လွင်သွင်ဦး
လူသားများသည် အကြောင်းအရာမျိုးစုံ၊ ဘာသာရပ်မျိုးစုံကို သိနားလည်နိုင် ခြင်းမရှိပါ။
မိမိကျွမ်းကျင်ရာ၊ လိမ္မာရာ ဘာသာရပ်အကြောင်းအရာများကိုသာ သိနားလည်နိုင်ပါသည်။ ထိုသို့
အကြောင်းအရာအားလုံးကို မသိနားမလည် သဖြင့်လည်း ထိုသူကိုအထင်သေး၍၊ အပြစ်တင်၍ မရနိုင်ပါ။
သို့ရာတွင် လူ့အဖွဲ့အစည်းတွင် နေထိုင်သောလူများသည် ဥပဒေကိုသိနားလည်ရန် လိုအပ်ပါသည်။
ဥပဒေကို ဥပဒေပညာရှင်တစ်ယောက်ကဲ့သို့ တတ်ကျွမ်းခြင်း မရှိသော်လည်း နိုင်ငံတော်တွင် ပြဋ္ဌာန်းထားသော
ဥပဒေပါတားမြစ်ချက်များကို သိရှိရန်လိုအပ်ပါသည်။ တရားမဥပဒေ၊ ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေ၊
ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အပြည်ပြည်ဆိုင်ရာဥပဒေစသည်တို့ကဲ့သို့ ပြစ်မှု နှင့် ပြစ်ဒဏ်ပြဋ္ဌာန်းထားခြင်းမရှိသော
ဥပဒေများကိုမသိရှိလျှင် ဥပဒေ ဗဟုသုတမရှိဟုသာ ဆိုနိုင်မည်ဖြစ်ပါသည်။ သို့ရာတွင် ပြစ်မှုနှင့်ပြစ်ဒဏ်များ၊
တားမြစ်ချက်များ၊ ပြဋ္ဌာန်းထားသော ဥပဒေများကို မသိရှိလျှင် ဒုက္ခနှင့် ကြုံတွေ့နိုင်ပါသည်။
ကမ္ဘာ့နိုင်ငံများက လက်ခံထား
ဥပဒေ၏ ဆိုရိုးစကားနှင့် ကျင့်သုံးလိုက်နာသောမူတစ်ခုမှာ ဥပဒေကို သိရှိနားလည်ခြင်းမရှိသဖြင့်
အပြစ်မှကင်းလွတ်ခွင့် ရရှိမည်မဟုတ် (ignorance of law excuses no one)ဟု ကမ္ဘာ့နိုင်ငံအများက
လက်ခံထားကြပါသည်။ ဆိုလိုရင်းမှာ ဥပဒေကို သိနားလည်ခြင်းမရှိသောသူသည် ဥပဒေကိုချိုးဖောက်
ခြင်းအတွက် တာဝန်ရှိမှုမှ ကင်းလွတ်ခွင့်ရနိုင်မည်မဟုတ်ကြောင်း လက်ခံထားသည့် ဥပဒေရေးရာမူ
သဘောတရားဖြစ်ပါသည်။ ထိုသဘောတရားကို လက်ခံနိုင်ရန်မှာ နိုင်ငံ၏ဥပဒေများသည် သင့်လျော်စွာ
ပြဋ္ဌာန်းထားရမည်။ ထိုဥပဒေများကို ထုတ်ဝေဖြန့်ချိထားရမည်။ ဥပမာအားဖြင့် နိုင်ငံတော် ပြန်တမ်းတွင်
ပုံနှိပ်ထုတ်ဝေခြင်း၊ အင်တာနက်မှဖြန့်ချိခြင်း၊ ပြည်သူများဝယ်ယူ နိုင်သောနှုန်းထားဖြင့်
စာအုပ်ထုတ်ဝေရောင်းချခြင်း၊ ဥပဒေထုတ်ပြန်ပြီး နောက် သတင်းစာများတွင်ဖော်ပြခြင်း စသည့်နည်းလမ်းတို့ဖြင့်
