နတ်မောက် ၁၉ ဇူလိုင်
ယနေ့ကျရောက်သည့် (၇၁)
နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားများကို မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အသီးသီးတွင် ယနေ့နံနက်ပိုင်းက ကျင်းပကြရာ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိဖြစ်သည့် နတ်မောက်မြို့တွင်လည်း အလားတူကျင်းပခဲ့သည်။
(၇၁)နှစ်မြောက်
အာဇာနည်နေ့အခမ်းအနားကို နတ်မောက်မြို့တွင်
ဗိုလ်ချုပ်အောင်ဆန်း၏ ကြေးရုပ်တုတည်ရှိရာ မြက်ခင်းပြင်တွင်
ယနေ့နံနက်ပိုင်းက ကျင်းပရာ ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နေလူထုများ၊ ကျေးလက်ပြည်သူများ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုကြသည်။
ဆက်လက်၍ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား ကျောင်းသူများ၊ ပြည်သူများက အာဇာနည်းနေ့အထိမ်းအမှတ်လွမ်းသူ့ပန်းခွေချခြင်း၊ အလေးပြုခြင်း တို့ကို ဆောင်ရွက်ပြီး နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အောက်မေ့သတိရခြင်းအားဖြင့် (၂)ငြိမ်သက်ဂါရဝပြုကြသည်။
အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်လာသော
ပြည်သူများအား စေတနာရှင် လူမှုအဖွဲ့အစည်းများက
စတုဒီသာများ ကျွေးမွေးခြင်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် အာဇာနည်နေ့အမှတ်တရ စာအုပ် ၅၀၀ ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံ ရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့ကျင်းပသည့် အာဇာနည်နေ့ အခမ်းအနားသို့ လာရောက်ဂါရဝပြုသူ ၃၀၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
ထို့ပြင် နတ်မောက်မြို့ရှိ
ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်တွင် လေ့လာကြည့်ရှုသူများနှင့်
စည်ကားလျက်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကို
တနင်္ဂလာနေ့နှင့် အစိုးရရုံးပိတ်ရက်မှ လွဲ၍
အခြားရက်များတွင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ပြသလျက်ရှိပြီး အာဇာနည်နေ့အခမ်းအနားပြပွဲအဖြစ် ယနေ့မှ ၂၁ ရက်အထိ ပြခန်းပေါင်းရှစ်ခန်းဖြင့် နံနက်(၈)နာရီမှ ညနေ(၆)နာရီအထိ ဆက်လက်ဖွင့်လှစ်ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်သည်
ဗိုလ်ချုပ်အောင်ဆန်းငယ်စဉ်မှ စ၍ ကျောင်းသား ဘဝ၊
နိုင်ငံရေးလှုပ်ရှားမှုအဆင့်ဆင့်နှင့် ကျဆုံးခဲ့သည့် ဈာပနအခမ်းအနားအထိ မှတ်တမ်း ဓာတ်ပုံများကို ပြသထားသည်။ယခုနှစ်တွင် အာဇာနည်နေ့အခမ်းအနား၏ ထူးခြားမှုအဖြစ် ဗိုလ်ချုပ်အောင်ဆန်းငယ်စဉ် ကျောင်းသားဘဝက သင်ကြားခဲ့သည့် ဗိုလ်ချုပ်လက်မှတ်ပါသည့် ကျောင်းသုံးဖတ်စာအုပ်ကို အထူးပြ ကွက်အဖြစ်ထည့်သွင်းပြသထားကြောင်း သိရသည်။
ထို့ပြင် ကျဆုံးလေပြီးသော
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ကြီးများကို ဂုဏ်ပြုပုံ ဖော်ထားသည့် စပါး-ဖွဲဖြင့် ပြုလုပ်ထားသည့် ပန်ချီကားချပ်ပြခန်းလည်းပါဝင်သည်။ တောင်တွင်းကြီး မြို့နယ်မှ မဇင်ဝင်းနွယ်၏ လက်ရာဖြစ်ပြီး ပြီးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀၀)ပြည့် အခမ်းအနားတွင်လည်း မျိုးစေ့များဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ပုံကို ဂုဏ်ပြုပုံဖော်ပေးခဲ့သူဖြစ်သည်။
“နတ်မောက်မြို့က ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်မှာ ဗိုလ်ချုပ်မွေးဖွားတာကနေစပြီး တော့ ကျောင်းနေတဲ့အရွယ်၊ တက္ကသိုလ်တက်တဲ့အချိန်၊ နိုင်ငံရေးလုပ်တဲ့အချိန်၊ နောက်ဆုံး ဗိုလ်ချုပ်ကျဆုံး တဲ့အချိန်ထိအောင် ဓာတ်ပုံတွေစုဆောင်းပြီးပြသခဲ့ပါတယ်။ အခုနှစ်မှာတော့ အရင်နဲ့ မတူအောင် ကျောင်းသား၊ကျောင်းသူလေးတွေရဲ့ ဆုရကဗျာ၊ ပန်းချီ၊ ဆောင်းပါးလေး တွေကိုလည်း ပြသပါမယ်။ ဗိုလ်ချုပ်နေအိမ်ကို ၁၉၇၃ ခုနှစ် မှာဗိုလ်ချုပ်အမျိုးဖြစ်တဲ့ ဦးအောင်မြင့်သိန်း က နိုင်ငံတော်ကို လှူဒါန်းခဲ့ပါတယ်။ ယဉ်ကျေးမှုဝန်ကြီးဌာနကနေလက်ခံ လိုက်ပြီးထိန်းသိမ်း စောင့်ရှောက်ဖို့လုပ်ပါတယ်။ အဲဒီလိုလုပ်နေတုန်း ၁၉၇၄ ခုနှစ်မှာ ဗိုလ်ချုပ်နေအိမ်ရှိတဲ့ အောင်ဆန်း ရပ်ကွက်မီးလောင်ပြီး ဗိုလ်ချုပ်နေအိမ်လည်းမီးထဲပါသွားခဲ့ပါတယ်။ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဗိုလ်ချုပ်နေအိမ်ကိုသူ့ရဲ့မူရင်းပုံစံအတိုင်း ပြန်လည်တည်ဆောက်ပြီးတော့မှ ၁၉၈၃ ခုနှစ်မှာ ယဉ်ကျေးမှုဝန်ကြီးဌာနကို ပြန်လည်အပ်နှံခဲ့ပါတယ်။” ဟု အမျိုးသားပြတိုက်(နေပြည်တော်)မှ လက်ထောက်ညွှန်ကြားရေးမှူး
ဦးထွန်းထွန်းလွင်က ပြောကြားသည်။
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့အောင်ဆန်းရပ်ကွက်၊ ဗိုလ်ချုပ်ပြတိုက်လမ်းတွင် ယခင်က ဦးဖာနှင့် ဒေါ်စုလက်ထက်ကတည်းက ဆောက်လုပ်နေထိုင်ခဲ့ပြီး ၁၉၁၅ ခုနှစ်မှ ၁၉၂၉ ခုနှစ် အထိ ဗိုလ်ချုပ်နေထိုင်ခဲ့ကြောင်း သိရသည်။ ဗိုလ်ချုပ်၏ ဖခင်ဦးဖာကွယ်လွန်ပြီးနောက် ဗိုလ်ချုပ်၏ အစ်ကို ဖြစ်သူ ဦးနေအောင်ကမိခင်ဒေါ်စုနှင့်အတူဆက်လက်နေထိုင်ခဲ့သည်။ ၁၉၇၀ ခုနှစ်တွင် ဦးနေအောင် ကွယ်လွန်ပြီးနောက် ၎င်း၏သားဖြစ်သူ ဦးအောင်မြင့်သိန်းက ဆက်လက်နေထိုင်ခဲ့ကာ ၁၉၇၃ ခုနှစ်၊ ဇူလိုင် ၁၆ ရက်နေ့တွင် နိုင်ငံတော်သို့လှူဒါန်းခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ယူထိန်းသိမ်းပြီး ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် အဖြစ်ပြသထားခဲ့ခြင်းဖြစ်သည်။
သတင်းစဉ်
No comments:
Post a Comment