နေပြည်တော် ဇူလိုင် ၁၁
၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၁
ရက်နေ့ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယအကြိမ်ဖွင့်ပွဲ
အခမ်းအနားသို့ ကြွရောက်လာကြတဲ့ သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင်၊ သဘာပတိကြီးများနှင့်တကွ၊
ကိုယ်စားလှယ်တော်ကြီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း ဦးစွာပဏာမ
ဆုမွန်ကောင်းတောင်း ရင်း မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။
ကျွန်မကတော့ ရခိုင်အမျိုးသားပါတီဒုဥက္ကဋ္ဌ-ဒေါ်အေးနုစိန်
ဖြစ်ပါတယ်။
အကြံပြုစာတမ်း တင်သွင်း
ပြည်ထောင်စုငြိမ်းချမ်ရေး
ညီလာခံ-(၂၁)ရာစုပင်လုံ ပထမ အကြိမ်အခမ်းအနားမှာ ကျွန်မတို့ ရခိုင်အမျိုးသားပါတီရဲ့ အကြံပြုစာတမ်းကို
တင်သွင်းထားခဲ့ပြီးဖြစ်ပါတယ်။ ဒီ (၂၁) ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံဟာ တန်းတူပြီး
ချစ်ကြည် စည်းရုံးတဲ့ ငြိမ်းချမ်းပြီး ဖွဲ့ဖြိုးတဲ့ပြည်ထောင်စုသစ်ကြီး ပေါ်ထွန်းဖို့
မလွဲမသွေလျှောက်ရမယ့် လမ်းဖြစ်တယ်လို့ ကျွန်မတို့ ရခိုင် အမျိုးသားပါတီက ယုံကြည်တဲ့အတွက်
ရခိုင်ပြည်သူတွေကိုယ်စား တက်ရောက်လာခြင်း ဖြစ်ပါတယ်။
ကျွန်မတို့ ရခိုင်ပြည်သူတွေဟာ
ဗမာအပါအဝင် တိုင်းရင်း သားပေါင်းစုံနဲ့ လက်တွဲပြီး လွတ်လပ်ရေးအတွက် ဗြိတိသျှနယ်ချဲ့၊
ဂျပန်ဖက်ဆစ်တွေကို တိုက်ပွဲဝင်ခဲ့ကြပါတယ်။ လွတ်လပ်ရေး ရလာခဲ့ပေမယ့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့
တစ်ပြည်ထောင်စနစ်အောက်မှာ ရခိုင်လူမျိုးတွေဟာ ပြည်နယ် အဆင့်ကိုတောင် မခံစားရတဲ့ဘ၀ကို
ရောက်ရှိသွားခဲ့ကြရပါ တယ်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအောက်မှာ ရခိုင်ပြည်နယ်လို့
ပေါ်ထွက်လာခဲ့ပေမယ့် ရခိုင်ပြည်သူတွေရဲ့ ယဉ်ကျေးမှု လူမှုစီးပွားဘ၀ဟာ ထူးခြားမလာခဲ့ပါဘူး။
လယ်ယာ မြေစီးပွားရေးပျက်သုဉ်းခဲ့ရပြီး သယံဇာတပေါကြွယ်ဝတဲ့ ပင်လယ်နဲ့၊ ရိုးမရှိတဲ့၊
ဂန္ထဝင်ယဉ်ကျေးမှု အမွေအနှစ်တွေရှိတဲ့ ရခိုင်ပြည်နယ်ဟာ ဆင်းရဲမွဲတေမှု ချောက်ကမ်းပါးထဲကို
ထိုးဆင်း သွားခဲ့ကြရပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ
ပျော့ကွက် ဟာကွက်တွေ များစွာရှိပေမယ့်လည်း စစ်အာဏာရှင်စနစ် ပျောက်ကွယ်ပြီး ဒီမိုကရေစီလမ်းကြောင်း
ပီပြင်လာရေးအတွက် ကျွန်မတို့ဟာ တရားဝင်နိုင်ငံရေးပါတီ တည်ထောင်ပြီးတော့ ၂၀၁၀ နဲ့ ၂၀၁၅
အထွေထွေ ရွေးကောက်ပွဲများကို ဖြတ်သန်းခဲ့ပြီး ဖြစ်ပါတယ်။ လွှတ်တော် အဆင့်ဆင့်မှာလည်း
ပါဝင်နေခဲ့ကြပြီး ဖြစ်ပါတယ်။
လက်ရှိ နိုင်ငံရေးအခင်းအကျင်းမှာ
အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံ ရေးပါတီများအားလုံးက
ဖက်ဒရယ်ပြည်ထောင်စုသစ် ပေါ်ထွန်း လာရေးကို တညီတညွတ်တည်း ဆန္ဒရှိနေကြတယ်ဆိုတာ ဘယ်သူမှ
မငြင်းနိုင်ပါဘူး။ ယခုကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံကြီးဟာ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနှင့်
ကျွန်မတို့ ယုံကြည်မျှော်လင့်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက်
အခြေခံအုတ်မြစ်တွေကို ချမှတ်ပေး နိုင်ပါမယ်။ ဒါမှသာ ငြိမ်းချမ်းသာယာပြီး တန်းတူညီမျှမှုရှိသော
စည်းလုံးညီညွတ်တဲ့ ပြည်ထောင်စုကြီး ပေါ်ထွန်းလာနိုင်မယ်လို့ ကျွန်မတို့ယုံကြည်ပါတယ်။
ကျွန်မတို့ ရခိုင်အမျိုးသားပါတီမှာ
ရည်မှန်းချက် ၃ ရပ် ရှိပါတယ်။
(၁) စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု
တည်ဆောက်နိုင်ရန် (ဆိုလိုသည်မှာ ရခိုင်လူမျိုးတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်
ကံကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်နှင့် မြန်မာ(ဗမာ)အပါအဝင် တိုင်းရင်းသား လူမျိုးများအားလုံး
တန်းတူရည်တူအခွင့်အရေးကို အာမခံသည့်၊ လူမျိုးကိုအခြေခံသော ပြည်နယ်များဖြင့် ဖွဲ့စည်း
ထားသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို တည် ဆောက်ရန်။)
(၂) ရခိုင်လူမျိုးနှင့် ရခိုင်မျိုးနွယ်စု
တိုင်းရင်းသားတို့၏ အကျိုး စီးပွားဖွံ့ ဖြိုးတိုးတက်လာစေရေးနှင့် အဆိုပါ အကျိုးစီးပွားများ
အား ကာကွယ်စောင့်ရှောက်ရန်။
(၃) ဒီမိုကရေစီစနစ်ထွန်းကားရေး
ကြိုးပမ်းဆောင်ရွက်ရန်တို့ ဖြစ်ပါတယ်။
မိမိနိုင်ငံပုံရိပ်ကို အကောင်းဆုံးပုံဖော်နေ
ပြည်နယ်များနှင့် ပြည်မအကြား
ဖွဲ့ဖြိုးတိုးတက်မှုမညီမျှတာ၊ ဗဟိုချုပ်ကိုင်မှု တင်းကျပ်တာ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေ
ကြောင့် ဗမာနဲ့ အခြားတိုင်းရင်းသားများအကြား ယုံကြည်မှု အားနည်းချက်ဖြစ်လာရတယ်လို့ ကျွန်မပြောချင်ပါတယ်။
မြန်မာ့ နွေဦးလို့ ဂုဏ်ယူရမယ့်အချိန်မှာ ပြည်နယ်တွေဟာ ဆင်းရဲခြင်း အနိဋ္ဌာရုံတွေက တစ်မျိုး၊
တချို့နေရာတွေမှာဆိုရင် ဆိုးရွားကြီးမား တဲ့ စစ်ဘေးဒဏ်တွေကို ခံစားနေရတာဟာ အလွန်တရာ
အကျည်းတန် အရုပ်ဆိုးလွန်းနေပါတယ်။ အာရှနိုင်ငံတွေမှာ နည်းပညာဖွဲ့ဖြိုးမှု အတွေးအမြင်ဖွဲ့ဖြိုးမှု၊