အများ ပြည်သူသိအောင် ဆောင်ရွက်ထားရမည်ဖြစ်ပါသည်။ ထုတ်ပြန်ကြေညာခြင်း မပြုသော ဥပဒေကို
ဥပဒေအဖြစ် ဆိုနိုင်မည်မဟုတ်ပါ။
ဥပဒေကိုချိုးဖောက်သည်ဆိုရာတွင် ဥပဒေအရ တားမြစ်ထားသည့် အချက်များကို ပြုလုပ်ခြင်း
သို့မဟုတ် ဥပဒေက ဆောင်ရွက်ရန် သတ်မှတ် ထားသောအချက်များကို လိုက်နာရန် ပျက်ကွက်ခြင်းဟု
ခွဲခြားတွေ့ရှိရ ပါသည်။ ဥပမာအားဖြင့် မူးယစ်ဆေးဝါးကို လက်ဝယ်ထားခြင်းမပြုရဟု တားမြစ်ထားချက်ကို
ဖောက်ဖျက်ပြီး မူးယစ်ဆေးဝါးကို လက်ဝယ်ထားလျှင် ပြစ်မှုမြောက်မည်ဖြစ်ပါသည်။ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်
စီတန်းလှည့်လည် ခြင်းပြုလိုလျှင် ဥပဒေနှင့်အညီ သက်ဆိုင်ရာအာဏာပိုင်ထံ အသိပေး တင်ပြပြီးမှ
ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားရာ ထိုသို့ အသိပေးတင်ပြရန် ပျက်ကွက်လျှင် ဥပဒေအရ အရေးယူခြင်းခံရမည်
ဖြစ်ပါသည်။
ပြစ်မှုများတွင်လည်းကောင်း၊ တရားမမှုများတွင်လည်းကောင်း၊ သက်သေခံဥပဒေနှင့်
သက်ဆိုင်ရာ အထူးဥပဒေများအရ ပြဋ္ဌာန်းထားသော သက်သေပြရန် တာဝန်ရှိပါသည်။ ပြစ်မှုများတွင်
တရားလိုနှင့်တရားခံဟုရှိရာ တရားခံအပြစ်ရှိကြောင်းသက်သေပြရန် တာဝန်သည် (အချို့သော အထူး
ဥပဒေများပါ ပြဋ္ဌာန်းချက်များမှတစ်ပါး) ယေဘုယျအားဖြင့် တရားလိုသည် တရားခံအပြစ်ရှိကြောင်း
သက်သေပြရန် တာဝန်ရှိပါသည်။ တရားလိုဘက်မှ တရားခံအပြစ်ရှိကြောင်း သက်သေပြနိုင်သဖြင့်
တရားခံအပေါ် သက်ဆိုင်ရာ ဥပဒေအရ ပြစ်မှုဖြင့် စွဲချက်တင်ပြီးသည့်အခါတွင် အပြစ်မရှိကြောင်း
သက်သေပြရန်တာဝန်သည် တရားခံအပေါ် ကျရောက်ပါသည်။ တရားခံက စွဲချက်ကိုဝန်ခံလျှင် ထိုက်သင့်သောပြစ်ဒဏ်
ကျခံရမည်ဖြစ်ပါသည်။ တရားခံက စွဲချက်ကို အပြစ်မရှိကြောင်းငြင်းဆိုပါက တရားခံသည် ထိုပြစ်မှုကို
လုံးဝကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆိုနိုင်ပါသည်။ ထိုသို့ ငြင်းဆိုလျှင် ကျူးလွန်ခြင်းမရှိကြောင်းကို
