ရန်ကုန် ဇူလိုင် ၁၈
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်တပ်နယ်၌
ခင်းကျင်းပြသထားသည့် သမိုင်းဝင် စစ်ရေယာဉ် (မေယု) ကိုသွားရောက် ကြည့်ရှုလေ့လာသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား
တပ်နယ်ရိပ်သာ၌ သန်လျင်တပ်နယ်မှ ဗိုလ်ချုပ်ဌေးနိုင်က သမိုင်းဝင် စစ်ရေယာဉ် (မေယု) နှင့်
ပတ်သက်သည့် သမိုင်းရေးဆိုင်ရာ အချက်အလက်များကို Powerpoint ဖြင့် ရှင်းလင်းတင်ပြပြီး
ဗြိတိသျှ အစိုးရကိုယ်စား စစ်ရေယာဉ်မှူးဖြစ်သူ ဗိုလ်မှူး မစ်ချယ်လ်က မြန်မာနိုင်ငံ အရန်တော်ဝင်ရေတပ်သို့
စစ်ရေယာဉ် (မေယု) ကို အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်ခဲ့စဉ်က ကာကွယ်ရေးဝန်ကြီးဖြစ်သူ
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တက်ရောက်၍ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခြင်းနှင့် ရေယာဉ်ကို
မြန်မာနိုင်ငံကိုယ်စားလက်ခံခြင်း ရုပ်သံမှတ်တမ်းကိုပြသသည်။
ထို့နောက် နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးမင်းသူ၊
သန်လျင်တပ်နယ်မှ ဗိုလ်ချုပ်ဌေးနိုင်နှင့် တာဝန်ရှိသူများနှင့်အတူ သမိုင်းဝင် စစ်ရေယာဉ်
(မေယု) ပေါ်သို့ တက်ရောက် ကြည့်ရှုလေ့လာပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။
ယင်းနောက် နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်အား စစ်ရေယာဉ် (မေယု) အထိမ်းအမှတ် အမှတ်တရလက်ဆောင်နှင့် ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်
စစ်ရေယာဉ် (မေယု) ကို လက်ခံရယူစဉ်က သမိုင်းမှတ်တမ်းဓာတ်ပုံတို့ကို သန်လျင်တပ်နယ်မှ
ဗိုလ်ချုပ်ဌေးနိုင်ကပေးအပ်သည်။
ထို့နောက် နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်သည် တာဝန်ရှိသူများနှင့်အတူ သမိုင်းဝင်စစ်ရေယာဉ်(မေယု)ရှေ့တွင်
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
စစ်ရေယာဉ်(မေယု)သည်
River Class အမျိုးအစားဖရီးဂိတ် စစ်ရေယာဉ် ဖြစ်ပြီးအလျား ၃၀၁ ပေ၊ ၇ ဒသမ ၇၅ လက်မ၊ အနံ
၃၇ ပေ၉ ဒသမ ၂၅ လက်မ၊ ရေစူး ၁၄ ပေ ၄ လက်မ (၀န်ပြည့်) ၊ ရေယာဉ် အလေးချိန်၁၆၁၄ ဒသမ ၉၁တန်
(၀န်ပြည့်) ဖြစ်သည်။ မူလအမည်မှာ HMS FAL ဖြစ်ပြီး ၁၉၄၃ ခုနှစ် ဇူလိုင် ၁၅ ရက်တွင် ဗြိတိသျှတော်ဝင်ရေတပ်မတော်
အမှတ် (၃၈) ကင်းထောက်ရေယာဉ်အုပ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၄၇ ခုနှစ် မေ ၂၅ ရက် မွန်းတည့် ၁၂ နာရီတွင် ဗြိတိသျှ
တော်ဝင်ရေတပ်မတော်က မြန်မာနိုင်ငံ အရန်တော်ဝင် ရေတပ်သို့ အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်ခဲ့သည်။
ပထမဆုံးစစ်ရေယာဉ်မှူးမှာ ဗိုလ်မှူးခင်မောင်ဘိုဖြစ်သည်။
မြန်မာနိုင်ငံကိုမဟာမိတ်များ ပြန်လည်ထိုးစစ်ဆင်ချိန်တွင်
မြန်မာ့ရေတပ်မတော်သားများသည် ရခိုင်တိုက်ပွဲစဉ်များအတွင်း မေယုမြစ်ဝှမ်း၌ ရွပ်ရွပ်ချွံချွံ
ပါဝင်တိုက်ခိုက်ခဲ့သည်ကို ဂုဏ်ပြုသောအားဖြင့် ``မေယု´´ ဟု အမည်ပေးခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးနောက်
မြန်မာ့တပ်မတော်က ရောင်စုံသောင်းကျန်းသူတို့ကို တိုက်ခိုက်နှိမ်နင်းရာတွင် စစ်ရေယာဉ် (မေယု)သည်လည်း ရှေ့တန်းမှ တစ်တပ်တစ်အားပါဝင်ခဲ့ပြီး
၁၉၄၈ ခုနှစ် အင်းစိန်မြို့သိမ်းတိုက်ပွဲ ၊ သန်လျင် ကျိုက်ခေါက်တိုက်ပွဲနှင့် ပုသိမ်မြို့သိမ်းတိုက်ပွဲ၊
၁၉၄၉ ခုနှစ် ကျောက်ဖြူ မြို့သိမ်းတိုက်ပွဲနှင့် ၁၉၅၀ ပြည့်နှစ် မော်လမြိုင် မြို့သိမ်းတိုက်ပွဲများတွင်
ရှေ့တန်းမှ တာဝန်ထမ်းဆောင်ခဲ့သည်။
ထိုမှတဖန် မြန်မာ့ပင်လယ်ပြင်နှင့်
ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်ဆင်ရေးတာဝန်များကို နှစ်ပေါင်းများစွာ ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးနောက်
သက်တမ်းကာလ နှစ် (၄၀) ခန့် ရှိလာသည်နှင့်အမျှ စစ်ရေယာဉ်၏ ကြံ့ခိုင်မှုအခြေအနေမှာ ယိုယွင်းလာခဲ့သဖြင့်
၁၉၇၉ ခုနှစ် သြဂုတ် ၂ ရက်တွင် ကျင်းပသော (၂၆၂) ကြိမ်မြောက် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အစည်းအဝေးက
ရေယာဉ်အား တပ်တော်ဝင်အဖြစ်မှ ရပ်စဲရန်ဆုံးဖြတ်ခဲ့သည်။
ထို့နောက် သမိုင်းဝင်
စစ်ရေယာဉ် (မေယု) သည် လွတ်လပ်ရေးနှင့်အတူပါရှိလာသော သမိုင်းဝင် စစ်ရေယာဉ်ဖြစ်၍ နောင်လာနောက်သားများ
ကြည့်ရှုလေ့လာနိုင်ရန် သန်လျင်တပ်နယ်၌ ပြတိုက်ရေယာဉ်အဖြစ် ထားရှိခဲ့ခြင်းဖြစ်ကြောင်း
သိရှိရသည်။
(သတင်းစဉ်)
No comments:
Post a Comment