Friday, July 20, 2018

PPP အစီအစဉ်များမှ တစ်ဆင့် ငြိမ်းချမ်းရေးကို မြှင့်တင်သော စီးပွားရေးအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ



ရန်ကုန် ဇူလိုင် ၂၀

စီးပွားရေးနှင့် ငြိမ်းချမ်းရေးသည် ဆက်စပ်နေပြီး ငြိမ်းချမ်းရေးရှိမှ မိမိတို့ ပြည်ထောင်စု ဖွံ့ဖြိုး တိုးတက်မည် ဖြစ်ကြောင်း တိုင်းရင်းသား လူမျိုးများရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် က ပြောကြားသည်။

ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ် (၁၀) ရွှေလီလမ်းရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ ကျင်းပသည့် Public Private Partnership - PPP အစီအစဉ်များမှ တစ်ဆင့် ငြိမ်းချမ်းရေးကို မြှင့်တင်သော စီးပွားရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲတွင် တိုင်းရင်းသား လူမျိုးများရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်၊ UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း တို့က အဖွင့်အမှာစကား ပြောကြားကြသည်။


ထို့နောက် ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် က အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရခြင်းကို အကျဉ်းချုပ် ပြောကြားပြီး B4P and PPP arrangements ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားသည်။

ဆွေးနွေးပွဲအပြီး သီးခြားတွေ့ဆုံ မေးမြန်းမှုတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က “မြန်မာနိုင်ငံက သယံဇာတ ပေါကြွယ်ဝတယ်။ သူများနိုင်ငံ တွေနဲ့ နှိုင်းယှဉ်ရင် ရာသီဥတု ပထ၀ီအနေအထား ကောင်းတယ်။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံမှာ ပြီးခဲ့တဲ့ အချိန်တုန်းက စီမံအုပ်ချုပ်တဲ့ အခန်းကဏ္ဍလည်း လိုအပ်တယ်။ ပြီးတော့ အဲဒီစီမံ အုပ်ချုပ်မှုကြောင့် သော်လည်းကောင်း သို့မဟုတ် တိုင်းရင်းသားတွေက ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဖော်ဆောင်မှုကို အားမရတဲ့ အတွက်ကြောင့် သော်လည်းကောင်း ပြည်တွင်းစစ် ဖြစ်တယ်။ ဒီငြိမ်းချမ်းရေး မရှိတဲ့အတွက် ပြည်တွင်းစစ်က နှစ်ပေါင်း ၇၀ နီးပါးလောက် ခရီး ရောက်လာတယ်။ ငြိမ်းချမ်းရေး မရဘူး၊ ငြိမ်းချမ်းရေး အင်မတန် ခက်ခဲတယ်။ ငြိမ်းချမ်းရေးမရှိဘဲ ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ဖို့က မဖြစ်နိုင်ဘူး။ ငြိမ်းချမ်းရေးရှိသည့်တိုင် ကိုယ်ရဲ့ ပြည်တွင်းမှာ ရှိနေတဲ့ လူသားအရင်းအမြစ် သယံဇာတကလည်း အများကြီး လိုအပ်တယ်။ 

နောင်လာမယ့် လူသားအရင်းအမြစ်တွေမှာ ပညာဗဟုသုတ လိုတယ်။ ပညာကို ခွဲခြားလိုက်ရင် အတတ်ပညာမျိုးစုံနဲ့ အသိပညာက နှစ်မျိုးရှိတယ်။ မှန်ကန်မြင့်မြတ်တဲ့ အသိပညာနဲ့ မှားယွင်း ယုတ်ညံ့တဲ့ အသိပညာ ဖြစ်ပါတယ်။ နောင်လာနောင်သား လူငယ်တွေမှာ မှားယွင်းယုတ်ညံ့တဲ့ အသိပညာမျိုးတွေ မပေါ်ပေါက်လာ အောင် မှန်ကန်မြင့်မြတ်တဲ့ အာဇာနည်ခေါင်းဆောာင်ကြီးတွေရဲ့ စိတ်ဓာတ်မျိုး မွေးမြူဖို့လိုပါ တယ်။ ပြည်ထောင်စုကြီးထဲမှာ ဒီလိုစိတ်ထားမျိုးတွေ အရေးကြီးတယ်၊ အများကြီး လိုအပ်တယ်။ နောင်လာနောင်သားတွေမှာ အများအတွက်၊ တိုင်းပြည် အတွက် အနစ်နာခံ ကိုယ်ကျိုးစွန့်တဲ့ စိတ်ဓာတ်မျိုးတွေ ပေါ်ပေါက်အောင်၊ မှားယွင်း ယုတ်ညံ့တဲ့ အသိမျိုးတွေ မပေါ်ပေါက်အောင် ထိန်းသိမ်း စောင့်ရှောက်နိုင်မှသာ ပြည်ထောင်စုကြီး ငြိမ်းချမ်းမယ်။ ဖွံ့ဖြိုး တိုးတက်မယ်။ သာယာတဲ့ နိုင်ငံကို ထူထောင်နိုင် မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။  

ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် က “အဓိကကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်တယ်။ အထူးသဖြင့် တတိယအကြိမ် ပင်လုံ ပြီးသွားပြီ။ တစ်ဖက်က အဲဒီလို လုပ်တယ်။ ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်က စီးပွားရေး လုပ်ငန်းရှင်များ အနေနဲ့ ငြိမ်းချမ်းရေးကို ဘယ်လို အထောက်အကူ ဖြစ်မလဲ ဆိုတာကို စဉ်စားရမယ်။ စဉ်စားတဲ့အခါမှာ NCA-S EAO အဖွဲ့ ၆ ဖွဲ့က NCA လက်မှတ်ထိုးပြီးသား။ နောက်ထပ်ထိုးပြီးသား အဖွဲ့တွေ အားလုံးက ကုမ္ပဏီတွေ ထောင်ပြီးတော့ စီးပွားရေးကို လုပ်ကြမယ်။ စီးပွားရေးကိုလုပ်ရင် ငြိမ်းချမ်းရေး အသီးအပွင့်တွေပေါ့။ သူတို့ဒေသတွေမှာ ငြိမ်းချမ်းနေပြီ။ ပဋိပက္ခတွေ မရှိတော့ဘူး။ ပဋိပက္ခတွေ မရှိတဲ့ ဒေသတွေမှာ စီးပွားရေးဖွံ့ဖြိုးအောင် ကျွန်တော်တို့ တိုက်တွန်းတာပေါ့။ ကုမ္ပဏီတွေ ထောင်တဲ့ပုံစံ၊ စနစ်တကျပီပီပြင်ပြင်ထောင်ဖို့လိုတယ်။ ထောင်တဲ့ ကုမ္ပဏီတွေကလည်း တကယ်ကို တာဝန်ကျေတဲ့ ကုမ္ပဏီတွေဖြစ်အောင် ကျွန်တော်တို့ ဆောင်ရွက်ဖို့ ရှိပါတယ်။ ကုမ္ပဏီ ထောင်ပြီး သူတို့ ဒေသမှာ အသင့်တော်ဆုံးဖြစ်တဲ့ ဆောက်လုပ်ရေးပဲဖြစ်ဖြစ် မွေးမြူရေးပဲဖြစ်ဖြစ်၊ ကျန်းမာရေး ဖြစ်ဖြစ်၊ အားကစားပဲဖြစ်ဖြစ် သူတို့ဒေသ နဲ့ပတ်သက် တဲ့ လုပ်ငန်းတွေကို ကျွန်တော်တို့ ဖန်တီးပေးရမှာပေါ့။ အဲဒါ ကျွန်တော်တို့ရဲ့ တာဝန်ပေါ့။ သူတို့နဲ့ တစ်ပိုင် တစ်နိုင်ဖြစ်မယ့် ဟာမျိုးပဲ ဖြစ်ရမှာပါ။ အလုပ်အကိုင် အခွင့်အလမ်း များများပေးနိုင်တဲ့ ကုမ္ပဏီတွေရှိမှ ရမှာပေါ့။ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ မိသားစုတွေ စား၊ ၀တ်၊ နေရေး ပြေလည်အောင် လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။”

“ငြိမ်းချမ်းရေးအတွက် စီးပွားရေး ဘယ်လို ပါဝင်နိုင်မလဲဆိုတဲ့ အခြေခံထားပြီး စီးပွားရေးနဲ့ နိုင်ငံတော်အစိုးရနဲ့ ပေါင်းစပ်တဲ့အခါမှာ PPP လို့ ခေါ်တဲ့ ပုဂ္ဂလိက အများပိုင် ပူးပေါင်းဆောင်ရွက်မှု ပုံစံကို ဖော်ပြတာပေါ့။နိုင်ငံတစ်နိုင်ငံငြိမ်းချမ်းဖို့ဆို ရင်ဖွံ့ဖြိုးမှရမယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးဖို့ဆိုရင် ငြိမ်းချမ်းမှရမယ် ဆိုတာကို လက်ခံထားပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးဟာ အစကတည်းက အပြန်အလှန် အားပြုနေတယ်။ မငြိမ်းချမ်းလို့ မဖွံ့ဖြိုး။ မဖွံ့ဖြိုးလို့ မငြိမ်းချမ်း။ ဒါကြောင့် ပဋိပက္ခ ဖြစ်ပွားရင် ဖွံ့ဖြိုးမှုကို နှောင့်နှေးတယ်။ ဖွံ့ဖြိုးမှု နှောင့်နှေးတော့ ပဋိပက္ခကို ပိုပြီးတော့ ကြီးထွားစေတယ်။ ဒါကိုဖြတ်နိုင်ဖို့က တစ်ခုတည်း ငြိမ်းချမ်းအောင်လုပ်မယ်။ ငြိမ်းချမ်း အောင်လုပ်မယ်ဆိုရင် ဖွံ့ဖြိုးလာမယ်။ ဖွံ့ဖြိုးအောင် လုပ်မယ် ဆိုရင် ငြိမ်းချမ်းလာမယ်။ ဒါကြောင့် ဆရာတို့ အနေနဲ့ နိုင်ငံရေး ရှုထောင့်က ကြည့်ရင် နိုင်ငံရေး ပြေလည်အောင် အခု ပင်လုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်တယ်။  ဒါနဲ့တွဲဖက်ပြီး လုပ်ရမှာက စီးပွားရေး အဆင်ပြေအောင် လုပ်ရမှာ ဖြစ်ပါတယ်။ ဆရာတို့ ငြိမ်းချမ်းရေး ကော်မရှင် အနေနဲ့စီးပွားရေး အဆင်ပြေအောင် B4P ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု  ပြောကြားသည်။

PPP အစီအစဉ်များမှ တစ်ဆင့် ငြိမ်းချမ်းရေးကို မြှင့်တင်သော စီးပွားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)  ဒုတိယဥက္ကဋ္ဌ ခွန်မြင့်ထွန်း က “ကျွန်တော်တို့ ၆ ဖွဲ့ကြားမှုာတော့ စီးပွားရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ သဘောထား ချမှတ်ထားပါတယ်။ အဲဒီ သဘောထားချမှတ်ထားပြီး လက်တွေ့ကျကျ ဆောင်ရွက်တဲ့ အခါမှာ ဘယ်လိုနည်းနဲ့ ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာကို သိချင်တဲ့အတွက် ဒီလို Workshop ကို လုပ်တာဖြစ်ပါတယ်။ ကျွန်တော်တို့ အဓိက ဆောင်ရွက်ဖို့ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အထည်ဖော်စဉ်ကာလမှာ မိမိအဖွဲ့ရပ်တည်ရေး၊ ကျန်တဲ့မိသားစုတွေရဲ့ စား၊ ၀တ်၊ နေရေး ရှေ့ဆက်ဆောင်ရွက်ဖို့ စီးပွားရေး လုပ်ငန်းတွေ လုပ်ဖို့ဆိုတာကို ပြောတာဖြစ်ပါတယ်။ လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ ထားရှိတာ ကတော့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးဖြစ် ပါတယ်။ ဒီမိုကရေစီ ဖက်ဒရယ် ထူထောင်ရေး ဆိုတာကတော့ အဓိက လုပ်ငန်းစဉ်ကြီး ၃ ရပ်ရှိတယ်။ ငြိမ်ချမ်းရေး တည်ဆောက်မှုဖြစ်စဉ်၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ်၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဖြစ်စဉ် အဲဒီဖြစ်စဉ်ကြီး ၃ ရပ်စလုံးက သဟဇာတရှိရှိနဲ့ အကောင် အထည်ဖော်ဆောင်ရွက်မှ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။ နိုင်ငံရေး ဆွေးနွေးမှုများနဲ့အတူ လျှောက်လှမ်းနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျွန်တော်တို့ ရပ်တည်ရေးဆိုင်ရာ ကိစ္စတွေလည်း ကိုယ့်ဘာသာ ကိုယ်ထူထောင်ပြီးတော့မှ ရှေ့ဆက် ဆောင်ရွက်နိုင်ရေး အတွက် ပြီးတော့ ကျွန်တော်တို့ ဒေသအလိုက် လူထုတွေနဲ့အတူ ပါဝင် ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ ပြင်ဆင်ကြတာ ဖြစ်ပါတယ်။ အခု တက်ရောက်လာတဲ့အဖွဲ့ ၆ ဖွဲ့ ကတော့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)နှင့်(KNU/ KNLA) (PC)  ဖြစ်ပါတယ်။ လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ ပြင်ဆင်လေ့လာနေတုန်း ဖြစ်ပါတယ်” ဟုပြောကြားသည်။

ယနေ့ကျင်းပသည့် ဆွေးနွေးပွဲတွင် အများပိုင်ကုမ္ပဏီများ ဖွဲ့စည်းတည်ထောင် ခြင်းနှင့် ရင်းနှီးမြုပ်နှံမှု မြှင့်တင်ခြင်းအတွက် DICA ၏ အခန်းကဏ္ဍခေါင်းစဉ်ကို ရင်းနှီး မြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် ဆွေးနွေးပြောကြားပြီး ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင် ပါမောက္ခဒေါက်တာ အောင်ထွန်းသက်က အနှစ်ချုပ် သုံးသပ်ဆွေးနွေးခဲ့သည်။

(သတင်းစဉ်)

No comments:

Post a Comment