွေ့ အသုံးချသည့် ငွေပေးချေမှု စနစ်ဖြစ်ရေးအတွက် နိုင်ငံတော်အဆင့်မှ ကြီးကြပ်ဖော်ဆောင်ရေး၊ ငွေပေးချေမှုစနစ်များအား ပြည်သူများအတွက် ဝန်ဆောင်မှု စရိတ်သက်သာစွာ အသုံးပြုနိုင်ရေး လိုအပ်သော အစီအမံများ ပြုလုပ်သွားနိုင်ရေး၊ ငွေပေးချေမှုစနစ်များ လုံခြုံရေးနှင့် ပြည်သူလူထု၏ ယုံကြည်မှုရရှိရေး စီစဉ်ဆောင်ရွက်သွားနိုင်ရေးနှင့် တရားမဝင် ငွေပေးချေမှု ဝန်ဆောင်မှု လုပ်ငန်းများကို မိမိနိုင်ငံ၏ ငွေပေးချေမှု စနစ်အောက်တွင် ပါဝင်လာစေရေး ဆောင်ရွက်ရန် ပြောကြားသည်။
အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန်းမြင့်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးဘိုဘိုငယ်နှင့် နိုင်ငံတော်ငွေပေးချေမှုကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအလိုက် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment