Thursday, July 19, 2018

၂ဝ၁၈ ခုနှစ် (၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို အောက်မေ့သတိရခြင်းအားဖြင့် ပြည်သူလူထု များက အာဇာနည်ဗိမာန်သို့ လာရောက်ဂါရဝပြု


ရန်ကုန် ဇူလိုင် ၁၉

၂ဝ၁၈ ခုနှစ် (၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ယနေ့ နံနက် နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည် ဗိမာန်၌ကျင်းပရာ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ ဂါရဝပြုပြီး မေတ္တာပို့သ အမျှပေးဝေသည်။

၂ဝ၁၈ ခုနှစ် (၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ ၂ဝ၁၈ ခုနှစ် (၇၁) နှစ်မြောက် အာဇာနည်နေ့ ကျင်းပရေး ဗဟိုကော်မတီနာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ  ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ၂ဝ၁၈ ခုနှစ်  (၇၁) နှစ်မြောက် အာဇာနည်နေ့ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ  သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ ၂ဝ၁၈ ခုနှစ်  (၇၁) နှစ်မြောက် အာဇာနည်နေ့ ကျင်းပရေး ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ၂ဝ၁၈ ခုနှစ်   (၇၁) နှစ်မြောက် အာဇာနည်နေ့ ကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ၂ဝ၁၈ ခုနှစ် (၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် အာဇာနည်ဗိမာန် နားနေဆောင်ခန်းမ၌ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များကို ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်သည်။
ထို့နောက် ၂ဝ၁၈ ခုနှစ် (၇၁) နှစ်မြောက် အာဇာနည်နေ့ ကျင်းပရေး ဗဟိုကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်ထောင်စုဝန်ကြီးများသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ်ဂူဗိမာန်၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွမ်းသူ့ ပန်းခွေကိုချ၍ အလေးပြုကြသည်။
ယင်းအချိန်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် တိုင်ဝက်သို့ လျှော့ချလွှင့်ထူပြီး ဂုဏ်ပြုတပ်ဖွဲ့ဝင်များက သေနတ်မြှောက် အလေးပြုပြီး စစ်ခရာအဖွဲ့က ကျဆုံးရဲဘော် အလေးပြုခရာ မှုတ်၍ အလေးပြုကြကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား  ရည်စူး၍ နှစ်မိနစ်ငြိမ်သက်စွာဖြင့် မေတ္တာပို့သ အမျှပေးဝေကြသည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း၏ သားဖြစ်သူ ဦးအောင်ဆန်းဦးကိုယ်စား တူတော်စပ်သူ ဦးရဲအောင်သန်း၊ သမီးဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များက အထိမ်းအမှတ် ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေနှင့် ပန်းခြင်းများချကာ အလေးပြုကြပြီး ဂါရဝပြု မေတ္တာပို့သ အမျှပေးဝေကြသည်။
ယင်းနောက် ၂ဝ၁၈ ခုနှစ်  (၇၁) နှစ်မြောက် အာဇာနည်နေ့ကျင်းပရေး ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ် ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး၊ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး၊ မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံး(ဗဟို)၊မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ အပါအဝင် လူမှုရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ် ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများ၊ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများနှင့် ကိုယ်စားလှယ်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ် ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။
ယင်းနောက် ၂ဝ၁၈ ခုနှစ် (၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်သူလူထုများက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို အောက်မေ့သတိရခြင်းအားဖြင့်   အာဇာနည် ဗိမာန်သို့ တစ်ခဲနက် လာရောက်ဂါရဝ ပြုကြသည်။
(သတင်းစဉ်)


No comments:

Post a Comment