Friday, November 9, 2018

သက်မွေးအကြိုသင်တန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ


ရန်ကုန် နိုဝင်ဘာ ၉
သက်မွေးအကြို သင်တန်းကျောင်း ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန် တိုင်းဒေသကြီး လှိုင်မြို့နယ် မင်းဓမ္မဥယျာဉ်အိမ်ရာ ပညာရေးရိပ်သာဝင်းအတွင်း ကျင်းပသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် နည်းပညာနှင့် သက်မွေးပညာသည် ပညာရေးကဏ္ဍ၏ အဓိကကျသည့် Main Screening (၃) ခုအနက် အရေးပါသည့်
အခန်းကဏ္ဍတစ်ခုဖြစ်သည်ကို သဘောပေါက်ရန်လိုအပ်ပါကြောင်း၊ အသက်မွေးမှု အတတ်ပညာ သင်တန်းကျောင်း (CVT Myanmar) သည် ၂၀၀၂ ခုနှစ်မှစတင်၍ အလုပ်သင် ပညာရေးစနစ် (Dual Education/Apprenticeship) ကို အကောင်အထည် ဖော်ဆောင်ရွက်နေသည့် အဖွဲ့အစည်း ဖြစ်ပါကြောင်း။
CVT ၏ အဓိကကဏ္ဍ (၂)ခုဖြစ်သည့် သက်မွေးအကြိုသင်တန်း အလုပ်သင် စနစ် အသက်မွေးဝမ်း ကျောင်းပညာသင်တန်းတို့သည် မြန်မာ လူငယ်များအတွက် စာတွေ့လက်တွေ့ အလုပ်သင်ပညာရေးစနစ်ကို ဖော်ဆောင် ပေးနေသည့် တစ်ခု တည်းသော ရေရှည်သင်ယူနိုင်သည့် ပညာရေး ပုံစံတစ်ခုဖြစ်ပြီး CVT Myanmar မှ သင်တန်းဆင်းလူငယ်ပေါင်း (၁၁၀၀)ဦးနှင့် E4Y သင်တန်းဆင်း (၁၁၆) ဦး မွေးထုတ် ပေးနိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။
ယခုကဲ့သို့ လူငယ်ကျွမ်းကျင် လုပ်သားများ နှစ်စဉ်မွေးထုတ် ပေးနိုင်ခြင်း၊ လူငယ်စီးပွားရေး လုပ်ငန်းရှင်များ အတွက် သင်တန်းများနှင့်စွမ်းရည်ရှိသော Instructors မွေးထုတ် ပေးလျက်ရှိသည်ကို တွေ့ရ သည့်အတွက် မြန်မာလူငယ်များ အနေဖြင့် ကျွမ်းကျင် လုပ်သားများဖြစ်လာသည့် အပြင် သင်ယူထားသည့် အတတ် ပညာများဖြင့် မိမိတို့၏ဘဝကို လျှောက်လှမ်းနိုင်မည် ဖြစ်ပါကြောင်း။
အမျိုးသား မဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁) တွင်ပါရှိသည့် အဓိကမြှင့်တင် မည့် ကဏ္ဍကြီး(၇) ရပ်မှာ နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍ၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးကဏ္ဍတို့ ပါဝင်ပါကြောင်း၊ E4Y ကဲ့သို့ ကျောင်းပြင်ပရောက် လူငယ်လူရွယ်များအတွက် သင်ယူမှု ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးပြီး သင်ယူမှုများ ရပ်တန့်မသွားရန် တစ်သက်တာပညာရေးကို ဖော်ဆောင် ပေးနေသည်ကိုလည်း ဝမ်းမြောက်မိပါကြောင်း၊ ယခုကဲ့သို့ ပညာရေးဝန်ကြီးဌာနမှ အသုံးပြုခွင့်ပံ့ပိုးပေးသည့် ကျောင်းဆောင်သစ်တွင် ဟိုတယ်နှင့်ဧည့်ဝတ်ပြုမှုဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများနှင့်အခြားသော သက်မွေး ပညာသင်တန်းများကို ထပ်မံတိုးချဲ့ ဖွင့်လှစ်ခြင်းဖြင့် လူငယ်များ၏ ဘဝရပ်တည်နိုင်ရေးအတွက် ကြိုးပမ်းဖော် ဆောင်ပေး ရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် CVT Myanmar မှ ဥက္ကဋ္ဌ Mr.Heini Portmann က ကျေးဇူးတင် စကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ CVT Myanmar ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများသည် ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။
ထို့နောက် CVT Myanmar မှ CEO ဒေါ်ခင်မြတ်စန္ဒာက ပညာရေးဝန်ကြီးဌာနသို့ ကျေးဇူးတင် ၀မ်းမြောက်ကြောင်း စာလွှာပေးအပ်သည်။
CVT Myanmar သည် ၂၀၀၂ ခုနှစ်မှ စတင်၍ အလုပ်သင် ပညာရေးစနစ်ကို အကောင်အထည် ဖော်ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်ပြီး သက်မွေးအကြို သင်တန်း(E4Y)၊ သက်မွေးမှုနည်းပညာ သင်တန်း (VET) နှင့် စွမ်းရည်မြှင့်သင်တန်း အစီအစဉ်များကို လုပ်ဆောင်လျက်ရှိသည်။
ထို့ပြင် သက်မွေးအကြို သင်တန်းကျောင်းတွင် ကျောင်းပြင်ပရောက် လူငယ် လူရွယ်များအတွက် သက်မွေးပညာ အခြေခံ စာပေပညာ လုပ်ငန်းခွင် အကျိုးပြု ဘာသာ ရပ်များ ကာယ၊ ဥာဏ၊ စာရိတ္တ ဖွံ့ဖြိုးရေး ဘက်စုံ ဖွံ့ဖြိုးရေးအတွက် ကျွမ်းကျင်မှု အခြေပြုသင်ရိုးများဖြင့် သင်ယူသူ ဗဟိုပြုသင်ကြားမှုပုံစံဖြင့် အခမဲ့ သင်ကြားပေးလျက် ရှိပြီး ယခုနှစ် စာသင်နှစ်တွင် E4Y သင်တန်းသား ၁၃၅ ဦးတက်ရောက်လျက်ရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment