နေပြည်တော် ဇူလိုင် ၂၁
ထိုင်းနိုင်ငံခြားရေးဝန်ကြီး
H.E. Mr. Don Pramudwinai ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဌ ဦးသောင်းထွန်းသည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ
ရှန်ဂရီလာ ဟိုတယ်၌ ဇူလိုင် ၂၀ ရက်တွင် ကျင်းပသည့် Myanmar Insight 2018 ဆွေးနွေးပွဲသို့
တက်ရောက်၍ “Myanmar’s Political and
Economic Climate: Enabling Environment for International Investment” ခေါင်းစဉ်ဖြင့်
မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တို့နှင့်
စပ်လျဉ်းသည့် အဖွင့်မိန့်ခွန်းပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက
ပြောင်းလဲနေသည့် ကမ္ဘာ့အခြေအနေ၊ ဒေသတွင်း အခြေအနေများနှင့်အညီ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့သည်
ရှိရင်းစွဲအားသာချက်များကို အခြေခံ၍ အပြန်အလှန် အကျိုးပြုသွားရန် လိုအပ်ကြောင်း၊ အိမ်နီးချင်းနှစ်နိုင်ငံ၏
ပြည်သူများ အကြား၌လည်း ဆွေမျိုးသားချင်းသဖွယ် ချစ်ကြည် ရင်းနှီးမှုနှင့် ကာလ ရှည်ကြာစွာတည်ရှိခဲ့
သည့် ချဉ်နှောင်ထားမှုများ တည်ရှိနေကြောင်း၊ နှစ်နိုင်ငံအကြား တီထွင်ဆန်းသစ်မှုကို အခြေခံသည့်
ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အမြန် လိုအပ်ကြောင်း၊ အိမ်နီးချင်း ဆက်နွယ်မှုကို
အခြေခံ၍ ကမ္ဘာလုံးဆိုင်ရာ ဆက်စပ်မှု ဖြစ်စဉ်၏ ကောင်းကျိုးရလဒ်များကို အတူတစ်ကွ ခံစားနိုင်ရန်
အရေးကြီးကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင်
ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်နေသည့် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းနှင့်
အဖွဲ့အစည်းပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအား ရှင်းလင်း ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက
“စီမံခန့်ခွဲမှုအသစ်ဖြင့် ဆောင်ရွက် နေသော ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် မြန်မာနိုင်ငံအား
ဒေသတွင်း ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဓိကအချက်အခြာကျသည့် နေရာတစ်ခုအဖြစ်သို့
ရောက်ရှိ စေရန်” ရည်မှန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခင်က အထီးကျန် နိုင်ငံတစ်နိုင်ငံ
ဖြစ်ခဲ့သော်လည်း ယခုအခါ ကမ္ဘာ့ဘဏ်၏အဆိုအရ အာရှဒေသတွင် စီးပွားရေးတိုး တက်မှုနှုန်း အမြန်ဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်
ရောက်ရှိနေပြီး ပြုပြင်ပြောင်းလဲမှုများ ခိုင်မာစေရန် ဆက်လက်ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံတွင်
အခြေခံအဆောက် အဦကဏ္ဍ အားနည်းနေခြင်း၊ လုံလောက်သည့် လျှပ်စစ်ဓါတ်အား မရရှိနိုင်သေးခြင်း
စသည့် စိန်ခေါ်မှုများရှိနေကြောင်း၊ ယင်းစိန်ခေါ်မှုများကို ရင်းနှီးမြှုပ်နှံသူများ အနေဖြင့်
အခွင့်အလမ်းများအဖြစ် ပြောင်းလဲ ဖန်တီးနိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ မဟာဗျူဟာ ကျသည့်
ပထဝီဝင် အနေအထား၊ တီထွင်စွမ်းသစ်မှု စွမ်းရည်မြင့်မားသည့် မျိုးဆက်သစ် များ အပါအဝင်
ရင်းနှီးမြှုပ်နှံမှုများ အတွက် အားသာချက်များနှင့် အခွင့်အလမ်းများစွာ ရှိနေခြင်းကြောင့်
“မြန်မာနိုင်ငံ၌ ရင်းနှီး မြှုပ်နှံမှု ပြုလုပ်ရန် အချိန်တန်ပြီ” ဖြစ်ကြောင်း အလေးအနက်ထား
ပြောကြားခဲ့သည်။
Myanmar
Insight ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ ထိုင်းသံရုံးနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်း
စီးပွားရေး လုပ်ငန်း ရှင်များ အသင်း (Thai Business Association of Myanmar) တို့ ပူးတွဲ၍
တတိယနှစ်မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။
ယခုနှစ်ဆွေးနွေးပွဲကို
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား သံတမန် ဆက်သွယ်မှု ထူထောင်သည့် နှစ်(၇၀)ပြည့်မြောက်
အထိမ်းအမှတ်၏ တစ်စိတ်တစ်ပိုင်း အဖြစ် ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၊ ကမ္ဘာလှည့် ခရီးသွားကဏ္ဍ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ၊
ကုန်သွယ်မှု၊ စားရေရိက္ခာလုံခြုံမှု စသည်ဖြင့် ဆွေးနွေးမှု အပိုင်းကဏ္ဍ(၅)ခု ခွဲ၍ ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E.
Mr. Jukr Boon-long က ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ်
စီးပွားရေးနှင့် လူ့အဖွဲ့ အစည်းဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး H.E. Dr. Pichet
Durongkaveroj က အဖွင့်အမှာ စကား ပြောကြားခဲ့သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့မှ
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင် ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်
အတွင်းရေးမှူး ညွှန်ကြားရေးမှူး ချုပ် ဦးအောင်နိုင်ဦး နှင့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်
ဒေါ်မိမိခိုင်တို့ကလည်း သက်ဆိုင်ရာ ဆွေးနွေးမှု အပိုင်းကဏ္ဍများတွင် ဦးဆောင်ပါဝင် ဆွေးနွေးခဲ့ကြသည်။
Myanmar
Insight 2018 ဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံရှိ ထိပ်တန်း စီးပွားရေး ကုမ္ပဏီ များနှင့်
ဘဏ်ကြီးများမှ အမှုဆောင်အရာရှိချုပ်များအပါအဝင် အဆင့်မြင့် ကိုယ်စားလှယ်များ (၆၀၀)ကျော်
ပါဝင် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment