နေပြည်တော်
ဇူလိုင် ၁၁
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ
-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေးဖွင့်ပွဲ အခမ်းအနားကို တက်ရောက် လာကြတဲ့ နိုင်ငံတော်ခေါင်းဆောင်ကြီးများ၊
လွှတ်တော် ကိုယ်စားလှယ်ကြီးများ၊ တပ်မတော်ခေါင်းဆောင်ကြီးများ၊ နိုင်ငံရေးပါတီအသီးသီးမှ
ခေါင်းဆောင်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်
ကိုယ်စားလှယ်များ၊ ကမ္ဘာ့ကုလသမဂ္ဂအထူးကိုယ်စားလှယ် နှင့်တကွ နိုင်ငံအသီးသီးက သံတမန်တော်ကြီးများ၊
လူမှုအဖွဲ့ အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ ကဏ္ဍ၊ အစုအဖွဲ့ အသီးသီးမှ ခေါင်းဆောင်ကိုယ်စားလှယ်တော်များ၊
တက်ရောက် လေ့လာသူများ၊ အခမ်းအနားဖြစ်မြောက်ရေးအတွက် အဘက် ဘက်မှ ပံ့ပိုးကူညီသူများအားလုံး
မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြ ပါစေကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်
ကိုယ်စားလှယ်များကိုယ်စား ဆန္ဒပြု၊ မေတ္တာပို့အပ် ပါတယ်။
အဖွဲ့အစည်း ၁၀ ဖွဲ့ ပါဝင်လာ
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု
ရပ်စဲရေးသဘောတူ စာချုပ် (NCA)ကို ယခင်အစိုးရလက်ထက်မှာ နိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း
ကိုယ်စား လှယ်များ ညှိနှိုင်းရရှိပြီး ဦးစွာတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့နှင့်
NCA ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုရဲ့ အခြေခံအုတ်မြစ်ကို
ချနိုင်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နိုင်ငံတော်တာဝန်ယူပြီးနောက် အားလုံးပါဝင်၍
အားလုံးပိုင်ဆိုင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို စတင်နိုင်ရန် ရည်ရွယ်ပြီး ဒုတိယအကြိမ်ညီလာခံကို
ကျင်းပခဲ့ ပါတယ်။ အားလုံးလက်ခံနိုင်တဲ့ အခြေခံမူဝါဒဖော်ထုတ်နိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားမယ့်
ရည်ရွယ်ချက်နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ ဒုတိယ အစည်းအဝေးကို
၂၀၁၇ ခုနှစ် မေလအတွင်းမှာ ကျင်းပနိုင်ခဲ့ပြီး အချက် ၃၇ ချက်ပါ ပြည်ထောင်စုသဘောတူစာချုပ်
အစိတ် အပိုင်း(၁)ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း
(၁) ကို ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် NCA သဘောတူစာချုပ်ပါအချက်များကို အကောင်အထည်ဖော်
ဆောင်နိုင်တဲ့ သဘောတူညီမှုအဆင့် တစ်ဆင့်ကို တက်လှမ်း ရောက်ရှိလာခဲ့ပါတယ်။ ယခုအချိန်မှာ
တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်း (၂)ဖွဲ့ထပ်မံ၍ NCA ကို လက်မှတ်ထိုးလာ လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့ ပါဝင်လာတာကို တွေ့ရပါတယ်။
အတူတကွညှိနှိုင်းအဖြေရှာ
ယခုလို အဖွဲ့အစည်းတွေ ပါဝင်လာနိုင်အောင်
သက်ဆိုင်ရာ အဖွဲ့အစည်းတွေအကြား အကြိမ်ပေါင်းများစွာ တွေ့ဆုံညှိနှိုင်းမှု၊ စိတ်ရှည်သည်းခံမှု၊
အခက်အခဲ၊ စိန်ခေါ်မှုများကို အတူတကွ ညှိနှိုင်းအဖြေရှာပြီး မိမိတို့အကြားမှာ နားလည်မှုများ
ရယူ တည်ဆောက်နိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် ဆယ်စု နှစ်ပေါင်းများစွာ နိုင်ငံရေးအမြင်
မတူညီမှု၊ အခွင့်အရေးရရှိမှု မညီမျှမှု၊ ခံယူမှု မတူညီမှုအပေါ် အခြေခံပြီး နှစ်ရှည်လများ
လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားခဲ့တဲ့ အစုအဖွဲ့များကြား ခုလို ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး
သဘောတူညီမှု စာချုပ်ချုပ်ဆိုနိုင် တာဟာ တိုးတက်တဲ့ အနေအထားတစ်ခုကို ရောက်ရှိခဲ့တယ် လို့
အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများလည်း
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်လာနိုင်ဖို့အတွက် ပိုမိုဆောင်ရွက်ရန် လိုအပ်ပါတယ်။
အန္တိမရည်မှန်းချက်
ယနေ့ ကျွန်တော်တို့ နိုင်ငံရဲ့
ငြိမ်းချမ်းရေးတည်ဆောက်ရာ မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်
အပေါ်မှာ အခြေခံတဲ့အတွက် စာချုပ်ပါ သဘောတူညီချက် တွေကို အကောင်အထည်ဖော်ရေးအတွက် အလွန်အရေးကြီး
ပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်ရဲ့ အန္တိမရည်မှန်းချက်ဟာ
ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့ဖြစ်တယ်။ အဲဒီရေရှည်တည်တံ့ခိုင်မြဲတဲ့
ငြိမ်းချမ်းရေးရရှိဖို့ မြန်မာနိုင်ငံတွင် သမိုင်းရှည်ကြာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခများ
အဆုံးသတ်နိုင်ရေးနှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အား ပြည်ထောင်စုမပြိုကွဲရေး၊
တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့ကို
ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှ မှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ
ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်အပြည့်အဝရှိတဲ့
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်နှင့်အညီ
တည်ဆောက်သွားရန်ဖြစ်ကြောင်း အတိအလင်းဖော်ပြထားပြီး သဘောတူညီထားကြပါတယ်။
ကျွန်တော်တို့ရဲ့ ပြည်ထောင်စုဟာ
ပင်လုံစာချုပ်အရ ကမ္ဘာ့အလယ်မှာ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟူပြီး
ဖြစ်တည်လာတာ ကို သမိုင်းမှာ ထင်ရှားစွာတည်ရှိခဲ့ပါတယ်။ တစ်နည်းအားဖြင့် ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်ကို တိုင်းရင်းသားများရဲ့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ အတူတကွ ပူးပေါင်းတည်ထောင်
ခဲ့ကြပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကသာ ပြည်ထောင်စု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ
တည်တံ့ခိုင်မြဲ ရေးတို့ကို ထိန်းသိမ်းကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို
စစ်ရေးအရ ဖိအားပေးခြင်း၊ အတင်း အကျပ် တည်ဆောက်လို့မရပါ။ တိုင်းရင်းသားစည်းလုံးညီညွတ်
ရေးကို တိုင်းရင်းသားလူမျိုးများအကြား လွတ်လပ်မှု၊ တန်းတူညီ မျှမှု၊ တရားမျှတမှု အခြေခံတရားများဖြင့်သာ
တည်ဆောက်နိုင် မှာဖြစ်ပါတယ်။ ယုံကြည်မှု၊ နားလည်မှု၊ စာနာမှုတွေနဲ့ တည်ဆောက်ရမှာဖြစ်ပါတယ်။
လက်တွေ့လုပ်ငန်းနဲ့ပဲ တည် ဆောက်ရမှာဖြစ်ပါတယ်။ အဲဒီလိုပဲ ပြည်ထောင်စု မပြိုကွဲရေး၊
အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို
တိုင်းရင်းသားတို့ရဲ့ စည်းလုံးညီညွတ်မှုအားနဲ့သာ ကာကွယ်၊ ထိန်းသိမ်းနိုင်မှာ ဖြစ်ပါ
တယ်။
မတူကွဲပြားမှုကို လက်ခံအသိအမှတ်ပြု
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို
နိုင်ငံတော် အတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးများရဲ့ နောက်ခံသမိုင်း၊
ရိုးရာယဉ်ကျေးမှုစာပေ၊ ဘာသာစကားနဲ့ အမျိုးသား လက္ခဏာများ မတူကွဲပြားမှုကို လက်ခံအသိအမှတ်ပြု
ပြီး လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံတို့ဖြင့် ပြည်ထောင်စု လက္ခဏာ တစ်ရပ်ကို နိုင်ငံသားအားလုံး
စုပေါင်းဖော်ဆောင်ဖို့ ဖြစ် ပါတယ်။ အဲဒီလို ဖော်ဆောင်ရာမှာ ပင်လုံစိတ်ဓာတ်နဲ့ အညီ ဒီမိုကရေစီအရေး၊
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ကို အာမခံချက်အပြည့်အဝရှိတဲ့ ဒီမိုကရေစီနဲ့
ဖက်ဒရယ် စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်တွေနဲ့အညီ
တည်ဆောက်ဖို့ ဖြစ်ပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး
သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးပြီး (၂)နှစ်ကျော်ကာလ အတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို
သုံးကြိမ် ကျင်းပ နိုင်ခဲ့ပေမယ့် နိုင်ငံရေးဆွေးနွေးပွဲကို တစ်ကြိမ်သာ ကျင်းပနိုင်ခဲ့
ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယအစည်းအဝေးပြီးနောက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ
မူဘောင်ပြဋ္ဌာန်းချက်အရ (၆)လတစ်ကြိမ် မကျင်းပနိုင်ခဲ့ပါ။နိုင်ငံရေးဆွေးနွေးပွဲရဲ့ အမြင့်ဆုံးအဆင့်ဟာ
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံဖြစ်ပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲအဆင့်ဆင့်မှ
ရရှိလာတဲ့ နိုင်ငံရေးသဘောတူညီချက် များ၊ အဆိုပြုချက်များကို အတည်ပြုခြင်း၊ ပြည်ထောင်စု
သဘောတူစာချုပ်အဖြစ်ဖြင့် ချုပ်ဆိုခြင်းများကို ဆောင်ရွက်ရ ပါတယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြဋ္ဌာန်းချက်နဲ့အညီ မကျင်းပနိုင်ခြင်း၊ ဆွေးနွေးရမယ့်
အကြောင်းအရာအပေါ် အမြင် မတူညီမှုများကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို သတ်မှတ်တဲ့ကာလအတိုင်း
မကျင်းပနိုင်ခဲ့ပါ။
အနာဂတ်အတွက် အလွန်အရေးကြီး
နိဂုံးချုပ်အနေဖြင့် ဒီကနေ့
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်းအဝေးကို တက်ရောက် လာကြတဲ့
နိုင်ငံခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ် တော်ကြီးများ၊ တပ်မတော်မှ ခေါင်းဆောင်ကိုယ်စားလှယ်
များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီအသီးသီးမှ
ခေါင်းဆောင်ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းအသီးသီး၊ အစုအဖွဲ့အသီးသီးက ခေါင်းဆောင်ကိုယ်စားလှယ်များ၊
ကျွန်တော်တို့ဟာ ဒီညီလာခံကို နိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့
ကိုယ်စားပြုမှုအသီးသီးဖြင့် တက် ရောက်လာကြတာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်
အရေးအတွက် တက်ရောက်ဆွေးနွေးခြင်းဖြစ်ပါတယ်။ ကျွန်တော် တို့ရဲ့ ဆွေးနွေးမှုဆုံးဖြတ်မှုဟာ
ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ် အတွက် အလွန်မှအရေးကြီးပါတယ်။ ကျွန်တော်တို့မှာ တာဝန်
အရှိဆုံးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဆွေးနွေးဆုံးဖြတ်ချက် အားလုံးဟာ ကျွန်တော်တို့
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက်၊ ကျွန်တော်တို့ ပြည်ထောင်စုမပြိုကွဲရေးအတွက်၊
ပြည်ထောင်စုအချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ပိုမိုကောင်းမွန်စေမယ့် ဆုံးဖြတ်ချက်များ
ရရှိပါစေကြောင်း အလေးအနက် တိုက်တွန်းအပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

No comments:
Post a Comment