Friday, November 9, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ၀န်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် လုပ်ငန်းတို့မှ ၀န်ထမ်းများနှင့်တွေ့ဆုံ


ရန်ကုန်-နိုဝင်ဘာ ၉
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ တွင် ရန်ကုန်မြို့၌ ၀န်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် လုပ်ငန်းတို့မှ ၀န်ထမ်းများ နှင့် တွေ့ဆုံသည်။
ပြည်ထောင်စုဝန်ကြီးသည် နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား စတူဒီယို(A)၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ၀န်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး တက်ရောက် လာကြသူများက လက်ရှိသတင်းထုတ်လွှင့်တင်ဆက်နေမှု၊ အစီအစဉ်သစ်များ တိုးချဲ့ ရိုက်ကူးနိုင်မည့် အခြေအနေများကို အကြံပြုတင်ပြကြပြီး ၀န်ထမ်းအင်အားလိုအပ်မှု၊ လုပ်ငန်းလိုအပ်ချက်များ၊ ၀န်ထမ်းမိသားစုများ၏ လိုအပ်ချက်များကို တင်ပြကြရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် က ပြန်လည်ရှင်းလင်းပြော ကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနနှင့် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းတို့မှ ၀န်ထမ်းများနှင့် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ စုပေါင်းခန်းမ၌ တွေ့ဆုံသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး တက်ရောက်လာ ကြသူများက စွယ်စုံကျမ်း ပြန်လည်ထုတ်ဝေရာတွင် လိုအပ်သည့်အချက်အလက် များကိစ္စ ၊ ၀န်ထမ်း သက်သာ ချောင်ချိရေး လုပ်ငန်းများ ပိုမိုဆောင်ရွက်ပေးနိုင်ရေး တို့နှင့်စပ်လျဉ်း၍ တင်ပြကြရာ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းပြောကြားသည်။
ဝန်ထမ်းများနှင့် တွေ့ဆုံပွဲများတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ၀န်ထမ်းများ အရည်အသွေးတိုးတက်ရေး သည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရှင်သန်မှုကို အဆုံးအဖြတ် ပေးသည့်အတွက် အရေးကြီးပါကြောင်း။
ကမ္ဘာတွင် သိပ္ပံနှင့် နည်းပညာသည် အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်း လဲနေပြီး အထူးသဖြင့် မိမိတို့နှင့် တိုက်ရိုက်သက်ဆိုင်သည့် သတင်းအချက်အလက်နှင့် နည်းပညာသည် အချိန်နှင့်အမျှ ပြောင်းလဲတိုးတက် နေသည့်အတွက် လူတိုင်း လူတိုင်း သည် စဉ်ဆက်မပြတ် လေ့လာနေရန် လိုအပ်ပါကြောင်း၊ သတင်းအချက် အလက် များနှင့် အလုပ်လုပ်ကိုင်နေသူများသည် ပြောင်းလဲနေသည့်အနေအထားနှင့် အညီ လိုက်ပါပြီး မိမိတို့အရည်အချင်း ကို ဖြည့်တင်းနေရန် လိုအပ်ပါကြောင်း၊ ၀န်ထမ်းများ၏ တစ်ဦးချင်း အရည်အသွေးတိုးတက်မြင့်မားရေးသည် တစ်ဦးချင်း၏ အကျိုးစီး ပွားဖြစ် ပါကြောင်း၊ မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေရသည့် ပတ်ဝန်းကျင်တွင် မိမိတို့၏ အရည် အသွေးကို တိုးတက်အောင် ဆောင်ရွက်စေလိုပါကြောင်း။
ဌာနများ အရည်အသွေးတိုးမြှင့်ရေးအတွက် စဉ်းစားသည့်အခါ နှစ်ခုစဉ်းစား၍ ရပါကြောင်း၊ တစ်ခုမှာ ပုံမှန်လုပ်နေသည့် လုပ်ရိုးလုပ်စဉ်အလုပ်များကို ချို့ယွင်းချက်၊ အားနည်းချက်မရှိအောင် အနည်းဆုံးဖြစ်အောင် (သို့မဟုတ်) စိတ်တိုင်းအကျဆုံးဖြစ် အောင် ဆောင်ရွက်ခြင်း ၊ နောက်တစ်ခုမှာ တီထွင်ဆန်းသစ်ပြီး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်းတို့ ဖြစ်ပါကြောင်း၊ သို့မှသာ လုပ်ငန်းများတိုးတက်လာမည်ဖြစ်ပါ ကြောင်း။
