ဒေါက်တာမောင်ဖြေ
''ဂေါတမမာရ်နိမ်မြတ်သည် သိမ်သို့ ငြိမ်ဆိမ့်သည်းဝင် သိက္ခာတင်သည်'' ဟူ၍
ဆီသည်ရွာစား ဦးအောင်ကြီးက ဝါဆိုလ လူးတားကဗျာတွင် ဖော်ညွှန်းသည့်အတိုင်း ရှေးအခါက ဝါဆိုလ၏ရာသီပွဲတော်သည်
ရဟန်းခံရှင်ပြုပွဲ ဖြစ်သည်။
ရဟန်းခံပွဲသမိုင်း
ရှေးမြန်မာဘုရင်များသည် ဝါဆိုလတွင် ရဟန်းခံ ရှင်ပြုပွဲတော်ကြီးကို ရာသီပွဲတော်အဖြစ်
ခြိမ့်ခြိမ့်သဲသဲ ကျင်းပဆင်နွှဲခဲ့ကြ၏။ သက္ကရာဇ် ၅၇၅ ခုစွဲ၊ ပုဂံမြို့ သံလျင်အိုကပ်သင်ချင်ကျောက်စာတွင်
''သာပန်စင်ခံရုယ် က ၇၂၁ ဦး၊ နာသရှစ်ကျွန်နွာဥစ်စာပိယ်ဧ(သားပဉ္ဇင်းခံ၍ တရားဦးနာသရော
ကျွန်နွားဥစ္စာပေး၏)ဟု ရေးထိုး ထားချက်အရ ပုဂံခေတ် အနော်ရထာမင်းလက်ထက်က ထေရဝါဒသာသနာ
ထွန်းကား၍ ရဟန်းတော်များ အမြောက်အမြားရှိနေပြီကို သိနိုင်သည်။ ပုဂံခေတ်တွင် ရဟန်းခံမှု၊
ပဉ္ဇင်းခံမှုများရှိခဲ့ကြောင်း ထင်ရှား၏။
ဝါထပ်ခြင်းမှာ
ဤနှစ် ၁၃၈ဝ ပြည့်နှစ်သည် ဝါဆိုနှစ်လရှိသည်။ ယင်းသို့ ဝါထပ်ခြင်းကို ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့အတွက်
ပြက္ခဒိန်အကြံပေးပညာရှင်တို့ စီစဉ်တွက်ချက်ဆုံးဖြတ် ပေးသည့်အတိုင်း ဝါထပ်သည့်၊ ဝါမထပ်ခြင်းတို့ကို
အသိ အမှတ်ပြုကြရသည့် ကဆုန်လ၊ နယုန်လ၊ ပထမဝါဆိုလ၊ ဒုတိယဝါဆိုလ လေးလလုံး ရက်စုံချည်းသတ်မှတ်လျှင်
ဝါကြီးထပ်၏။
ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည် ဝါဆိုလတွင်သာ လထပ်ခြင်းပြုကြရသောကြောင့်
''ဝါထပ်''ခြင်းဟု ခေါ် ခြင်းဖြစ်သည်။ ဝါမထပ်သောနှစ်၌ ၁၂ လပင်ရှိ၍ ဝါထပ် သောနှစ်၌ တစ်လတိုးကာ
တစ်နှစ်လျှင် ၁၃ လဖြစ်လာ သည်။ ဝါဆိုနှစ်လဖြစ်ပါက ဒုတိယဝါဆိုလတွင်သာ ပါဝင်ကြောင်း မှတ်သားရသည်။
ဝါထပ်ရခြင်းမှာ သူရိယမာသ တစ်နှစ်ကာလ ကုန်ဆုံးရသည့် စန္ဒရမာသနှစ် ၁၂ လပြည့်မြောက်သည့်
အခါ ရက်ပိုများရှိတတ်သည်။ ယင်းသို့ ရက်ပိုရှိခြင်း ကြောင့် စန္ဒရမာသ တစ်လပိုလာခြင်းဖြစ်သည်။
ထိုသို့ ပိုလာသောနှစ်တွင် ၁၃ လရှိသောနှစ် ဖြစ်ရသည်။ ထိုအခါတွင် ဝါထပ်သည်ဟု ဆိုသည်။
ဝါဆိုတစ်လ တိုးလာ၍ ဒုတိယဝါဆိုလတွင် ဝါဝင်သည်ကို မြန်မာ ဆယ့်နှစ်လရာသီအကြောင်း စာအုပ်တွင်
ဆရာကြီး မောင်ထင်က ရှင်းလင်းဖော်ပြထားသည်။
ဗုဒ္ဓဘာသာအခြေပြုဝေါဟာရ
ဝါဆိုလကား ဘုရားသာသနာတော်ကို ထူထောင်၍ သာသနာ၏အထောက်အပံ့ဖြစ်သော သံဃာတော်များ
ကို ကျစ်လျစ်ခိုင်မာစေသောလဖြစ်ပေသည်။ ဝါဆို ဟူသော စကားလုံးသည် ဗုဒ္ဓဘာသာကို အခြေပြု၍
ခေါ်ဝေါ်ကြသော စကားလုံးဟု ယူဆရ၏။
မြတ်ဘုရားရှင်၏ တပည့်သံဃာတော်တို့ ဝါဆို ဝါတွင်းကာလ ဝါကပ်ခြင်းပြုကြသောလ
ဖြစ်သည်။ 'ဝါ'မှာ ဝါဿ ဟူသော ပါဠိမှလာ၍ နေခြင်းဖြစ်သည်။ 'ဆို' မှာ ရွတ်ဆိုခြင်းဖြစ်၏။
ဝါဆိုဟူသော စကားလုံးကို ''ဤအရာမ်အတွင်း၌ မိုးသုံးလပတ်လုံးနေပါမည်''ဟု ရွတ်ဆိုကတိပြုခြင်းဟု
ဆိုလိုသည်။ ၎င်းကို မာဂဓအလို ''ဣမသ္မိံ ဝိဟာရေ ဣမံတေမာသံ ဝဿံ ဥပေမိ''ဟု ရွတ်ဆိုရသည်။
ပထမဝါဆိုလသည် နွေတစ်ပိုင်း၊ မိုးတစ်ပိုင်း ရောနှောနေသော လရာသီဖြစ်ပြီး
နွေနှောင်းကာလဖြစ် သည့်နည်းတူ မိုးဦးလလည်းဖြစ်ပေသည်။ နွေမပီ၊ မိုးမမည်သေးသော စပ်ကူးမပ်ကူးကာလ၊
နွေလိုလို၊ မိုးလိုလို မသဲမကွဲဖြစ်ပေါ်နေသော အခါသမယဖြစ်သည်။ နွေနှင့်မိုး တစ်ဝက်စီခြယ်ထားသော
နှစ်ရောင်ခြယ် နွေမိုးသရုပ်ဖော်ပန်းချီကားချပ်ကြီးသဖွယ် ကြည်နူးခံစား ဖွယ်ရာဖြစ်သည်။
မြစ်ချောင်းအင်းအိုင် ရေပြည့်လျှံ
''ဝါဆိုလပြောင်း၊ မိကျောင်းဖွေးဖွေး၊ မိုးအေးအေး'' ဆိုသည့်စကားစဉ်အရ တောတန်းတစ်လျှောက်၌
ဖွေးဖွေး ဖြူအောင် ပွင့်နေကြသည့် မိကျောင်းပန်းများကို မြင်တွေ့ နိုင်ပြီး ''ဝါဆိုငယ်မှ
ဝါခေါင်၊ ရေဖောင်ဖောင်နှင့်၊ ရွာ တောင်က ချောင်း''ဆိုသည်နှင့်အညီ ဝါဆိုလတွင် မိုးသည်းထန်စွာ
ရွာသွန်းသောကြောင့် မြစ်ချောင်းအင်း အိုင်များ၌ ရေများပြည့်လျှံနေလျက် အာကာသမိုးကောင်း
ကင်တွင်လည်း ညိုမဲသော မိုးသားလိပ်ကြီးများ အုပ်စုဖွဲ့ ကာ စဉ်ဆက်မပြတ် ရွေ့လျားနေကြသဖြင့်
အရပ် ရှစ်မျက်နှာတစ်ခွင်လုံးဝယ် မှုန်မှိုင်းအုံ့ဆိုင်း၍ နေပေသည်။
မြတ်စွာဘုရားရှင်လက်ထက်၌ ဘိက္ခုနှင့် ဘိက္ခုနီမ အပါအဝင် သံဃာတော်တို့သည်
မိုးတွင်းကာလ၌ ဒေသ စာရီကြွချီလေ့ရှိသည်။ ဤကဲ့သို့ အရပ်ရပ်သို့ လှည့်လည် သည်ရှိသော စိမ်းစိုသောမြက်ခင်းနှင့်တကွ
စိုက်ပျိုးထား သော လယ်ယာတို့သည် ပျက်စီးခြင်းဖြစ်ရသည်။ ထိုအခါ လယ်သမားဦးကြီးတို့က
''ဘိက္ခု၊ ဘိက္ခုနီမတို့သည် မိုးတွင်း ၌ ခရီးသွားကြခြင်းကြောင့် စိမ်းစိုသော မြက်ခင်းကိုနင်း၍
ပိုးမွှားအစရှိသော သတ္တဝါတို့၏ အသက်ကို ဖျက်ဆီးကြ လေသည်''ဟူ၍ ဝေဖန်ပြောကြားသည်ကို အကြောင်းပြု၍
မြတ်ဘုရားရှင်သည် ''ရဟန်းသံဃာများကို မိုးတွင်း၌ ဒေသစာရီလှည့်လည်သွားပါက ပါစိတ်အာပတ်သင့်၏''
ဟု ဆုံးမတော်မူလေသည်။ ထို့ကြောင့် ဝါဝင်သော ဝါဆို လပြည့်နေ့မှစ၍ သီတင်းကျွတ်လပြည့်နေ့အထိ
မိုးတွင်း သုံးလတွင် သံဃာတော်များသည် ''ဣမသ္မိံ ဝိဟာရေ ဣမံတေမာသံ ဝဿံ ဥပေမိ'' ဟု ရွတ်ဆို၍
မိုးတွင်း သုံးလပတ်လုံး ဤကျောင်းအရာမ်၌ သီတင်းသုံးနေထိုင် မည်ဟု အဓိဋ္ဌာန်ပြုရသည်။ ဤကဲ့သို့ဝါကပ်ကာ
သံဃာတို့ နှင့်ဆိုင်သော အကျင့်သီလသိက္ခာကို စောင့်ထိန်းကြ ရသည်။
ဓမ္မစကြာတရားတော်
မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းရှိ
မဟာဗောဓိပင်အောက် ရွှေပလ္လင်တော်ဝယ် လောက၌ သိသင့်သိထိုက်သော အရာ မှန်သမျှ ကြွင်းမဲ့ကုန်စင်
ကောင်းစွာသိမြင်တော်မူသော မြတ်ဘုရားရှင်သည် ဥရုဝေလတောမှ တစ်ဆယ့်ရှစ်ယူဇနာ ဝေးသော ပဉ္ဇဝဂ္ဂီငါးဦးတို့နေထိုင်ရာ
ဗာရာဏသီပြည်အနီး မိဂဒါဝုန်ရဂုံမြိုင်အတွင်း ဝါဆိုလပြည့် ဓမ္မစကြာတရားဦးကို ဟောကြားခဲ့ခြင်းဖြစ်သည်။
ဓမ္မစကြာတရားတော်သည် ဝိနည်းမဟာဝါပါဠိတော်၌ ''ပဉ္စဝဂ္ဂီယကထာ''အမည်ဖြင့်လာရှိပြီး
ပဋိသမ္ဘိဒါ မဂ္ဂပါဠိ တော်၌ ''ဓမ္မစက္ကပဝတ္တနဝါရ'' အမည်ဖြင့် လာရှိသည်။ မဟာဝဂ္ဂသံယုတ်ပါဠိတော်၌လည်း
