Friday, September 28, 2018

ဒုတိယသမ္မတ ဦးမြင့်ဆွေ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ ဆဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား


နေပြည်တော်၊ စက်တင်ဘာ၂၈
အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ် ညိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီနာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအုန်းဝင်း၊ ဗဟိုကော်မတီဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးလှကျော်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် ဗဟိုကော်မတီဝင်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများဖြစ်သည့် နေပြည်တော် ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ လုပ်ငန်းကော်မတီ (၆) ခုမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရမ ဟုတ်သောအဖွဲ့အစည်းများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။  
အစည်းအဝေးတွင် ဒုတိယသမ္မတက  နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဟန်ချက်ညီညီ ချိန်ညှိပြီး မိမိတို့၏ ဘုံရည်မှန်းချက်ဖြစ်သည့် “ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ကဏ္ဍအသီးသီးတွင် ပေါင်းစပ်ဆောင်ရွက်နိုင်ရန်”  အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုများ များပြားလာမှုနှင့်အတူ သဘာဝ သယံဇာတအရင်းအနှီးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကြောင့် သဘာဝဂေဟစနစ်နှင့် ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုများ မဖြစ်စေရန်၊ စက်မှုလုပ်ငန်းများ နှင့် မြို့ပြတိုးချဲ့မှုများကြောင့် မြေ၊ ရေ၊ လေ စသည့် ပတ်ဝန်းကျင် အရည်အသွေးကျဆင်းမှုနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများမရှိအောင် အလေးထားဖြေရှင်းဆောင်ရွက်ရန် အလွန်အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်စဉ်ခံစား နေရသည့် ရာသီဥတုပြောင်းလဲမှုဆိုးကျိုးများ သည်လည်း နိုင်ငံ့စီးပွားရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက စိန်ခေါ်မှုကြီး တစ်ခုဖြစ်သည့်အတွက် ယင်းကိုကြိုတင်ကာကွယ်နိုင်ရန် မိမိတို့ အစဉ်တစိုက် အလေးထားဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ကြီး တစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးအတွက် “ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် ပေါင်းစပ်ဆောင်ရွက်မည့် ခိုင်မာအားကောင်းသော ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ် တစ်ရပ်ကို ” တည်ထောင်ရန် လိုအပ်ပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ရေးဆွဲထားသည့် “ မြန်မာနိုင်ငံရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀) ” (Myanmar Sustainable Development Plan) ၏ မဟာဗျူဟာ ရည်မှန်းချက် (၅) ရပ်တွင် အမျိုးသား ချမ်းသာကြွယ်ဝမှုအတွက် သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဦးစားပေးမဟာဗျူဟာတစ်ရပ်အနေနှင့် ထည့်သွင်းရေးဆွဲထားသည့်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် နိုင်ငံတော်၏ အရေးပေးဆောင်ရွက်ရမည့် အဓိကမဏ္ဍိုင်တစ်ရပ်ဖြစ်သည်ကို အခိုင်အမာ ပြောကြားလိုပါကြောင်း။
ယင်းဦးတည်ချက်အပေါ်တွင်အခြေခံပြီး လက်ရှိနိုင်ငံတော်အစိုးရသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ကဏ္ဍအသီးသီးပေါင်းစပ်နိုင်ရန်အတွက် ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ခိုင်မာတောင့်တင်းအောင် ဆောင်ရွက်ရန် တွန်းအားပေးဆောင်ရွက်လျက်ရှိပါကြောင်း။
ကဏ္ဍစုံတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအမံများကို ထိရောက်စွာ ပေါင်းစပ်အကောင်အထည်ဖော်နိုင်ရန် ကော်မတီ များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်နေရာတွင် ရှိနေသည်ကို အလေးထားပြောလို ပါကြောင်း။
ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ(၆)ခုနှင့် ကြီးကြပ်မှုကော်မတီများကို ဖွဲ့စည်းခဲ့ပြီးနောက် ညှိနှိုင်း အစည်းအဝေးများကို ၂၀၁၆ ခုနှစ် သြဂုတ်လမှစတင်၍ကျင်းပခဲ့ရာ ယခုဆိုလျှင် ဆဋ္ဌမအကြိမ် ရှိလာပြီ ဖြစ်ပါကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး(၅)ကြိမ်တွင် ရှေ့လုပ်ငန်းစဉ် စုစုပေါင်း(၇၇)ခု ချမှတ်နိုင်ခဲ့ပြီး လတ်တလော ဆောင်ရွက်ပြီးမှုမှာ (၃၆)ချက်နှင့် ရေရှည်ဆောင်ရွက်ရမည့် ဆောင်ရွက်ဆဲ (၄၁)ချက် ချမှတ်ဆောင်ရွက်နိုင်ခြင်းသည်  ကော်မတီဝင်များအားလုံး၏ စုပေါင်းကြိုးပမ်းမှု ရလဒ်များဖြစ်သဖြင့် မှတ်တမ်းတင်အပ်ပါကြောင်း။
ယခုဆိုလျှင် ပတ်ဝန်းကျင်ကဏ္ဍနှင့် စပ်လျဉ်း၍ ရေရှည်ရည်မှန်းချက်များကို ချမှတ်နိုင်ရန် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြပြီးဖြစ်ပါကြောင်း          ပတ်ဝန်းကျင်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်ကြသူ အားလုံး၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရန် ရည်မှန်းထားပြီး ရာသီဥတုပြောင်းလဲမှုနှင့် စပ်လျဉ်း၍ ၂၀၃၀ မဟာဗျူဟာ ရည်မှန်းချက်ဖြစ်သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိပြီး ကာဗွန်ထုတ်လွှတ်မှု လျော့နည်းသော ဖွံ့ဖြိုးတိုးတက်မှုရရှိနိုင်ရန် အတွက် ရေရှည်ရည်မှန်းချက်များကို ချမှတ်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း။

အဆိုပါ ရေရှည်မူဝါဒရည်မှန်းချက်များကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်အတွက် ကဏ္ဍအလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းမှုများ၊ လက်တွေ့ကျသည့် ဦးစားပေးအစီအမံများထည့်သွင်းချမှတ်ပြီး အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
ပြီးခဲ့သည့် အစည်းအဝေးများတွင် ဆုံးဖြတ်ခဲ့သည့် အချက်များထဲတွင် ရေရှည်ဆောင်ရွက်သွားရမည့် လုပ်ငန်းများဖြစ်သည့် ပညာပေးရေး၊ အသိပညာပြန့်ပွားရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေးပြီး ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း စက်မှုလုပ်ငန်းများအပါအဝင် ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအမံများ ပေါင်းစပ်ဆောင်ရွက်မှု ရှိ၊ မရှိ၊ ဥပဒေနှင့်အညီ စိစစ်ကြပ်မတ်မှုများကို အရှိန်အဟုန်မြှင့်ပြီး နိုင်ငံတစ်ဝန်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် လိုအပ်လာပြီဖြစ်ပါကြောင်း။
ထို့အပြင် သဘာဝသယံဇာတအရင်းအမြစ်များ၊ ဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းသွားရန်နှင့် ၎င်းတို့ကို အကျိုးရှိစွာ စဉ်ဆက်မပြတ်အသုံးပြုနိုင်အောင် စီမံခန့်ခွဲရန် မြို့ပြဒေသ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုများတွင်လည်း လိုအပ်သည့် နည်းပညာအဆင့်မြှင့်တင်နိုင်ရန် စသည့်ဦးစားပေးလုပ်ငန်းများကို ရေးဆွဲချမှတ်နိုင်ရန်အတွက် ဗဟို ကော်မတီနှင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များအကြား ချိတ်ဆက်ပြီး ခရိုင်နှင့်မြို့နယ် အောက်ခြေအဆင့်အထိ ထိထိရောက်ရောက် အကောင်အထည်ဖော်သွားနိုင်ရန် ဆက်စပ်ဌာနအဖွဲ့အစည်းများ၊ NGO များ၊ CSO များနှင့် ပုဂ္ဂလိကများပူးပေါင်း၍ ရေရှည်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
၂၀၁၈ခုနှစ် ဧပြီလ (၂၁)ရက်တွင် ဖြစ်ပေါ်ခဲ့သည့် ရန်ကုန်မြို့ရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုသည် လေထုညစ်ညမ်းမှု အပြင် အနီးပတ်ဝန်းကျင် ရပ်ကွက်နေ ပြည်သူများ၏ ကျန်းမာရေး ထိခိုက်မှုခံစားခဲ့ရသည့် သာဓကသည် စွန့်ပစ်အမှိုက် များကို တစ်နိုင်ငံလုံး အတိုင်းအတာနှင့် စနစ်တကျစီမံခန့်ခွဲပြီး အလျင်အမြန် ဦးစားပေးဆောင်ရွက်ရန် လိုအပ်နေပြီဆို သည်ကို သတိပေးလိုက်ခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများသာမက တစ်နိုင်ငံလုံးအနှံ့မြို့များတွင် စွန့်ပစ်အမှိုက်များကို စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုမဟာဗျူဟာနှင့် လုပ်ငန်းအစီအမံတွင် ပါဝင် သည့် ရည်မှန်းချက်များကို အခြေခံပြီး ပလပ်စတစ်အပါအ၀င် အမှိုက်များစနစ်တကျ သိမ်းဆည်းစွန့်ပစ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်တစ်ရပ် ချမှတ်ဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း။
နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ် ကြီးကြပ်မှုကော်မတီများနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီး တို့အနေဖြင့် ပြီးခဲ့သည့်အစည်းအဝေး(၅)ကြိမ်၏ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေ များနှင့် ယနေ့အစည်းအဝေးတွင် ချမှတ်မည့် လုပ်ငန်းစဉ် များထဲမှ မိမိတို့ဒေသနှင့် သင့်လျော်မည့် ဦးစားပေး လုပ်ငန်းများနှင့် ရေတို၊ ရေရှည် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းအစီအစဉ်များ ရေးဆွဲချမှတ်ဆောင်ရွက်သွားရန် အတွက် ဆွေးနွေးကြရန် တိုက်တွန်းလိုပါကြောင်း။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာကိစ္စရပ်များသည် နိုင်ငံတော်နှင့်ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ စီးပွားရေး မူဝါဒအပေါ် အထောက်အကူပြုနိုင်ရန် လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်သည့်နေရာတွင် လူ့စွမ်းအားအရင်းအမြစ်များ၊ နည်းပညာလိုအပ်ချက်များ၊ ဘဏ္ဍာငွေ အကန့်အသတ်များစသည့် အခက်အခဲများ ရှိနေ သေးသော်လည်း တစ်ဆင့်ပြီးတစ်ဆင့် ပါဝင်ပတ်သက်သူအားလုံး၏ ပူးပေါင်းမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဆိုလျှင် တွေ့ကြုံရမည့်အခက်အခဲများ၊ စိန်ခေါ်မှုများကို ဖြေရှင်း ကျော်လွှား သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။
နည်းပညာလိုအပ်ချက်များ၊ စွမ်းဆောင်ရည်၊ ကျွမ်းကျင်မှု၊ အကန့်အသတ်များကိုဖြည့်ဆည်းနိုင်ရန် အတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရရှိရေးကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ကြိုးပမ်း ဆောင်ရွက်သွားရန်တိုက်တွန်းလိုပါကြောင်း။
ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ် ကြီးကြပ်မကော်မတီ များမှ ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေး ပြီးခဲ့သော (၂) နှစ်ကျော် ကာလအတွင်း ကြုံခဲ့ရသည့် အားသာချက်၊ အားနည်းချက်များကို အခြေခံပြီး အကြံပြုဆွေးနွေးပေးကြရန် ထပ်မံတိုက်တွန်း ပြောကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက နိုင်ငံ၏ လူမှုရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို တည်ဆောက်ရာတွင် သဘာဝပတ်ဝန်းကျင်သည် အခြေခံအုတ်မြစ်ဖြစ် သည့်အတွက် စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို ဘက်ညီ မျှတစေရန် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ ကောင်းမွန်စေရေး အတွက် အခြေခံ အားဖြင့် အရေးကြီးဆုံးကဏ္ဍဖြစ်သည့် သတ္တု၊ သစ်တောနှင့် သားငါးစသည့် သယံဇာတ အရင်းအမြစ်များအပေါ်တွင် အလွန်အကျွံထုတ်လုပ်မှု၊ အထူးသဖြင့် တရားမ၀င်ထုတ်လုပ်မှုများကြောင့် သဘာဝသယံဇာတများ ယိုယွင်းပျက်စီးမှုများ ကြုံတွေ့နေရသည်ကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် တရားမ၀င် သယံဇာတထုတ်လုပ်မှုများကို အားလုံး ၀ိုင်းဝန်းပြီး တားဆီးကာကွယ် နှိမ်နှင်းနိုင်ရေး အတွက် တွန်းအားပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်အဆင့်၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်၊ ခရိုင်နှင့်မြို့နယ်အထိ ပေါင်းစပ်ညှိနှိုင်းပေးမည့် အဖွဲ့အစည်းများရှိပြီး လမ်းပြမြေပုံဖြစ်သည့် ရေရှည်မျှော်မှန်းချက်၊ မဟာ ဗျူဟာနှင့် ပင်မလုပ်ငန်းစဉ်များအပြင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ရေးဆွဲပြီးဖြစ်သည့်အတွက် အခြေခံကောင်းများရှိနေပြီးဖြစ်သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ရေရှည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ် မျိုးဆက်သစ်များကို ပိုမိုကောင်းမွန်၊ သန့်ရှင်းသည့် သဘာဝပတ်ဝန်းကျင် အခြေအနေကောင်းများ လက်ဆင့်ကမ်း ပေးနိုင်ရန်အတွက်  မိမိတို့အားလုံး တက်ညီလက်ညီဖြင့် အားထုတ်ကြိုးပမ်းဆောင်ရွက်ကြရန်၊ လုပ်ငန်းများကို ဆောင်ရွက် သည့်နေရာတွင် ဘဏ္ဍာငွေ၊ လူသားအရင်းအမြစ်၊ စွမ်းဆောင်ရည်နှင့် နည်းပညာအကန့်အသတ်များရှိနေသော်လည်း ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ဆင့် ပေါင်းစပ်ညှိနှိုင်းပံ့ပိုးပေးရမည့်ကိစ္စများကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးပေးကြရန်  ပြောကြားသည်။
ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း က ဗဟိုကော်မတီပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးမှ ဆွေးနွေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လုပ်ငန်းကော်မတီ (၆)ခု၏ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး မှုအခြေအနေများနှင့် လုပ်ငန်းကော်မတီများ၏ ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ် များကိုရှင်းလင်းတင်ပြသည်။
ထို့နောက် ဗဟိုကော်မတီဝင်များဖြစ်ကြသော ဒုတိယ၀န်ကြီး ဦးလှကျော်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်း အတွင်းဝန်များဖြစ်ကြသည့် ဦးမြင့်သူ၊ ဦးထွန်းအုံ၊ ဦးကိုကိုလွင်၊ ဦးတင်မောင်ဦး၊ ဦးရန်နိုင်ထွန်း၊ ဦးဝင်းတင့်၊ ဒေါက်တာသက်ခိုင်ဝင်းနှင့် ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်၊ ဒေါက်တာကျော်မိုးဦးနှင့် တာဝန်ရှိသူများ၊ လုပ်ငန်း ကော်မတီ(၆)ရပ်မှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးတင်ထွန်း၊ ဦးHလအောင်၊ ဦးတီရယ်၊ ဦးစောပြည်သာ၊ ဦးမန်းဟင်းဒါးလ်၊ ဦးကမ်ဇာမုံ၊ ဦးမျိုးသစ်၊ ဒေါက်တာ မင်းကြည်ဝင်း၊ ဦးကျော်လွင်၊ ဦးဟံထွန်းနှင့် ဦးတင်အောင်ဝင်းတို့က ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် ရေးဆွဲတင်ပြ နိုင်ရေးကိစ္စရပ်များ၊ ဥပဒေ၊ နည်းဥပဒေ ထုတ်ပြန်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင်ကာကွယ် ထိန်းသိမ်းရေး အတွက် နိုင်ငံတကာနှင့် ချိတ်ဆက် ဆောင်ရွက်နေသည့် အခြေအနေများ၊ ပင်လယ်ကမ်းစပ်များတွင် ဒီရေတောများစိုက်ပျိုးရေးကိစ္စရပ်များ၊ ယဉ်ကျေးမှုအမွေအနှစ် ကာကွယ် ထိန်းသိမ်းရေးတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန် ဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် အစည်းအဝေးဆုံးဖြတ်ချက်(၇)ရပ် ချမှတ်ခဲ့သည်။ ၄င်းနောက် ဒုတိယသမ္မတက နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)

No comments:

Post a Comment