ထားဝယ် နိုဝင်ဘာ ၉
ထိုင်းနိုင်ငံဘုရင်မင်းမြတ် မဟာဗာဂျီရာလောင်ကွန်း ဘိုဒင်ဒရာထေ့ဖရဝရန်ကွန်၏
ကထိန်အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီ တနင်္သာရီ တိုင်းဒေသကြီး
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် မြို့ဟောင်းရွာရှိ သမိုင်းဝင်
ရှင်ဇလွန်ဘုရား၌ ကျင်းပသည်။
ကထိန်အလှူတော် မင်္ဂလာအခမ်းအနားတွင် ရှင်ဇလွန် ဘုရားကြီးကျောင်းတိုက် ပဓာန နာယက ဆရာတော်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူကြသည်။
ထို့နောက် ကျောင်းတိုက် ပဓာနနာယက ဆရာတော်နှင့် သံဃာတော် အရှင်သူမြတ်များ ထံ ထိုင်း - မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများက ထိုင်းဘုရင့် ကထိန် သင်္ကန်းတော်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ကျောင်းတိုက်ပဓာနနာယက ဆရာတော်ထံ ထိုင်းနိုင်ငံသံရုံး ယာယီ တာဝန်ခံ က ထိုင်းဘုရင့်မင်းမြတ်နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန၏ အလှူတော်ငွေကျပ် ၆၅၇၅၁၅၁၀ ကို ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြ သည်။
ယင်းနောက် မြို့ဟောင်းရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) မြန်မာ -ထိုင်း ချစ်ကြည်ရေး ကျောင်းဆောင် ဖွင့်လှစ်ခြင်းနှင့် လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို ဆက်လက် ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ ဦးအောင်မိုးက ကျောင်းဆောင်သစ် လှူဒါန်းရ ခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထိုနောက် သာသနဓဇဓမ္မာစရိယ ပြည်တွင်း/ပြည်ပ နယ်လှည့်သာသနာပြု ဓမ္မကထိက ရှင်ဇလွန်ဆရာတော် ပဓာနနာယက ဘဒ္ဒန္တအရှင်ဦးဝိစိတ္တသာရ၊ ထိုင်း -မြန်မာ ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ သံအမတ်ကြီး(ငြိမ်း) မစ္စတာ ဘန်ဒစ်ဆိုထစ်ပါလာလစ်နှင့် တိုင်းဒေသကြီး လူမှု ရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်တို့က မြန်မာ - ထိုင်း ချစ်ကြည်ရေး ကျောင်းဆောင် သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ယင်းနောက် ရှင်ဇလွန်ဆရာတော်က ကျောင်းဆောင်သစ်အား တိုင်းဒေသကြီး ပညာရေးမှူးထံ လွှဲပြောင်းပေးအပ်ပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှု့ကြသည်။
(ခရိုင်ပြန်/ဆက်)

No comments:
Post a Comment