တရားခံက သက်သေပြရန် တာဝန်ရှိပါသည်။ တရားခံသည် စွဲချက်ပါပြစ်မှုကို ပြုလုပ်ကြောင်း ဝန်ခံသော်လည်း
ထိုသို့ ပြုလုပ်မှုမှာ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာဥပဒေများတွင် ပြဋ္ဌာန်းထားသော ကင်းလွတ်ရမြဲအချက်များတွင်
ကျရောက်သဖြင့် ပြစ်မှုမှကင်းလွတ်ခွင့်ရ ကြောင်း၊ ပြစ်မှုမမြောက်ကြောင်း သက်သေပြနိုင်ပါသည်။
ဥပမာ တရားခံ သည် ကာကွယ်ခုခံပိုင်ခွင့်ကို အသုံးပြုခြင်းဖြစ်ကြောင်း၊ ကာကွယ်ခုခံပိုင်ခွင့်
အရ ပြုလုပ်ရာတွင် တရားလိုဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း သက်သေ ပြနိုင်လျှင် ပြစ်မှုမြောက်မည်
မဟုတ်ပါ။
ထိုသို့ထုချေရာတွင် တရားခံက စွဲဆိုထားသော ပြစ်မှုကို ပြုလုပ်မိ ကြောင်း၊
သို့ရာတွင် ထိုသို့ပြုလုပ်မိခြင်းမှာ မိမိသည် ထိုဥပဒေကို သိရှိ နားလည်ခြင်းမရှိသောကြောင့်
ပြုလုပ်မိခြင်းဖြစ်သဖြင့် အပြစ်မရှိကြောင်း ထုချေ၍အပြစ်မှ ကင်းလွတ်ခွင့်ရရှိနိုင်မည်မဟုတ်ပါ။
ဥပဒေကို သိနား လည်ခြင်းမရှိသဖြင့် ပြစ်မှုမှကင်းလွတ်ခွင့် ပြုမည်ဆိုပါက ပြစ်မှုကျူးလွန်သူ
တိုင်းသည် ပြစ်မှုမှ လွတ်မြောက်နေမည် ဖြစ်ပါသည်။
ပြစ်မှုမြောက်ရန် အချက်များကို သုံးသပ်ရာတွင် အချို့သော ပြစ်မှုများ ၏ အင်္ဂါရပ်များတွင်
ပြစ်မှုမကင်းသောစိတ် သို့မဟုတ် ပြစ်မှုကျူးလွန်ရန် ကြံရွယ်ချက်ကို ထည့်သွင်းပြဋ္ဌာန်းထားပါသည်။
ဥပမာအားဖြင့် ခိုးမှု၊ ပြစ်မှု မကင်းသော အလွဲသုံးစားမှု၊ ပြစ်မှုမကင်းသော ယုံကြည်အပ်နှံရေး
ဖောက်ဖျက်မှု စသည့် ပြစ်မှုတို့တွင် ပြစ်မှုကျူးလွန်သူ၏ မရိုးမဖြောင့်သောသဘောဆိုသည့် အချက်မှာ
အဓိကကျပါသည်။ သဘောရိုးဖြင့် ပြုလုပ်ခြင်းဖြစ်လျှင် သို့မဟုတ် ပြစ်မှုမကင်းသောစိတ်၊ မရိုးမဖြောင့်သော
သဘောမရှိလျှင် ပြစ်မှုမြောက်နိုင်မည် မဟုတ်ပါ။ ဤနေရာတွင် ပြစ်မှုမကင်းသောစိတ်မရှိခြင်းနှင့်
ဥပဒေကို သိနားလည်မှုမရှိခြင်းတို့သည် တူညီမှုမရှိကြောင်း တွေ့ရှိရပါသည်။
သို့ဖြစ်ပါ၍ ပြစ်မှုမကင်းသောစိတ်မရှိခြင်းနှင့် ဥပဒေကို သိနားလည်မှုမရှိခြင်းတို့ကို
ခွဲခြား သုံးသပ်ရမည်ဖြစ်ပါသည်။
စာရေးသူ တွေ့ကြုံဖူးသည့် သာဓကလေးများကို တင်ပြလိုပါသည်။ ၁၉၉၆ ခုနှစ်ခန့်က
မြို့နယ်တစ်ခုတွင် တာဝန်ထမ်းဆောင်ပါသည်။ ထိုစဉ်က ရန်ကုန်မြို့နှင့်တကွ အချို့သော မြို့နယ်များတွင်
တောရောမြို့ပါမကျန် ချဲထီ ထိုးခြင်း၊ ချဲထီဒိုင်ကိုင်ခြင်းတို့ကို အများအပြား လုပ်ဆောင်ကြပါသည်။
ထိုသို့ အများသူငါက ချဲထိုးကြသဖြင့် ချဲထိုးခြင်းသည် အစဉ်အလာတစ်ခုအဖြစ် လက်ခံကြပြီး
ပြစ်မှုကျူးလွန်သည်ဟု မမှတ်ယူကြတော့ပါ။ တစ်ဦးနှင့် တစ်ဦး ချဲဂဏန်းမေးခြင်း၊ ချဲဂဏန်းတွက်ခြင်း၊
ချဲထီထိုးခိုင်းခြင်းတို့မှာ လုပ်နေကျအလုပ် တစ်ခုအဖြစ်သာ လုပ်ဆောင်ကြပါသည်။ မည်သူကမျှ
အထင်သေးခြင်း၊ အပြစ် ပြောခြင်း မပြုကြပါ။ ရွာတစ်ရွာတွင် ချဲဒိုင်ကိုင်သော အမျိုးသမီးတစ်ဦးနှင့်
ချဲထိုးသော အမျိုးသမီးတစ်ဦးတို့ ချဲပေါက်သည်ကို မလျော်သဖြင့် အချင်းများ ကြပါသည်။
၎င်းတို့နှစ်ဦး ကျေးရွာဥက္ကဋ္ဌထံ ထိုကိစ္စကို သွားရောက်တိုင်ကြား ပါသည်။ ဥက္ကဋ္ဌကမေးသည့်အခါ
နှစ်ဦးလုံးက ချဲထိုးခြင်းမှန်ကြောင်း၊ သို့ရာတွင် ပိုက်ဆံ လက်ငင်းချေမသွား၍ မလျော်ခြင်းဖြစ်ကြောင်း
ပြောကြားပါသည်။
ဥက္ကဋ္ဌက သူဖျန်ဖြေပေးသည်ကို လက်မခံလျှင် မြို့ကရဲစခန်းသို့ လွှဲစာရေးပေး မည်ဖြစ်ကြောင်း
ရဲစခန်းတွင် ရှင်းကြရန် ပြောပါသည်။ ကျေးရွာများတွင် ပြဿနာတစ်ခုဖြစ်လျှင် ကျေးရွာဥက္ကဋ္ဌထံ
ရောက်ရှိပြီး ဥက္ကဋ္ဌက လွှဲစာရေးပေး မှသာ ရဲစခန်းသို့ သွားရောက်ကြသည့် ဓလေ့ရှိကြပါသည်။
ဤသို့နှင့် ၎င်းတို့ နှစ်ဦး ရဲစခန်းသို့ ရောက်သွားပါသည်။ ရဲစခန်းသို့ရောက်သည့်အခါ
ရဲစခန်းမှူးက အဖြစ်အပျက်ကို မေးမြန်းပြီး တကယ်မှန်၊ မမှန် စစ်ဆေးရာ မှန်ကန်ကြောင်း
ဖြေကြားသဖြင့် နှစ်ဦးလုံးကို လောင်းကစားဥပဒေဖြင့် အမှုဖွင့်အရေးယူပါသည်။
ချဲထိုးသည့်အမျိုးသမီးက 'ချဲပေါက်တာမလျော်လို့ လာတိုင်တာ၊ ဘာကြောင့် သူ့ကိုပါ
အရေးယူရပါသလဲ'ဟုမေးမြန်းရာ ချဲထီထိုးသည်ဆိုသည်မှာ ထိုးသူရော၊ ဒိုင်ပါ နှစ်ဦးစလုံး
လောင်းကစားဥပဒေအရ အပြစ်ရှိကြောင်း ရဲစခန်းမှူးက ရှင်းပြပါသည်။ ထိုအခါ ၎င်းတို့နှစ်ဦးစလုံး
ထိုင်ငို၍ အမှုဖြစ်ရသည့်ဘဝသို့ ရောက်သွားပါသည်။ ဤအဖြစ်အပျက်မှာ ဥပဒေကို မသိရှိသဖြင့်
ကျူးလွန်ကြ ခြင်းဖြစ်ပါသည်။ သို့သော်လည်း အပြစ်မှ ကင်းလွတ်ခွင့်မရနိုင်ပါ။
မြို့ရွာများတွင် နာရေးဖြစ်ပွားပါက ရက်လည်သည်အထိ လောင်းကစား ဝိုင်းများ(ဖဲဝိုင်းများ)
ပြုလုပ်လေ့ရှိပါသည်။ နာရေးအိမ်တွင် ညပိုင်း၌ စောင့်မည့်သူနည်းပါးသဖြင့် ညပိုင်းအစောင့်များ
ရရှိစေရန်လည်းကောင်း၊ လောင်းကစားဝိုင်းမှ ရရှိသောအကောက်ငွေဖြင့် နာရေးကို ကူညီပံ့ပိုးရန်
လည်းကောင်း အကြောင်းအမျိုးမျိုးဖြင့် လောင်းကစားဝိုင်းများ ပြုလုပ်ကြပါ သည်။ ဤသို့ပြုလုပ်ခြင်းကို
ဓလေ့ထုံးစံတစ်ရပ်အဖြစ် လက်ခံထားကြပြီး ဥပဒေနှင့် ငြိစွန်းသည်ဟု နားမလည်ကြပါ။ သက်ဆိုင်ရာ
ရပ်ကွက်လူကြီးများ၊ ရဲစခန်းများကလည်း နာရေးအိမ်တွင်ပြုလုပ်သည့် လောင်းကစားဝိုင်းကို
ဖမ်းဆီးလေ့မရှိပါ။ ထို့ကြောင့် နာရေးအိမ်တွင် လောင်းကစားခြင်းသည် ဖမ်းဆီး၍မရ၊ ဥပဒေအရ
အရေးမယူနိုင်ဟု နားမလည်သူများကလည်း ယူဆကြပါသည်။ ၁၉၉၈ ခုနှစ်ခန့်က ဖြစ်ပါသည်။ မြို့တစ်မြို့ရှိ
ရပ်ကွက် တစ်ခုတွင် နာရေးဖြစ်ပွားသဖြင့် လောင်းကစားဝိုင်းပြုလုပ်ပါသည်။ သက်ဆိုင်ရာ ရပ်ကွက်လူကြီးက
ရဲကိုတိုင်ကြားပြီး ဝင်ရောက်ဖမ်းဆီးပါသည်။ အိမ်ရှင်နှင့် ကစားသူများက ဖမ်းဆီး၍မရကြောင်း၊
နာရေးရှိသဖြင့် လောင်းကစားဝိုင်းပြုလုပ်ခြင်းဖြစ်ကြောင်း ငြင်းဆိုခုခံကြပါသည်။ သို့ရာတွင်
လောင်းကစားဥပဒေ၌ နာရေးအိမ်တွင် လောင်းကစားပါက လောင်းကစားမှု မမြောက်ကြောင်း ခြွင်းချက်ပြုပြဋ္ဌာန်းထားခြင်းမရှိပါ။
ထို့ကြောင့် အိမ်ရှင်နှင့် ကစားသူများ လောင်းကစားဥပဒေအရ အရေးယူခြင်းခံကြရပါသည်။ ဤအဖြစ်အပျက်မှာလည်း
ဥပဒေကို မသိနားမလည်သဖြင့် ကျူးလွန်ခြင်းဖြစ် သော်လည်း ကင်းလွတ်ခွင့်မရသည့် သာဓကတစ်ခု
ဖြစ်ပါသည်။
မူးယစ်ဆေးဝါးဥပဒေတွင် ဘိန်း၊ ကိုကင်း၊ ဆေးခြောက်နှင့် ထိုပစ္စည်း များ ပါဝင်ဖော်စပ်ထားသော
အရာဝတ္ထုပစ္စည်းများသည်လည်း မူးယစ်ဆေးဝါး ဖြစ်ကြောင်း ပြဋ္ဌာန်းထားပါသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနက
အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ထားသော ဆေးဝါးများသည်လည်း မူးယစ်ဆေးဝါးတွင် ပါဝင်ပါသည်။
ထိုသို့ အမိန့်ကြော်ငြာစာထုတ်ပြန်ထား သော မူးယစ်ဆေးဝါးအမျိုးအမည်များမှာ အလွန်များပြားပါသည်။
ထိုဥပဒေ ကို ကိုင်တွယ်အသုံးပြုနေသော တာဝန်ရှိသူများပင် အချို့ဆေးများကို မှတ်မိသိရှိနိုင်ခြင်းမရှိပါ။
ထိုသို့မသိရှိသဖြင့် အဆိုပါ အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသော ဆေးဝါးကို လက်ဝယ်ထားရှိခြင်း၊
သယ်ပို့ခြင်း၊ ရောင်းချ ခြင်း၊ ပြုမည်ဆိုပါက အပြစ်မှ ကင်းလွတ်ခွင့်ရရှိနိုင်မည်မဟုတ်ပါ။
နိုင်ငံတိုင်းတွင် ဥပဒေအရ တားမြစ်ချက်များရှိပါသည်။ ထိုတားမြစ်ချက် ကို
ဖောက်ဖျက်ပါက သက်ဆိုင်ရာဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ပါ သည်။ ထိုတားမြစ်ချက်သည် ကြီးလေးသော
ပြစ်မှုများရှိသကဲ့သို့ သာမန် ကိစ္စများလည်းရှိပါသည်။ ထိုနိုင်ငံအတွင်း မှီတင်းနေထိုင်သော
နိုင်ငံသား များနှင့် အမြဲနေထိုင်သူများဖြစ်စေ၊ တစ်ခါတစ်ရံ ရောက်ရှိလာသော ခရီး သွားဧည့်သည်
ဖြစ်စေ မည်သူမဆို နိုင်ငံနယ်နိမိတ်အတွင်း ရောက်ရှိနေပါက ထိုနိုင်ငံ၏ဥပဒေကို လေးစားလိုက်နာရမည်ဖြစ်ပါသည်။
ဥပဒေကို မသိ နားမလည်သဖြင့် ဖောက်ဖျက်မိပါသည်ဟု ခုခံချေပ၍ ရမည်မဟုတ်ပါ။ နိုင်ငံ၏ ဥပဒေအရ
တားမြစ်ချက်များကို လူတိုင်းလိုက်နာရမည်ဖြစ်ပါသည်။
နိုင်ငံတစ်နိုင်ငံတွင် ပြဋ္ဌာန်းထားသည့် ဥပဒေများစွာရှိသဖြင့် ဥပဒေ အားလုံးကို
သိရှိနားလည်ရန်မှာ လွယ်ကူသည့်အရာမဟုတ်ပါ။ သို့ရာတွင် ဥပဒေကို မသိနားမလည်သောကြောင့်
အပြစ်မှ ကင်းလွတ်ခွင့်မရနိုင်ပါသဖြင့် လူတိုင်းသည် ဥပဒေတားမြစ်ချက်များကို တတ်နိုင်သမျှ
သိရှိနားလည်အောင် လေ့လာသင့်ပါကြောင်း ရေးသားဖော်ပြအပ်ပါသည်။ ။
No comments:
Post a Comment