''ဓမ္မစက္ကပဝတ္တန သုတ္တ''အမည်ဖြင့် လာရှိသည်။ ဓမ္မစက္ကပဝတ္တနသုတ်၏ အဓိပ္ပာယ်မှာ တရားဥာဏ်တော်တည်းဟူသော
အသိစက်ကို လည်စေတော်မူခြင်းဟု အဓိပ္ပာယ်ရပေသည်။ (ဓမ္မ= တရားဥာဏ်တော်+ စက္က= စက်ဝန်း+ ပဝတ္တန=လည်စေခြင်း)
ဖြစ်၏။
ထိုတရားတော်တွင် ဘဝအသစ်မဖြစ်သော ဆင်းရဲ ခြင်းကင်းမည့် ကျင့်စဉ်များ ပါရှိပေသည်။
တရားတော်၏ အနှစ်သာရအားဖြင့် အကျင့်သုံးပါး၊ သစ္စာလေးပါး၊ ဥာဏ် တစ်ဆယ့်နှစ်ပါးနှင့် ဗုဒ္ဓအဖြစ်ကို
ဝန်ခံတော်မူခြင်းတို့ ဖြစ်ပေသည်။
တရားတော်၏အချုပ်ကား ရှောင်ရန်အချက်ကြီး နှစ်ချက်ကို ပထမပြသည်။ ကာမစည်းစိမ်ကို
ခံစားသော အကျင့်နှင့် ခန္ဓာကိုယ်ကို ပင်ပန်းသောအကျင့်တို့ကို မပြုကျင့်ခြင်းနှင့် ထိုအကျင့်တို့ဖြင့်
ရုပ်ခန္ဓာငြိမ်းအေးသော ချမ်းသာကိုမရနိုင်။ အစွန်းနှစ်ခုမှလွတ်သည့် အလယ် အလတ်ကျင့်စဉ်ဖြင့်သာ
လောကုတ္တရာကောင်းကျိုးတည်း ဟူသော အေးငြိမ်းခြင်းကို ရရှိခံစားနိုင်သည်တို့ဖြစ်ပေသည်။
ယင်းတရားတော်ကြောင့် ပဉ္စဝဂ္ဂီငါးဦးတို့တွင် ရှင်ကောဏ္ဍညသည် တရားထူးရကာ ဧဟိဘိက္ခုရဟန်း
ဖြစ်လာ၏။ ရှင်ဝပ္ပက လပြည့်ကျော်တစ်ရက်နေ့၊ ရှင်ဘဒ္ဒယကနှစ်ရက်နေ့၊ ရှင်မဟာနာမ်က သုံးရက်နေ့၊
ရှင်အဿဇိက လေးရက်နေ့မှာ ဧဟိဘိက္ခုရဟန်းတော်များ ဖြစ်လာကြ၏။
ဝါဆိုလ ဝါတွင်းမှာ ယဿသူဌေးသားနှင့် သူငယ်ချင်း လေးဦး၊ ယင်းနောက် သူငယ်ချင်းငါးဆယ်တို့
ဧဟိဘိက္ခုရဟန်းတော်များ ဖြစ်လာကြသည်။ ဧဟိဘိက္ခု ရဟန်းဆိုသည်မှာ ဘုရားရှင်၏တရားကို နှစ်သက်
လက်ခံပြီး ဘုရားရှင်ထံတွင် ''တပည့်တော်အရှင်ဘုရားထံမှ ရှင်အဖြစ် ရဟန်းအဖြစ်ကို ရလိုပါ၏''
ဟူ၍ လျှောက်ထား တောင်းပန်သည့်အခါ ဘုရားရှင်က ''ဧဟိဘိက္ခု သွာက္ခာတောဓမ္မော၊ စရဗြဟ္မစရိယံ
သမ္မာ ဒုက္ခဿ အန္တကိရိယာယ'' ''ရဟန်းလာလော့၊ တရားကို ကောင်းစွာ နာကြားအပ်ပြီး ဆင်းရဲဒုက္ခ၏
အဆုံးသတ်ရန်ဖြစ်သော အကျင့်ကို ကောင်းကောင်းကျင့်လှည့်ပါ'' ဟု မိန့်ကြား၏။ ထို့ကြောင့်
ဘုရားရှင်၏ ဧဟိဘိက္ခု စသော မိန့်ကြားချက်နှင့် ရဟန်းဖြစ်လာသူများကို ဧဟိ ဘိက္ခု ရဟန်းဟုခေါ်ဆိုခြင်း
ဖြစ်သည်။
ကမ္မဝါစာနှင့် သိမ်လိုအပ်ခြင်း
ထို့နောက် ရဟန်းပြုလိုသူများကို ဘုရားရှင်ထံ ခေါ်လာကြရာတွင် ရဟန်းများနှင့်
ရဟန်းလောင်းများမှာ ပင်ပန်းကြသည့်အတွက် ဘုရားရှင်က ရဟန်းတော်များကို ''သရဏဂုံသုံးပါး''နှင့်
ရဟန်းပြုခွင့်ပြုလိုက်သည်။ သရဏဂုံ သုံးပါးကို ခံယူခြင်းဖြင့် ရဟန်းဖြစ်သောသူ များလာသော
ကြောင့် နောက်ပိုင်းတွင် သရဏဂုံသုံးပါးနှင့် ရဟန်းပြုခွင့် ပေးခြင်းကို ပြောင်းလဲ၍
သံဃာအဖွဲ့က ရဟန်းလောင်း ကို ရဟန်းပြုပေးနိုင်တော့သည်။ ဉာတ္တိစတုတ္ထကမ္မဝါစာဖြင့် ရဟန်းပြုပေးရသည့်အခါ
သံဃအဖွဲ့ကသာ ရဟန်းပြုပေး နိုင်ခြင်း၊ သံဃာ့အဖွဲ့က ရဟန်းပြုပေးရန် ဆောင်ရွက်ရာ တွင်လည်း
သံဃာ့ကို ဆောင်ရွက်ရန်အတွက် သိမ်လိုအပ် လာသည်။
''ဉာတ္တိစတုတ္ထကမ္မဝါ''
စာခေါ်မှာ ''ဉာတ္တိ''
သည် သိစေခြင်း သို့မဟုတ် ကြေညာခြင်းဖြစ်သည်။ အကျဉ်း အားဖြင့် သံဃာ့အဖွဲ့က ဤမည်သော ရဟန်းလောင်းကို
ဤမည်သော ဥပဇ္ဈာယ်ဆရာနှင့် ရဟန်းပြုပေးမည်ဟု အသိပေးခြင်း၊ ကြေညာခြင်းကို ပါဠိလို ''ဉာတ္တိ'' မြန်မာလို ''ဥာတ်ထားတယ်'' ဟု ခေါ်သည်။
''ကမ္မဝါစာ'' ဆိုသည်မှာ ကံပြုကြောင်းအဆိုတင်သောစာဖြစ်၏။ ရဟန်းခံပေးခြင်း၊ ကထိန်ခင်းခြင်း
စသော သံဃာ့ကိစ္စ သံဃာ့ကံပြုကြောင်း အဆိုပြုသောစာကို ''ကမ္မဝါစာ'' ဟု ခေါ်ခြင်းဖြစ်သည်။
အစွန်းတရားရှောင်ရန်နည်း
မြတ်ဘုရားရှင်သည် ဓမ္မစကြာတရားတော်၌ လူအနှောင်အဖွဲ့များကို ကာမဂုဏ်ချမ်းသာတို့၌
ကပ်ငြိ တွယ်တာပြီး လိုက်စားသော အကျင့် ''ကာမသုခလ္လိကာ နုယောဂ''နှင့် မိမိခန္ဓာကိုယ်နှင့်
စိတ်ကိုပင်ပန်းဆင်းရဲစေရန် ပြုလုပ်သော ''အကျင့်'' ''အတ္တကိလမထာနုယောဂ'' ဟူသည့် အစွန်းတရားနှစ်ပါးသည်
လောကမှ လွတ်မြောက်ရေးအတွက် အကျိုးမရှိ၊ အချည်းနှီးသော အကျင့်များ ဖြစ်သည်။ ယင်းအစွန်းနှစ်ပါးကိုမမှီဝဲရန်
လမ်းပြနည်းကို ဟောကြားတော်မူခြင်းဖြစ်သည်။ ထိုနည်းလမ်းသည် သိပ္ပံနည်းကျဖြစ်ပေသည်။ တရား
တော်များအရ မိမိကိုယ်တိုင် လေ့လာသိမြင်ခြင်းမရှိ သေးသမျှ မည်သည့်အယူအဆကိုမျှ လက်မခံစေရန်
ဖြစ်သည်။
ပုထုဇဉ်ဟူသမျှ လူ့ဘောင်လောက၌ မိမိတို့နေ့စဉ် ကြုံတွေ့နေရသော ကိစ္စအဝဝကို
ဆောင်ရွက်ရာတွင် အစွန်းရောက်ခြင်းများကို တတ်နိုင်သမျှ ရှောင်ရှားရမည်။ သို့မှသာလျှင်
လောကုတ္တရာ ကောင်းကျိုးကို မရသေးမီ ကာလအတွက် လောကီကောင်းကျိုးကို ခံစားရရှိနိုင်ကြ ပေလိမ့်မည်။
လူ့ဘောင်ကို မစွန့်ခွာသေးနိုင်သူများ အနေဖြင့်လည်း မိမိတို့နေ့စဉ်ကြုံတွေ့နေရသော ကိစ္စ
အဝဝကို ဆောင်ရွက်ရာ၌ အစွန်းရောက်ခြင်းများကို ဖယ်ရှား၍ အလယ်အလတ်နှလုံးသွင်းကာ မစ္ဆိမပဋိပဋာ
လမ်းစဉ်ကို တန်ဖိုးထားကာ ဆောင်ရွက်လုပ်ကိုင်လျှင် လောကုတ္တရာနိဗ္ဗာန်ကို ရရှိနိုင်ကြပေလိမ့်မည်။
လောကီ နိဗ္ဗာန်ကို ရရှိနိုင်ရန်အတွက် မစ္ဆိမပဋိပဋာဖြင့် မိမိအတွက် သူတစ်ပါးအား မည်သို့မှ
အနှောင့်အယှက်မဖြစ်စေခြင်း ပင်ဖြစ်သည်။ မိမိတို့ပြုလုပ်ပြောဆိုဆောင်ရွက်ခြင်းဖြင့်
အမှားနှင့်အဆိုးသို့ မရောက်စေဘဲ အမှန်နှင့်အကောင်း တို့တွင်သာ ရှိနေစေပါမူ သာယာဝပြောသော
လောကီ နိဗ္ဗာန်ကြီးတစ်ရပ်ဖြစ်စေမည်မှာ မလွဲပေ။ သာယာဝပြော သော လောကီနိဗ္ဗာန်ဟု ဆိုရာ၌
လူတိုင်းသည် စားဝတ် နေရေး၊ လူမှုရေးအရပ်ရပ်တို့ ကြောင့်ကြစိုးရိမ်မှုမရှိခြင်း၊ ဆင်းရဲပင်ပန်းမှုမရှိခြင်း၊
လိုချင်တပ်မက်မှုမရှိခြင်း၊ နှိပ်စက်ညှဉ်းပမ်း အနိုင်ကျင့်ခြင်းမရှိခြင်း၊ မနာလိုဝန်တို
ခြင်း မရှိခြင်း၊ ဝင့်ဝါမော်ကြွားမှု မရှိခြင်းတို့ကြောင့် လူတိုင်းသည် မည်သည့်ကိစ္စမျိုး၌ပင်ဖြစ်စေ
သင့်တင့် လျောက်ပတ်မှုရှိကြရသည်။ ကျေနပ်ရောင့်ရဲမှုရှိအပ်သည်။
ရောင့်ရဲခြင်းသည် ပျော်ရွှင်ဖွယ်ရာ
လူ့ဘောင်လောကတွင် မည်သည့်အလုပ်ကို လုပ်ကိုင်သည်ဖြစ်စေ ရောင့်ရဲခြင်းအဆင့်ဖြစ်စေရန်
တဏှာ၊ မာန၊ ဒိဋ္ဌိတို့ကို သိအပ်ရာသည်။ ရောင့်ရဲခြင်းသည် ပျော်ရွှင်မှုအဆင့်ဖြစ်သည်ဆိုသော
''Contentment is truth happiness" ဆောင်ပုဒ်က ဆိုထားသည်။ မြတ်ဘုရားရှင်က တဏှာ၊
မာနနှင့် ဒိဋ္ဌိတို့ ကင်းသော အဆင့်သို့ ရောက်ရန်အတွက် ရောင့်ရဲခြင်းသုံးမျိုးကိုလည်း
ဟောကြားထားခဲ့လေသည်။
-ယထာလာဘသန္တောသ- ရသမျှနှင့်ရောင့်ရဲခြင်း၊ ကျေနပ်ခြင်း၊ ငါ့ပစ္စည်း ငါ့ဥစ္စာဟု
မစွဲလမ်း မသိမ်းပိုက် သော
-ယထာဗလသန္တောသ- လိုသလောက်နှင့် ရောင့်ရဲ ခြင်း၊ ကျေနပ်ခြင်း၊ လုပ်သလောက်ရသည်ဖြစ်စေ၊
မရ သည်ဖြစ်စေ ရသလောက်ထဲမှ လိုသလောက်သာ ယူငင်သုံးစွဲသော
-ယထာသရုပ္ပသန္တောသ- မိမိအဆင့်အခြေအနေနှင့် အညီ လိုက်လျောညီထွေမှုအရ ကျေနပ်သုံးစွဲသော
တို့ဖြစ်ပါသည်။
တဏှာ၊ မာန၊ ဒိဋ္ဌိကို ကင်းလွတ်အောင်လုပ်၍လည်း မလွယ်၊ ပယ်၍လည်းမပယ်နိုင်ခြင်းကို
သတိပေးဟောကြား
တော်မူလေသည်။ ကမ္ဘာကြီးငြိမ်းချမ်းရန်အတွက် ယင်းသို့သော သန္တောသနည်းဓမ္မစကြာတရားဖြင့် ကျင့်ကြံမှုက ကောင်းမြတ်စေမည်ဖြစ်သည်။ ပြည်သူ့အကျိုးသယ်ပိုး သော ပုဂ္ဂိုလ်များသည် ဓမ္မစကြာတရားနှင့် နှီးနွှယ်သော ရောင့်ရဲခြင်း၊ သန္တောသတရားကို ရင်ဝယ်ပိုက်၍ ကျင့်ကြံကြခြင်းဖြင့် ပျော်ရွှင်အေးချမ်းသည့် ကမ္ဘာကြီးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ဖော်ပြရပေသည်။ ။
တော်မူလေသည်။ ကမ္ဘာကြီးငြိမ်းချမ်းရန်အတွက် ယင်းသို့သော သန္တောသနည်းဓမ္မစကြာတရားဖြင့် ကျင့်ကြံမှုက ကောင်းမြတ်စေမည်ဖြစ်သည်။ ပြည်သူ့အကျိုးသယ်ပိုး သော ပုဂ္ဂိုလ်များသည် ဓမ္မစကြာတရားနှင့် နှီးနွှယ်သော ရောင့်ရဲခြင်း၊ သန္တောသတရားကို ရင်ဝယ်ပိုက်၍ ကျင့်ကြံကြခြင်းဖြင့် ပျော်ရွှင်အေးချမ်းသည့် ကမ္ဘာကြီးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ဖော်ပြရပေသည်။ ။
No comments:
Post a Comment