ရန်ကုန်
ဇူလိုင် ၂၀
ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ စာပေဗိမာန်တွင်
ကျင်းပသည့် မြန်မာ့ဂန္တ၀င် အတွဲ(၁၀၀) စာစဉ် ထုတ်ဝေနိုင်ရေး အစည်းအဝေးသို့ တက်ရောက်ဆွေးနွေးသည်။
အစည်းအဝေးသို့
မြန်မာ့ဂန္တ၀င် အတွဲ(၁၀၀)စာစဉ် ထုတ်ဝေရေးကော်မတီ နာယက၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဖေမြင့်၊ ဒုတိယ ဥက္ကဋ္ဌ ဦးတင်လှိုင် (လယ်တွင်းသားစောချစ်) နှင့် ကော်မတီအဖွဲ့ဝင်များ၊
စာပေပညာရှင်များ၊ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးတွင်
မြန်မာ့ဂန္တ၀င် အတွဲ(၁၀၀)စာစဉ်ကို ၀တ္ထုရှည်၊ ၀တ္ထုတို၊ ကဗျာ၊ ပြဇာတ်နှင့် အက်ဆေးများဖြင့်
စုဖွဲ့ရေး၊ ထွက်ရှိပြီး စာအုပ်၊ စာစောင်များအနက် မှ စာကောင်းပေမွန်များကို ကော်မတီဝင်များက
စုပေါင်းရွေးချယ်ရေး၊ ၀တ္ထုရှည် ပထမ အတွဲတွင် ဂျိမ်း(စ်)လှကျော်၏ “မောင်ရင်မောင် မမယ်မ”၊
ဝန်စာရေး ဦးကြီး၏ “ချဉ်ပေါင်ရွက်သည် မောင်မှိုင်း” နှင့် မအေးခင်၏ “ချစ်ရိုးအမှန်”
တို့ဖြင့်လည်းကောင်း၊ ၀တ္ထုရှည် ဒုတိယတွဲတွင် ဦးလတ်၏ “ရွှေပြည်စိုး” ၊ ဆရာကြီးရွှေဥဒေါင်း၏
“ရတနာပုံ” တို့ဖြင့်လည်းကောင်း စုဖွဲ့ထုတ်ဝေရေး၊ ၄င်းဝတ္ထုရှည် အတွဲ(၁)နှင့် အတွဲ(၂)တို့ကို
လာမည့် စက်တင်ဘာလအတွင်းနှင့် အတွဲ(၃)ကို အောက်တိုဘာ လကုန်ခန့်တွင် ထုတ်ဝေနိုင်ရေး၊
မြန်မာ့ဂန္ထ၀င် အတွဲ(၁၀၀)စာစဉ် စာအုပ်ဒီဇိုင်းနှင့် အပြင်အဆင်များ ကောင်းမွန်စေရေးတို့ကို
တက်ရောက်လာကြသူများက ၀ိုင်းဝန်းအကြံပြု ဆွေးနွေးသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့စွယ်စုံကျမ်း ပြင်ဆင်ဖြည့်စွက် ထုတ်ဝေနိုင်ရေး ဆောင်ရွက်လျက်
ရှိသည့် “ပထမ မူကြမ်း” အပေါ် ဖြန့်ဝေစိစစ်နိုင်ရေးအတွက်
တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးမှာကြားသည်။
မွန်းလွဲပိုင်းတွင်
ပြည်ထောင်စုဝန်ကြီးသည် ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမတွင် “မြန်မာ့ရေးရာ” လေ့လာရေးအဖွဲ့မှ
တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး သုတေသန လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ မိမိလုပ်ငန်း
တာဝန်အပေါ် ဂုဏ်ယူတတ်စေရေးနှင့် စိတ်အားထက်သန်စွာဖြင့် ကြိုးပမ်းလုပ်ဆောင်ရေး မှာကြားခဲ့သည်။
(သတင်းစဉ်)
No comments:
Post a Comment