ရန်ကုန် ဇူလိုင် ၁၉
(၇၁)နှစ်မြောက်
အာဇာနည်နေ့ အထိမ်းအမှတ် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အောက်မေ့ဖွယ်ရာ ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနားကို ယနေ့ညနေ ၃
နာရီခွဲ တွင် ရန်ကုန်မြို့၊
ဗဟန်းမြို့နယ် တက္ကသိုလ်
ရိပ်သာလမ်းရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘာသာပေါင်းစုံမှ တာဝန်ရှိသူများသည် ဗိုလ်ချုပ်အောင်ဆန်းကို အောက်မေ့သတိရခြင်း အထိမ်းအမှတ်အဖြစ် နှစ်မိနစ်ငြိမ်သက် ဂါရ၀ပြုကြသည်။
ထို့နောက် နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ
ဟိန္ဒူအဖွဲ့ချုပ်၏ ဟိန္ဒူအမျိုးသမီးအဖွဲ့
တွဲဖက်အတွင်းရေှးမှူး ဆူဂန်သီး၊ အစ္စလာမ် ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူး အယ်လ်ဟာဂ်ျ ဦးအေးလွင်၊ မြန်မာနိုင်ငံ ဂျူးဘာသာ အသင်းခေါင်းဆောင် Sammy Samuels ၊
နိုင်ငံလုံးဆိုင်ရာ ဘဟာအီသာသနာ အဖွဲ့ချုပ်အဖွဲ့ဝင်
ဦးတင်ဇော်မင်း၊ မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဂိုဏ်းချုပ် ဆရာတော်ကြီး ဦးမြတ်ဆန်းတို့က မေတ္တာစကားများ ပြောကြားကြပြီး ကိုးကွယ်ရာဘာသာ များ အလိုက် ဆုတောင်းမေတ္တာ ပို့သကြသည်။
ဆက်လက်၍ သိက္ခာတော်ရ ဆရာဦးကျော်ညွှန့် က
ဆုတောင်းစကား ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပရိသတ်များက ဓမ္မဂုဏ်တော်ချီးမွှမ်းပြီး
ဖာသာရ် အက်ဒ်ဝက်စိန်မြင့် က ကောင်းချီးမင်္ဂလာပေး၍ ဆုတောင်းပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ဆုတောင်းပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် တက်ရောက်လာကြသည့် အဖွဲ့များနှင့် အတူစုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ဆုတောင်းပွဲသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်း၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး၏ဇနီး ဒေါ်မေယဉ်ထွန်း၊ သမ္မတရုံး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမင်းသူနှင့်ဇနီး ဒေါ်လွင်မေသိန်း၊ ဘာသာ ပေါင်းစုံမှ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များတက်ရောက်ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment