ရန်ကုန် ဇူလိုင် ၁၉
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ၂ဝ၁၈
ခုနှစ် (၇၁)နှစ်မြောက် အာဇာနည်နေ့
အထိမ်းအမှတ်အဖြစ် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား
ရည်စူး၍ ဆွမ်းဆက်ကပ် လှူဒါန်းခြင်းနှင့် ရေစက်သွန်းချ
အမျှပေးဝေခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ဒေါက်တာကုမာရာ ဘိသ ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော် သံဃာတော်များ ချီးမြှင့်သည့် မေတ္တသုတ်အစရှိသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးများက
သံဃာတော် အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင် မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ အနုမောဒနာတရား နာယူကာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။
(သတင်းစဉ်)
No comments:
Post a Comment