ဌာနအသီးသီးတွင် ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များသည် မိမိတို့ ကဏ္ဍတွင် ပိုမိုကောင်းမွန်အောင် လုပ်ကိုင် ဆောင်ရွက်ခြင်းဖြင့် ဌာနတိုးတက်လာမည် ဖြစ်ပါ ကြောင်း၊ တစ်ချိန်တည်းမှာပင် မိမိတို့၏ အရည်အသွေး တိုးတက်သွားမည် ဖြစ်သည့် အတွက် တစ်ဦးချင်းအတွက် အခွင့်အလမ်းများသည် ဌာနအတွင်းတွင်ဖြစ်စေ၊ နောင် ပြောင်းလဲလာမည့်အနေအထားတွင်ဖြစ်စေ ရှင်သန်ရပ်တည်ရန် အထောက်အကူ ပြုစေ မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက လက်ရှိလုပ်ဆောင်နေသည့်လုပ်ငန်းများကို အမှားအယွင်းကင်းစင်အောင်၊ ချောမွေ့စွာ ဆောင်ရွက်နိုင်ပါက အောင်မြင်မည်ဖြစ်ပါ ကြောင်း၊ နိုင်ငံပိုင် သတင်းစာတွင် တာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းများအနေဖြင့် သတင်းအချက်အလက် မှန်ကန်ရေး၊ သတင်းစာ ထွက်ချိန် ပုံမှန်ဖြစ်စေရေးနှင့် အများ စိတ်ဝင်စားသည့် ပိုမိုကောင်းမွန်သော သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံများကို ဖော်ပြနိုင်ရန် လိုအပ်ပါကြောင်း။
စာပေဗိမာန်သည် စာပေဆုများ၊ အမျိုးသားစာပေဆုများ၊ စာအုပ်ဈေးရောင်း ပွဲများ၊ စာကြည့်တိုက်များဖြင့် ပုံမှန်လည်ပတ်နေသည့် အလုပ်များဖြစ်သောကြောင့် အဆိုပါ အလုပ်များကို ပိုမိုကောင်းမွန်အောင်၊ စိတ်ဝင်စားအောင် ဆက်လက် ဆောင် ရွက်သွားရမည်ဖြစ်ပါကြောင်း၊ စာပေဗိမာန်သည် အစဉ်အဆက် အမွေရထားသည့် ယုံကြည်မှုများစွာရှိပါကြောင်း၊ ယခုအခါ မြန်မာဂန္ထ၀င်အတွဲ ၁၀၀ စာစဉ် ထုတ်ဝေ နိုင်ရေး ဆောင်ရွက်နေပြီး မြန်မာ့စွယ်စုံကျမ်း ထွက်ရှိနိုင်ရေးကိုလည်း ဆောင်ရွက် လျက်ရှိပါကြောင်း။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်နေသည့် ကလေး စာပေပွဲတော်များကို အနယ်နယ်အရပ်ရပ်တွင် ဆောင်ရွက်သည့်အခါ စိတ်ဝင်စား သူများ ပိုမိုများပြားလာသည်ကို တွေ့ရှိရပါကြောင်း၊ မြစ်ကြီးနားနှင့် လွိုင်ကော် အပါအ၀င် အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီး မြို့ကြီးများတွင်လည်း ဆက်လက် ကျင်းပသွားရန် ရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ကျင်းပမည့် ကလေးစာပေ ပွဲတော်ကို ထူးထူးခြားခြား ဖြစ်အောင်ဆောင်ရွက်ရန် ပြင်ဆင်ထားပါကြောင်း။
ဝန်ထမ်းများအနေဖြင့် မိမိတို့၏ အလုပ်များကို ပိုမိုကောင်းမွန်အောင် ဆောင် ရွက်သွားရင်းဖြင့် ဌာနများသည် တန်ဖိုးရှိသည့်ဌာန၊ အများအသိအမှတ်ပြုခံရသည့် ဌာနများ၊ ကိုယ်တိုင်လည်း ကိုယ့်အလုပ် အပေါ်ကျေနပ်ဂုဏ်ယူနိုင်သည့် ဌာနဖြစ်မည်ဟု မြင်ပါကြောင်း၊ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရင်း ဌာနမှဝန်ထမ်းတစ်ဦးချင်း အရည် အသွေး တိုးတက်လာမည်ဟု မြင်ပါကြောင်း၊ ၀န်ထမ်းများအနေဖြင့် မိမိဆောင်ရွက် သည့် လုပ်ငန်း၊ ဌာန ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ကူး၊ စိတ်သန်းကောင်းများဖြင့် ဆက်လက်ဆောင်ရွက် သွားကြစေလိုပါကြောင်း ပြောကြားခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment