Friday, November 9, 2018

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသား လူမျိုးစုရေးရာ ကော်မရှင် ဒုတိယဝန်ကြီး ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို


 နေပြည်တော် နိုဝင်ဘာ ၉
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသား လူမျိုးစုရေးရာ ကော်မရှင်ဒုတိယဝန်ကြီး Mr.Li Changping ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး မြန်မာ့ကျောက်မျက် ရတနာ ပြတိုက်ကို ကြည့်ရှုလေ့လာ သည်။

ရှေးဦးစွာဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးအား လှည့်လည် ဖူးမြော်ကြည်ညိုကြရာ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင် ဦးကြည်လွင်က စေတီတော်ကြီး၏ သမိုင်းကြောင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စေတီတော်မြတ်ကြီး လှိုဏ်အတွင်းရှိ ကျောက်စိမ်း ဗုဒ္ဓရုပ်ပွားတော်များအား ဖူးမြော်ကြည်ညိုကြပြီး ပန်း၊ ရေချမ်း၊ ဆက်ကပ်ပူဇော်ကာ စေတီတော်လှိုဏ် အတွင်းရှိ ဖွား၊ ပွင့်၊ ဟော၊ စံ စကျင်ကျောက်သား ဗုဒ္ဓပန်းချီကားများအား လှည့်လည်ကြည့်ရှုပြီး ဥပ္ပါတသန္တိ စေတီတော် ဂေါပကအဖွဲ့ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် စေတီတော်ကြီးအရှေ့ဘက်မုခ်ရှိ ရတနာဆင်ဖြူ တော်များအား ကြည့်ရှု လေ့လာကြသည်။
ထိုမှတဆင့် ဒုတိယ ဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ရှိ မြန်မာ့ကျောက်မျက်ရတနာ ပြတိုက်သို့ ရောက်ရှိကြရာ ပြတိုက် တာဝန်ခံ ဒုတိယ အထွေထွေမန်နေဂျာ ဦးသက်ဇော်ဦးက ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ကျောက်မျက် ရတနာများအား လိုက်လံရှင်းလင်း ပြသသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ် ရေးထိုးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဝင်များ၊ အမျိုးသားလွှတ်တော် တိုင်းရင်းသား ရေးရာဆိုင်ရာ ကော်မတီဝင်များနှင့် ပြည်သူ့ လွှတ်တော် ရေးရာ အဆောင်အမှတ် (I-6) တွင် တွေ့ဆုံ၍ နှစ်နိုင်ငံ တိုင်းရင်းသားရေးရာ ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment