နေပြည်တော် စက်တင်ဘာ ၂၈
၂၀၁၈ ခုနှစ် အောက်တိုဘာ
၁ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများနေ့ ဂုဏ်ပြု အခမ်းအနားကို
ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂
၌ ကျင်းပသည်။
ဂုဏ်ပြုအခမ်းအနားသို့
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စု ၀န်ကြီး
ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒေါက်တာဝင်းမြတ်အေးနှင့် နိုင်သက်လွင်၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊
ဌာနဆိုင်ရာအကြီးအကဲ များ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊
မြန်မာနိုင်ငံဆိုင်ရာ သံရုံးများမှ သံအမတ်ကြီးများ၊ ထူးချွန်ဘိုးဘွားများနှင့် ဂုဏ်ပြုခံဘိုးဘွားများ၊
ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင်
လူဦးရေ အချိုးအစား ပြောင်းလဲလာမှုကို ကြုံတွေ့နေကြရ ပါကြောင်း၊ သက်ကြီးရွယ်အိုဦးရေ အချိုးအစားသည်
ယခင်ကာလများထက် ပိုမိုများပြားလာသည်ကို တွေ့ရှိရမည်ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံတွင်
အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးရွယ်အို ရာခိုင်နှုန်းသည် ၁၉၇၃ ခုနှစ်က ၆ ရာခိုင်နှုန်း၊
၁၉၈၃ ခုနှစ်တွင် ၆ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ၈ ဒသမ ၉ ရာခိုင်နှုန်းအထိ
တိုးတက်ပြောင်းလဲ လာပါကြောင်း၊ ပြောင်းလဲမှုဖြစ်စဉ်နှင့်အတူ စိန်ခေါ်မှုများပါ တစ်ပါတည်းပါလာပါကြောင်း၊
စိန်ခေါ်မှုများကို အခွင့်အလမ်း များအဖြစ် မည်သို့ပြောင်းလဲကြရမည်ဆိုသည့်အချက်သည် အရေးကြီးသည့်
အချက်တစ်ချက် ဖြစ်သည်ကို နားလည်ပါ ကြောင်း။
မိမိတို့ မြန်မာ့လူ့အဖွဲ့အစည်းသည်
ရှေးအစဉ်အလာ အဆက်ဆက်ကတည်းက သက်ကြီးရွယ်အိုများကို လေးစားတန်ဖိုး ထားတတ်ကြပြီး သားသမီး၊
မြေးမြစ်များက အတူနေထိုင် ပြုစု စောင့်ရှောက် တတ်ကြသည်ကို အစဉ်အလာအားဖြင့် မှတ်ယူခဲ့ကြပါကြောင်း၊
သို့သော် ပြောင်းလဲလာသည့် လူမှု၊ စီးပွားအခြေအနေများနှင့်အတူ ဘိုးဘွား၊ မိဘ၊ သားသမီး
မြေးမြစ်များ အတူနေပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန်စောင့်ရှောက်ကြသည့် ဓလေ့သည်လည်းလျော့ပါးလာပြီ
ဖြစ်ပါကြောင်း၊ ထို့ကြောင့် အစဉ်အလာအားဖြင့် သိထားသော သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးနည်းလမ်းသည်
သက်ကြီး ရွယ်အိုအားလုံးကို လွှမ်းခြုံနိုင်သည့် နည်းလမ်းတစ်ခုမဟုတ်တော့ပါကြောင်း။ အစဉ်အလာအားဖြင့်
မိသားစုက ပြုစုစောင့်ရှောက်ခြင်း နည်းလမ်းအပြင် အခြားသော ရပ်ရွာအခြေပြု သက်ကြီးရွယ်အို
ပြုစုစောင့်ရှောက်ခြင်း၊ သက်ကြီး ရွယ်အို နေ့ပိုင်းစောင့်ရှောက်ခြင်းနှင့် အခြားသော
ပြုစုစောင့်ရှောက်သည့် နည်းလမ်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံရှိ
သက်ကြီးရွယ်အိုများသည် သက်ကြီးရွယ်အိုဘဝ ဝင်ငွေမလုံခြုံမှု၊ ကျန်းမာရေးပြုစု စောင့်ရှောက်မှုဆိုင်ရာ
ပြဿနာနှင့် လူမှုရေးအထီးကျန်မှုဆိုင်ရာ ပြဿနာများကို ရင်ဆိုင်နေကြရသည့်အတွက် နိုင်ငံတော်အစိုးရအနေနဲ့
သက်ကြီးရွယ်အို ဘဝဝင်ငွေလုံခြုံရေးကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး သက်ကြီးရွယ်အိုများအတွက်
ငွေကြေး အထောက်အပံ့ပေးသည့် အစီအစဉ်ဖြစ်သည့် လူမှုရေးပင်စင်အစီအစဉ်ကို ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ်ကစတင်ပြီး
အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ပါကြောင်း။ စတင်ဆောင်ရွက်ခဲ့စဉ်က အကျိုးခံစားခွင့်အတွက်
အကျုံးဝင်မှု အသက်ကို ၉၀ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများဟု သတ်မှတ်ခဲ့သော်လည်း လာမည့်
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်ကစပြီး အသက် ၈၅ နှစ်အထိ အကျုံးဝင်အသက်ကိုလျော့၍ သတ်မှတ်သွားမည်ဖြစ်ပါကြောင်း၊
မူလအစီအစဉ်တွင် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရရှိသူ သက်ကြီးရွယ်အိုဦးရေသည် (၄၃၄၃၉)
ဦး ရှိရာမှ (၁၄၀,၀၀၀) ဦးအထိ ပိုမိုပါဝင်လာ မည်ဖြစ်ပါကြောင်း။ သက်ကြီးရွယ်အိုများအတွက်
ကျန်းမာရေးပြုစုစောင့်ရှောက်မှုနှင့် ပတ်သက်ပြီး သက်ကြီးရွယ်အိုများ ဆိုင်ရာ ဥပဒေပါ
သက်ကြီး ရွယ်အိုများ၏ အခွင့်အရေးများနှင့်အညီ အကောင်အထည်ဖော်ဆောင်ပေးနိုင်ရန်အတွက်
သက်ဆိုင်ရာဝန်ကြီးဌာနများက ကြိုးပမ်းဆောင်ရွက်ပေး သွားကြရမည်ဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အို
များအတွက် ကျန်းမာရေးစောင့်ရှောက်မှုသည် သာမန်နှင့်သမားရိုးကျ ကျန်းမာရေးပြုစု စောင့်ရှောက်မှု
များသာမဟုတ်ဘဲ ကာလ ကြာရှည် ပြုစုစောင့်ရှောက်ခြင်း (Long-term Care)နှင့် ကာလကြာရှည်
ပြုစုစောင့်ရှောက်ခံရခြင်းမျိုး မလိုအပ်သေးသည့် သက်ကြီးရွယ်အိုများအတွက် ကြိုတင်ကာကွယ်ပေးသည့်
ဝန်ဆောင်မှုများ (Prevention from Long-term Care) တို့ကိုလည်း ထည့်သွင်းဆောင်ရွက်သွားရန်
လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယခုနှစ် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အခမ်းအနား၏
ဆောင်ပုဒ်သည် “သက်ကြီး အခွင့်အရေးဖော်ဆောင်ဖို့ ကြိုးပမ်းသူကိုဂုဏ်ပြုစို့”
ဟု ဖြစ်သည်။
ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံမှ
ပေးပို့သောသ၀ဏ်လွှာကို UNDP ဌာနေ ကိုယ်စားလှယ် UN Resident and Humanitarian
Coordinator, Mr.Knut Ostby က ဖတ်ကြားသည်။
ယင်းနောက် ကဏ္ဍအလိုက်
ထူးချွန်ဘိုးဘွားများနှင့် ဂုဏ်ပြုခံဘိုးဘွားများ ထံ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ
မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ
ဝင်းမြတ်အေးတို့က ဂုဏ်ပြု မှတ်တမ်းလွှာများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ
ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊
ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း၊
အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်တင်ဝင်း၊
မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြနှင့် Help Age International
(Myanmar) မှ Country Director Mr. God Fred Paul တို့က ဆေးဝါး ပစ္စည်းများနှင့်
အလှူငွေများ ကိုလည်းကောင်း ပေးအပ်လှူဒါန်းကြသည်။
ယင်းနောက် စိုက်ပျိုးရေး၊
မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်
ကလေး စောင့်ရှောက် ရေးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများစောင့်ရှောက်ရေးအဖွဲ့တို့မှ
ကိုယ်စားလှယ်များက အလှူငွေများပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက
လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် သက်ကြီးရွယ်အို
နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှ ဘိုးဘွားများက “လူမှုဝန်ထမ်း တာဝန် ကျေစေမည်”
ဘိုးဘွားဂုဏ်ပြုတေးဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက
ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် မြန်မာနိုင်ငံသက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးနှင့်
အခွင့်အရေးဆိုင်ရာ ဆောင်ရွက်ချက် ဗီဒီယို မှတ်တမ်းကိုပြသပြီး ဘိုးဘွားများကိုယ်စား
သက်ကြီးသူချင်း ကူညီစောင့်ရှောက်ရေး အဖွဲ့ဥက္ကဋ္ဌဖြစ်သူ အဘွားတစ်ဦးက ကျေးဇူးတင်စကား
ပြန်လည်ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင်
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည်
အဆိုပါခန်းမအတွင်း၌ ခင်းကျင်းပြသထားသည့်ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊
မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့်
အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေးအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏
သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလှုပ်ရှားမှုဓာတ်ပုံပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့
ဂုဏ်ပြုအခမ်းအနားတွင် ဂုဏ်ပြုခံ ထူးချွန် ဘိုးဘွား တစ်ဦးလျှင် အလှူငွေ တစ်သိန်းကျပ်နှင့်
ဂါရ၀ပြုလက်ဆောင်များ၊ ဂုဏ်ပြုခံဘိုးဘွားတစ်ဦးလျှင် အလှူငွေ ငါးသောင်းကျပ်နှင့် ဂါရ၀ပြု
လက်ဆောင်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment