Wednesday, July 18, 2018

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုများအား လိုက်လံ ကြည့်ရှုစစ်ဆေး


ရန်ကုန် ဇူလိုင် ၁၈
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် (ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ) သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦး၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်မြင့်တို့နှင့်အတူ ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်သော တာမွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နှင့် ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ်(၂) တို့အတွက် ပထမအကြိမ် မဲဆန္ဒရှင် စာရင်းကပ်ထားကြေညာမှုများအား ယနေ့မွန်းလွဲပိုင်းက လိုက်လံ စစ်ဆေး ကြည့်ရှုသည်။

ရှေးဦးစွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်နှင့်အဖွဲ့သည် ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)တွင်ပါဝင်သောရဲရိပ်သာရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး တွင် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုအားသွားရောက် ကြည့်ရှုစစ်ဆေးရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမင်းဆွေက ရှင်းလင်းပြသတင်ပြသည်။ ယင်းနောက်တာမွေမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်တွင်ပါဝင်သော ကျားကွက်သစ် ရပ်ကွက်နှင့် ကျောက်မြောင်း အရှေ့ရပ်ကွက် တို့သို့ သွားရောက်၍  ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင် စာရင်းကြေညာ ထားရှိမှုများအားလိုက်လံ ကြည့်ရှုစစ်ဆေးရာ တာမွေမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းပိုင်က လိုက်လံရှင်းလင်း ပြသတင်ပြသည်။ ထို့နောက်ကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်က ဆန္ဒမဲ ပေးခွင့်ရှိသူ အားလုံးမဲပေးခွင့်ရရှိစေရေး၊ မဲဆန္ဒရှင်စာရင်းပြုစုရာတွင် အမှားအယွင်း အနည်းဆုံး ဖြစ်စေရေးနှင့် ဒုတိယအကြိမ် ကပ်ထားကြေညာမည့် အောက်တိုဘာလတွင် ပိုမိုပြည့်စုံ မှန်ကန်စေရေး အလေးထား ဆောင်ရွက်ကြရန် ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment