နေပြည်တော်၊ နိုဝင်ဘာ ၉
ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်း၊
နေပြည်တော်၏ ပထမအကြိမ် သူနာပြုသားဖွား ဒီပလိုမာ အောင်လက်မှတ်
အပ်နှင်းပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ
အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပရာ ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် အမှာစကား
ပြောကြားသည်။ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသည့် အခမ်းအနားသည် မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် အလွန်အရေးပါပြီး ပြည်သူလူထုနှင့် တိုက်ရိုက် ထိတွေ့၍ အခြေခံကျသည့် ကျန်းမာရေး စောင့်ရှောက်မှုများကို တာဝန်ယူ ဆောင်ရွက် ကြမည့် သူနာပြုဆရာ/ ဆရာမလောင်းလျာများအား သူနာပြုသားဖွား ဒီပလိုမာ အောင်လက်မှတ် ပေးအပ်ပွဲဖြစ်၍ ဂုဏ်ယူဖွယ် အခမ်းအနား တစ်ခု ဖြစ်ပါကြောင်း။ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် သူနာပြုနှင့် သားဖွားများသည် အခြားကျန်းမာရေးဝန်ထမ်းများ အားလုံးနှင့်တန်းတူ အရေးကြီးသဖြင့် ဝန်ကြီးဌာနအနေဖြင့် သူနာပြုနှင့် သားဖွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ရာထူးအခွင့် အလမ်းတိုးတက်ရေးတို့ကို အလေးပေးဆောင်ရွက်လျက်ရှိပြီး ပုံမှန် သူနာပြုသိပ္ပံဘွဲ့နှင့် ပေါင်းကူးသူနာပြုသိပ္ပံဘွဲ့ တို့အပြင် ဝန်ထမ်းသူနာပြုများအတွက်သူနာပြု တက္ကသိုလ်၌ အချိန်ပိုင်း Off-Campus Program နှင့် အချိန်ပြည့်On-Campus Program တက်ရောက် ခြင်းဖြင့် သူနာပြုသိပ္ပံဘွဲ့ကိုရရှိရန် ယခုနှစ်မှ စတင်၍ ဖွင့်လှစ်သင်ကြားမည် ဖြစ်ပါကြောင်း။
အထူးပြုသူနာပြုဒီပလိုမာ (၉)လသင်တန်း၊ သူနာပြုသိပ္ပံ၊ မဟာဘွဲ့နှင့် ပါရဂူ ဘွဲ့သင်တန်းများကိုလည်း သင်ကြားပေးလျက် ရှိပါကြောင်း၊ ယခုအောင်လက်မှတ် ရရှိသူ သူနာပြုများအနေဖြင့် မိမိကိုယ်တိုင်နှင့် သူနာပြုလောကကြီး တစ်ခုလုံး ပိုမိုတိုးတက် စေရန် ရည်မှန်းချက်များ ချမှတ်ဆောင်ရွက် ရမည်ဖြစ်ပြီးသူနာပြုသိပ္ပံ၊ မဟာဘွဲ့နှင့် ပါရဂူ ဘွဲ့ များရရှိရန်အထိ ဆက်လက်ကြိုးပမ်း ကြစေလိုကြောင်း။
ဝန်ကြီးဌာနအနေဖြင့် သူနာပြုများကို နိုင်ငံတကာသင်တန်းများ တက်ရောက်နိုင်ရန် ဆက်လက်တိုးမြှင့် စေလွှတ်လျက်ရှိသဖြင့် အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုတိုးတက်စေရန်နှင့် အခြေခံကွန်ပျူတာနည်းပညာ တတ်ကျွမ်းစေရန် ကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ လက်ရှိတွင် ပြည်ပနိုင်ငံများရှိ တက္ကသိုလ်များမှ သူနာပြုပါရဂူဘွဲ့ ရရှိသူ (၂)ဦးနှင့် တက်ရောက်နေသူ (၈)ဦး၊ သူနာပြုမဟာဘွဲ့ ရရှိသူ (၁၈)ဦးနှင့် တက်ရောက်နေသူ (၅)ဦးရှိပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် သူနာပြုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုင်ငံတစ်ဝန်းရှိ သူနာပြုသင်တန်းကျောင်းများတွင် ယခင်နှစ်များက နှစ်စဉ်သင်တန်းသား (၁၈၀၀)ဦး ခေါ်ယူရာမှ ယခုနှစ်မှစတင်၍ သင်တန်းသားဦးရေ (၃၆၉၀) ဦးအထိ တိုးမြှင့် ခေါ်ယူသင်ကြား လေ့ကျင့်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် သူနာပြုတက္ကသိုလ် (ရန်ကုန်) နှင့် သူနာပြုတက္ကသိုလ် (မန္တလေး) တို့တွင်လည်း ယခုနှစ်မှစတင်၍ သင်တန်းသား/သူ (၂၅၀)ဦးစီအထိ တိုးမြှင့်ခေါ်ယူသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သူနာပြုသင်တန်းကျောင်း(နေပြည်တော်) ကျောင်းအုပ်ကြီး ဒေါ်စန်းစန်း လင်းက သင်တန်းကျောင်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက် သွားမည့်လုပ်ငန်းစဉ်များကို ပြောကြားရှင်းလင်းသည်။
သူနာပြုသင်တန်းကျောင်း၊ နေပြည်တော်ကို (၂၀၁၅) ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့ အောင်လက်မှတ်ရရှိခဲ့သည့် သူနာပြု (၆၈) ဦးသည် ပထမဆုံးအကြိမ် အောင်မြင် ခဲ့သူများဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment