Friday, November 9, 2018

လုပ်ငန်းခွင်အတွင်း ကျား၊မ ရေးရာ တန်းတူညီမျှမှု ရှိစေရန်အတွက် အလုပ်သမားရေးရာ လုပ်ငန်းခွင်နှင့် ကျား၊ မရေးရာ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ



နေပြည်တော် နိုဝင်ဘာ ၉
အလုပ်သမားရေးရာ လုပ်ငန်းခွင်နှင့် ကျား၊ မရေးရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Horizontal Lake View Hotel တွင် ကျင်းပပြုလုပ်ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသည့် အလုပ်ရုံ ဆွေးနွေးပွဲသည် လွန်ခဲ့သော (၁၀)နှစ်ကျော် မှစ၍ အီးယူ၏ အကူအညီဖြင့် မြန်မာနိုင်ငံတွင် ကျား၊ မ ရေးရာ တန်းတူ ညီရေး ကိစ္စများကို လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် Gender Equality Network အဖွဲ့နှင့် ဝန်ကြီးဌာနတို့ ပူးပေါင်း၍ အလုပ်သမား ရေးရာနှင့် လုပ်ငန်းခွင်တွင် ကျား၊ မရေးရာ ရှုထောင့်မှ ထည့်သွင်းစဉ်းစားပြီး လိုအပ်သည့် အစီအမံ များဆောင်ရွက်နိုင်ရန် အသိပညာဖြန့်ဝေသည့် အလုပ်ရုံ ဆွေးနွေးပွဲဖြစ်ပါကြောင်း။
ခွဲခြားဆက်ဆံမှုမရှိရေး သဘောတရားသည် လုပ်ငန်းခွင်ဆိုင်ရာ အခြေခံမူဘောင် သဘော တရားနှင့် အခွင့်အရေးများတွင် တစ်ချက်အပါအဝင်ဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးများတွင် အမျိုးသမီးများ ပါဝင်လာမှုသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကိုများစွာ အထောက်အကူ ဖြစ်စေသည်ဟု သုတေသန ပြုမှုများမှ တဆင့် သိရှိရသည့်အတွက် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် လည်း အဆိုပါအချက်ကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်သည် အမျိုးသမီးများဖြစ်ပြီး မြန်မာနိုင်ငံရှိ လုပ်သားအင်အား၏ ထက်ဝက်ခန့်မှာ အမျိုးသမီးများ ဖြစ်သည်ကို ထုတ်ပြန်ထားသည့် စာရင်းဇယားများအရ သိရှိနိုင်ပြီး မြန်မာနိုင်ငံရှိ လုပ်ငန်းခွင်များတွင်လည်း အမျိုးသမီး လုပ်သားများ ခွဲခြား ဆက်ဆံခံရမှုများ ရှိကောင်းရှိနိုင်မည် ဖြစ်ပါကြောင်း၊ သို့ရာတွင် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံအရ အခြားနိုင်ငံများထက်ခွဲခြား ဆက်ဆံမှုဖြစ်ပေါ်ခြင်း နည်းပါးသည်ကို အားလုံးသိရှိမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံသည် ကျား၊မ တန်းတူညီရေးကို အလေးထားကြောင်း ပြသသည့် ထင်ရှားသော ပြယုဂ်မှာ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်းမှ တိုက်ဖျက်ရေး ပြဋ္ဌာန်းချက် (CEDAW) ကို ၁၉၉၇ ခုနှစ် မှစတင်၍ လိုက်နာ ကျင့်သုံးရန် ကတိပြုထား သည့် အချက်ပင် ဖြစ်ပါကြောင်း။
နိုင်ငံတကာ စံနှုန်းများနှင့်အညီ အမျိုးသမီးများကို ကာကွယ်ပေးနိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှဦးဆောင်၍ အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှ တားဆီးကာကွယ်ရေး ဥပဒေကို ရေးဆွဲလျက် ရှိပါကြောင်း။
နိုင်ငံတော်၏ ယန္တရားတစ်ခုဖြစ်သည့် အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၃-၂၀၂၂) တွင်လည်း အမျိုးသမီး အခွင့်အရေးများ အား မြှင့်တင်ရေးနှင့် ကာကွယ် စောင့်ရှောက်ရေး အတွက် နိုင်ငံတော် အစိုးရအနေဖြင့် ကတိကဝတ်များ ပေးထားပြီးဖြစ်ရာ လုပ်ငန်းခွင်နှင့် အလုပ်သမား ရေးရာ ကဏ္ဍတွင် ကျား၊မ တန်းတူ ညီမျှစေရန် ဆောင်ရွက်ခြင်းဖြင့် အဆိုပါမဟာဗျူဟာ စီမံကိန်းထဲတွင် ပါဝင်နေသည့် “အမျိုးသမီးများနှင့် အသက်မွေးဝမ်းကျောင်းမှု” နှင့် “အမျိုးသမီးများနှင့် စီးပွားရေး”ဆိုသည့် ကဏ္ဍကိုပါ တစ်စိတ် တစ်ပိုင်း အကောင် အထည်ဖော်ပြီး ဖြစ်နိုင်ပါကြောင်း။
ILO နှင့် မိမိတို့ဝန်ကြီးဌာနအကြား ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည့် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ဌာနေ အစီအစဉ် (Decent Work Country Programme) ပြုစုရေးဆွဲရာတွင်လည်း ကျားမတန်းတူ ဖြစ်မှုမြှင့်တင်ရေးနှင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးကို ထည့်သွင်းစဉ်းစားရေးဆွဲထားပါကြောင်း ပြောကြားသည်။
ထို့နောက် ကျား၊မရေးရာ တန်းတူညီမျှရေးကွန်ယက်အဖွဲ့ (Gender Equality Network) မှ နည်းပညာ အကြံပေး ဦးအောင်ထွန်းခိုင် က အလုပ်သမားရေးရာ လုပ်ငန်းခွင်နှင့် ကျား၊ မ ရေးရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဆွေးနွေးပွဲ တက်ရောက်လာကြသူများသည် လုပ်ငန်းခွင်နှင့် အလုပ်သမားရေးရာ ကျား၊မတန်း တူညီမျှရေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ လက်တွေ့တွင် ကြုံတွေ့နေရသည့် အခြေအနေများအား ဝိုင်းဝန်း အကြံပြု ဆွေးနွေးကြ သည်။
ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် Gender Equality Network တို့ ပူးပေါင်း ကျင်းပခြင်း ဖြစ်သည်။
(သတင်းစဉ်)

No comments:

Post a Comment