Wednesday, July 18, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဋ္ဌ အငြိမ်းစားသံအမတ်ကြီး ဦးညွန့်မောင်ရှိန်နှင့်အဖွဲ့အား တွေ့ဆုံ


ရန်ကုန် ဇူလိုင် ၁၈
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် သံတမန်လမ်းရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး အဖွဲ့ရုံးသို့ ရောက်ရှိပြီး အဖွဲ့ဥက္ကဋ္ဌ အငြိမ်းစားသံအမတ်ကြီး ဦးညွန့်မောင်ရှိန် ခေါင်းဆောင်သည့် အဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။

ရှေးဦးစွာ အဖွဲ့ဥက္ကဋ္ဌ အငြိမ်းစားသံအမတ်ကြီး ဦးညွန့်မောင်ရှိန်က နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းထားရှိသည့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့၏ လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများအား ရှင်းလင်း ပြောကြားရာတွင် ၂၀၁၈ ခုနှစ်အတွက် အာဆီယံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး အဖွဲ့များဆိုင်ရာ ကွန်ရက် (ASEAN-ISIS) ၏ လက်ရှိဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေမှုများ၊ အရှေ့အာရှ ပညာရှင်များ ဆိုင်ရာကွန်ရက် Network of East Asia Think Tanks (NEAT)၏ ၂၀၁၈ ခုနှစ် အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေမှုများ၊ အဖွဲ့၏ အနာဂတ် မျှော်မှန်းချက်နှင့် နိုင်ငံတော်နှင့်ပြည်သူအတွက် အကြံပြုချက်များဖြင့် ကူညီပံ့ပိုးဆောင်ရွက်ပေးလိုသည့် ကိစ္စများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာ ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ပြန်လည် ဆွေးနွေးကာ လိုအပ်သည်များကို မှာကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမင်းသူနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူတို့ တက်ရောက်ကြသည်။
Ref; Myanmar State Counsellor Office

No comments:

Post a Comment