စီးပွားရေးဖွဲ့ဖြိုးမှုတွေနဲ့ မိမိနိုင်ငံပုံရိပ်ကို အကောင်းဆုံးပုံဖော်နေကြချိန်မှာ
ကျွန်မတို့ ကတော့ နာတာရှည် လက်နက်ကိုင် ပဋိပက္ခမီးလျှံထဲက ရုန်းမထွက်နိုင်ဘဲ ညီနောင်အချင်းချင်း
စစ်ခင်းနေရတာ ဝမ်းနည်းစရာ အကောင်းဆုံး ဖြစ်နေပါတယ်။ တိုင်းရင်းသား အင်အားစုတွေကို သဘောထားကျဉ်းမြောင်းသူတွေ
အစွန်း ရောက်သူတွေလို့ မမှတ်ယူသင့်ပါဘူး။ အင်အားကြီးတဲ့ အင်အားစုတွေ အထူးသဖြင့် ဗမာပါတီကြီးတွေအပါအဝင်
ခိုင်မာစွာ တည်ဆောက်ထားတဲ့ တပ်မတော်ရဲ့ သဘောထားကြီး မှုကို ကျွန်မတို့ မျှော်လင့်ချင်ပါတယ်။
သဘောထားကြီးမှု အောက်မှာ သဘောထားကျဉ်းမြောင်းမှုတွေဟာ မှုန်ဝါး ပျောက်ကွယ်သွားကြရစမြဲ
ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး အတွက် လုပ်နိုင်တဲ့ လုပ်သင့်တဲ့အရာများကို အချိန်နှင့်
တစ်ပြေးညီ လုပ်ဆောင်သွားနိုင်ဖို့လည်း အထူးလိုအပ်ပါတယ်။
ကျွန်မတို့ရဲ့ ထွန်းသစ်စဒီမိုကရေစီနဲ့
နိုင်ငံအချုပ်အခြာ အာဏာကို အဓိကခြိမ်းခြောက်နေတဲ့ စိန်ခေါ်မှုတွေထဲမှာ ရခိုင် အရေးလို့
သိနေပြောနေကြတဲ့ ဘင်္ဂလီမူဆလင်ပြဿနာဟာ လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သူတို့လှုပ်ရှားမှုဟာ
အစပိုင်း မှာ လူ့အခွင့်အရေးကို အရေခြုံကြွေးကြော်ပြီး တိုင်းရင်းသား လူမျိုးသစ်အမည်တစ်ခု
ပေါ်ထွန်းလာဖို့ လှုပ်ရှားမှုကနေ နောက်ဆုံးမှာ နယ်လုမြေလုစစ်ပွဲဆင်နွှဲတဲ့ အကြမ်းဖက်ဝါဒ
ဖြစ်လာခဲ့ပါတယ်။ ပြည်တွင်းအရေးကို နိုင်ငံတကာအရေး ဖြစ်လာအောင် ဒီဇိုင်းဆင်ပုံဖော်ခဲ့ကြပါတယ်။
အနောက် ဒီမိုကရေစီ အင်အားကြီးနိုင်ငံတချို့ ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတချို့ နှင့် OIC အဖွဲ့ဝင်နိုင်ငံတွေဟာလည်း
နည်းမျိုးစုံနဲ့ ဖိအားပေး ပြီးတော့ အချုပ်အခြာအာဏာကို ထိပါးတဲ့လုပ်ရပ်တွေ လုပ်လာ ခဲ့ကြပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ စွပ်စွဲချက်တွေနဲ့ နိုင်ငံ တကာ ပြဿနာကြီးတစ်ခုဖြစ်အောင်
ဖန်တီးနေခဲ့ကြပါတယ်။
တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ဖို့လိုအပ်
ရခိုင်မြေရဲ့ ဘင်္ဂလီမူဆလင်ပြဿနာဆိုင်ရာ
အစကတော့ ဗြိတိသျှကိုလိုနီဆိုးမွေဖြစ်ပြီး တရားမဝင်နေထိုင်မှုနဲ့ နိုင်ငံသားပြဿနာကို
ပြတ်ပြတ်သားသား မဖြေရှင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတွင်းမှာရှိတဲ့ ဌာနေတိုင်းရင်းသား
မဟုတ်သူများ ကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ စိစစ်ပြီး နိုင်ငံ သားဖြစ်ခွင့်
ရှိသူများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးပါ။ နိုင်ငံသားဖြစ်သူတွေကို မြန်မာနိုင်ငံအနှံ့
သွားလာနေထိုင်ခွင့် ပြု လိုက်ပါ။ နိုင်ငံသားဖြစ်ခွင့် မရှိသူများကိုတော့ တည်ဆဲဥပဒေ
များနှင့်အညီ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ နိုင်ငံအတွင်း နေထိုင်ကြတဲ့ လူသားအားလုံးအတွက်
ဥပဒေအရ အခွင့်အရေး တန်းတူရရှိမှုကို အခြေခံရမှာ ဖြစ်သလို နိုင်ငံတကာက ဖိအားပေး အဖြေရှာခိုင်းမှုတွေကိုလည်း
အလျှော့မပေးမိဖို့ အထူးလိုအပ် လှပါတယ်။ ဘင်္ဂလီအရေးကိစ္စမှာ ရခိုင်နှင့် ရခိုင်နွယ်ဖွား
တိုင်းရင်းသားများရဲ့ မူလအခွင့်အရေးတွေ မဆုံးရှုံးသွားဖို့ အလွန် အရေးကြီးပါတယ်။ ဘင်္ဂလီအရေးဟာ
အလွန်ရှုပ်ထွေးသွားပြီ ဖြစ်တဲ့အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ရဲ့ သဘော ထားများဟာ
တစ်သားတည်းရှိဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ရခိုင်အရေးလို့ ပြောနေကြတဲ့ကိစ္စမှာ ရခိုင်လူမျိုးများရဲ့
အသံကို ဂရုစိုက်နားထောင်ဖို့ ရခိုင်တို့ရဲ့ နိုင်ငံရေး အခန်းကဏ္ဍကို မပစ်ပယ် ဖို့လည်း
အရေးကြီးပါတယ်။
ပွင့်လင်းတဲ့ ငြိမ်းချမ်းရေးညီလာခံဖြစ်ဖို့လို
သဘာပတိကြီးရှင့် ကျွန်မတို့ဟာ
သမိုင်းသစ်တစ်ခုကို ဖန်တီးဖို့ ဒီလိုနေရာကို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ ဒီကနေ့ အခမ်းအနားမှာ
သေနတ်သံ၊ ဗုံးသံတွေဆူညံနေတဲ့၊ ယမ်းနံ့တွေ မွှန်ထူနေတဲ့ ဟိုအဝေး မြောက်ဘက်ပိုင်းစစ်မြေပြင်က
သွေးရင်း မောင်နှမတွေ ရောက်ရှိလာတာကို တွေ့ မြင်ရလို့လည်း အထူး ဝမ်းသာရပါတယ်။ ငြိမ်းချမ်းရေးဟာ
တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနဲ့ သက်ဆိုင်တဲ့အတွက် သက်ဆိုင်သူအားလုံးပါဝင်တဲ့ ပွင့်လင်းတဲ့
ငြိမ်းချမ်းရေးညီလာခံဖြစ်ဖို့ လိုအပ်ပါတယ်။
အတိတ်သမိုင်းဖြစ်ရပ်တွေကို
သင်ခန်းစာယူပြီး ငြိမ်းချမ်း ဖွဲ့ ဖြိုးတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး
အတွက် ကျွန်မတို့အားလုံးမှာ တာဝန်ရှိပါတယ်။ သမိုင်းကြောင်း မတူ ကွဲပြားတဲ့ လူမျိုးပေါင်းစုံနေထိုင်တဲ့
နိုင်ငံဖြစ်တာကြောင့် ပြည်ထောင်စုကြီး အဓွန့်ရှည်ရေးအတွက် ဘက်ပေါင်းစုံလေ့လာ ဆန်းစစ်ပြီးတော့
သဟဇာတဖြစ်နိုင်တဲ့ မူတွေချမှတ်ပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ဝိုင်းဝန်းတည်ဆောက်
ကြပါစို့လို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်ရှင့်။ ။

No comments:
Post a Comment