ရန်ကုန် မေ ၁၀
ပြည်ထောင်စု အဆင့်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ
ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U) ၏ (၁၆) ကြိမ်မြောက် အစည်းအဝေး ကို ယနေ့နံနက် ၉
နာရီ က ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်
ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ရန်ကုန်ရုံး ၌ ကျင်းပသည်။
အစည်းအဝေးသို့ JMC - U ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တပ်မတော်သား
ကိုယ်စားလှယ်များဖြစ်သော ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး
သန်းထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး၊ JMC-U
ဒုတိယဥက္ကဌ (၁) စောအိုင်းဇက်ဖိုး နှင့် တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့မှ
ခေါင်းဆောင်များ၊ JMC-U ဒုတိယ ဥက္ကဌ(၂) ဦးပြည့်စုံနှင့် အရပ်သားကိုယ်စားလှယ်များ၊
နည်းပညာအထောက် အကူပြု ရုံးအဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် JMC - U ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်က
နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာတွင် အစည်းအဝေးတွင် ကြိုတင်ချမှတ်ထား သည့်
အစီအစဉ်များရှိသကဲ့သို့ မနေ့ ကကျင်းပခဲ့သည့် မျက်နှာစုံညီအစည်းအဝေးမှ
ထွက်ပေါ်လာသည့် ဆက်လက်ဆွေးနွေးရမည့် မူဝါဒများကို ပွင့်ပွင့်လင်းလင်းဆွေးနွေး
သွားရန်လိုအပ်ကြောင်း၊ အဓိကအားဖြင့် JMC လုပ်ငန်းများ အကောင်အထည်ဖော်သည့် နေရာတွင်
ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ မိမိအဖွဲ့အစည်းအတွက် ညှိနှိုင်းဆွေးနွေးရမည့်
လုပ်ငန်းများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးသွားရန် မိမိအနေဖြင့် တင်ပြလိုကြောင်း၊
JMC လုပ်ငန်းများ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် JMC အဆင့်ဆင့်
ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အစိုးရ၊ တပ်မတော်၊
အများယုံကြည်လေးစားရသည့် အရပ်သား ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊
JMCအဆင့်ဆင့် လက်နက်ကိုင် ပဋိပက္ခများ ရပ်စဲနိုင်ရန်အတွက် ကော်မတီဝင်များ
ဖွဲ့စည်းသည့် အခါတွင်လည်း တင်ပြခဲ့သည့် အတိုင်း ဖွဲ့စည်းခဲ့သလို ပဋိပက္ခ
ဖြေရှင်းသည့် အပေါ်မှာလည်း အားလုံး သဘောတူညီမှု အနေအထားဖြင့် ညှိနှိုင်း
ဖြေရှင်းခဲ့ရခြင်းဖြစ်ကြောင်း၊
ယင်းကိစ္စများကို ဆောင်ရွက်သည့်အခါတွင် ရည်မှန်း ချက်တူညီရန်အတွက် ထာဝရငြိမ်းချမ်းရေးရရှိမည့် ငြိမ်းချမ်းရေး လမ်းကြောင်းများကို အတူလက်တွဲ လျှောက်လှမ်းသွားရန် လိုအပ်ကြောင်း၊ လက်ရှိအနေအထားတွင် NCA လက်မှတ် ရေးထိုးထားသည့် အဖွဲ့အစည်းများကြားတွင် ပဋိပက္ခဖြစ်စဉ်များ အနည်းငယ်ရှိ နေသည်ကိုတွေ့ရကြောင်း၊ ကြီးမားသည့် ဖြစ်စဉ်တော့ မဟုတ်ကြောင်း၊ ထိုသို့ ပေါ်ပေါက်ရသည့် အခြေခံ အကြောင်း အရင်များကို ပြန်လှန်ဆန်းစစ်ကြည့်သည့် အခါ ကော်မတီဝင် အချင်းချင်းကြားတွင် တွေ့ဆုံညှိနှိုင်း အဖြေရှာမှုများ အားနည်းနေသည် ကိုတွေ့ရှိရကြောင်း၊ အချို့ကိစ္စများတွင် ယခင်ဖြစ်ခဲ့သည်များကို နောက်ထပ်ဖြစ်လာနိုင် မလားဆိုသည့် စိုးရိမ်ပူပန်မှုများ ရှိနေသည်ကို တွေ့ရကြောင်း၊ ယင်းအပေါ်တွင် မူတည်ပြီး ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် ခင်မင်ရင်းနှီး စွာဖြင့် ယုံကြည်မှုတည်ဆောက်သွားရန် လိုအပ်ကြောင်း၊

ထိုမှသာ အေးချမ်းတည်ငြိမ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်
အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ပြီး အပြန်အလှန် ယုံကြည်ကိုးစားမှုနှင့် အတူ
ငြိမ်းချမ်းရေးကို ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်နိုင်လိမ့်မည်ဟု
ယုံကြည်ကြောင်း၊ ယနေ့အစည်းအဝေးတွင် အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးမှ ရရှိလာသည့်
ရလဒ်များ၊ စုံညီအစည်းအဝေးမှ ချမှတ်ပေးသည့် မူဝါဒများ ၊ JMC-U မှ ချမှတ်ပေးသည့်
မူဝါဒများ၊ ဆောင်ရွက်ရမည့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက်
ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အမှန်တကယ် ငြိမ်းချမ်းရေး ရရှိအောင် JMC အဆင့်ဆင့်မှ
ကော်မတီဝင်များအားလုံး စိတ်ရှည်သည်းခံပြီး ဘက်လိုက်မှုကင်းရန် လိုအပ်ကြောင်း
စသည်ဖြင့် ပြောကြားသည်။
ထို့နောက် JMC-U ဒုတိယဥက္ကဌ (၁) စောအိုင်းဇက်ဖိုးက နှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် ယခုမိမိတို့ NCA စာချုပ် လက်မှတ်ရေးထိုးခဲ့သည်မှာ နှစ်နှစ်ခွဲကျော်ကြာပြီ ဖြစ်သော်လည်း နှစ်ဖက်တပ်များ အ ကြား သံသယစိတ်၊ စိုးရိမ်စိတ်များ ရှိနေသေးသည်ဆိုတာ အားလုံး လက်ခံနိုင်မှာဖြစ်ကြောင်း၊ ထို့ကြောင့် JMC အစည်းအဝေးတိုင်းတွင် တစ်ဖက်နှင့် တစ်ဖက် အကြား ယုံကြည်မှု တည်ဆောက်ရန် JMC ဥက္ကဋ္ဌကြီးနှင့် မိမိတို့ အမြဲတမ်းတိုက်တွန်း ပြောကြားခဲ့ကြောင်း၊ JMC ၏ အစီအစဉ်များတွင် နှစ်ဖက်အောက်ခြေ တပ်များအတွင်း NCA စာချုပ်နှင့် တကွ JMC၏ မူဝါဒများကို နားလည် သဘောပေါက်ရန်အတွက် မိမိတို့ ဆွေးနွေးပွဲများ ပြုလုပ်ခြင်းဖြင့် ဆောက်ခြေနှစ်ဖက် တပ်မှူးများအကြား ရင်းနှီးမှု၊ ယုံကြည်မှု တည်ဆောက်ရန်အတွက် နှစ်ဖက်တပ်မှူးများ တွေ့ဆုံခြင်းများ ရှိသည်ဆိုတာကို အားလုံးအသိပင် ဖြစ်ကြောင်း၊

သို့သော် ယုံ ကြည်မှု အဆင့်ဆိုတာ ဒေသ တစ်ခုနှင့် တစ်ခု အကြား တူညီမှု
မရှိသည်ကို အသိအမှတ် ပြုရမည်ဖြစ်ကြောင်း ၊ထို့ကြောင့် အခြေအနေအမျိုးမျိုးကြောင့်
ယုံကြည်မှု နိမ့်ကျနေသည့် ဒေသများတွင် ဘာပဲ လုပ်လုပ် အထူးသတိထား လုပ်ဆောင်
ရမည်ဖြစ်ကြောင်း၊ ကြိုတင်ညှိနှိုင်းမှုများကို အချိန်ယူ ပြုလုပ်ရန်လိုအပ်ကြောင်း၊
ဘာမဟုတ်သည့် အသေးအဖွဲ အပြုအမူများသည် ရှိပြီးသားယုံကြည်မှုများကို ပျက်ပြား
စေနိုင်ပြီး လက်နက်ကိုင် ပဋိပက္ခ အခြေအနေအထိ ပြန်လည်တွန်းပို့နိုင်ကြောင်း၊ ဒါကလည်း
ယခုလက်ရှိဖြစ်ပွားနေသည့်ဖြစ်စဉ်များကို အခြေခံပြီး ပြောကြားခြင်း ဖြစ်ကြောင်း၊
ထို့ကြောင့် NCA မှတဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ သည် ပြည်ထောင်စု
ငြိမ်းချမ်းရေးဆီသို့ ဆိုသည့် မိမိတို့၏ ဆောင်ပုဒ်ကို အကောင်အထည်ဖော် သည့်နေရာတွင်
အဟန့်အတား ဖြစ်စေမည့် မည်သည့် အပြုအမူကိုမျှ မပြုလုပ်မိစေရန်
သတိထားရမည်ဖြစ်ကြောင်း၊ ယုံကြည်မှု ပျက်ပြားစေမည့် အပြု အမူများကို မလုပ်ဘဲ
ယုံကြည်မှုကို မြင့်မားစေမည့် မည်သည့် အပြုအမူကိုမဆို နှစ်ဖက်လက်နက်ကိုင်များမှ
အပစ်ခတ်ရပ်စဲရေး ခိုင်မာစေရန်အတွက် ဖန်တီးယူဖို့လိုအပ်ကြောင်း၊
တုန့်ပြန်ပြုမူခြင်း အဆင့်ထက် ဖန်တီးယူခြင်းဖြင့်ယုံ ကြည်မှု တည်ဆောက်ခြင်းကို
အထောက်အကူပြု စေမည်ဖြစ်သကဲ့သို့ လက်နက်ကိုင် ထိတွေ့မှုများကိုလည်း
ကြိုတင်ကာကွယ်နိုင် မည်ဖြစ်ကြောင်း ၊
မိမိတို့လက်နက်ကိုင် နှစ်ဖက်လုံးသည် ကိုယ့်ယုံကြည်ချက်နှင့် ကိုယ့်ပြည်သူ
လူထုများ၏ အကျိုးစီးပွားများကို စောင့်ရှောက်ကာကွယ် နေကြသူများဖြစ်သော ကြောင့်၊
ယခုပစ်ခတ်မှုဖြစ်စဉ်များကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူ လူထုများ၏
အကျိုးစီးပွားများကို ထောက်ထားခြင်းအားဖြင့် ၄င်းတို့၏ မွေးရပ် ဒေသများ၌
ပြန်လည်အခြေပြု နေထိုင်နိုင်ရေး အတွက် တပ်များပြန်လည် ရုပ်သိမ်း နိုင်ရေးနှင့်
နှစ်ဖက်တပ်များ အကြား ယခုဖြစ်စဉ်နှင့် အတူ နောင်တွင် အလားတူဖြစ်စဉ်မျိုး
မဖြစ်ပေါ်စေရန် ညှိနှိုင်းဆွေးနွေးမှုများ အလျင်အမြန်ပြုလုပ် သွားရန်ကိုလည်း
ယခုအစည်းအဝေးမှ တဆင့် တိုက်တွန်းပြောကြားလိုကြောင်း ၊ JMC ၏ အခြေခံမူမျာအတိုင်း
ပဋိပက္ခများကို အင်အားသုံးဖြေရှင်းခြင်းမပြုဘဲ ဘက်လိုက်မှု ကင်းခြင်း၊
ပွင့်လင်းမြင်သာမှုရှိခြင်း၊ တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ဂုဏ်သိက္ခာ
ရှိမှုတို့ကို အခြေခံပြီး စိတ်ရှည်သည်းခံခြင်းဖြင့် ညှိနှိုင်း အဖြေရှာ သွားကြရန်
တိုက်တွန်း ပြောကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ယင်းနောက် JMC-U ဒုတိယဥက္ကဌ (၂) ဦးပြည့်စုံက နှုတ်ခွန်းဆက်
အမှာစကားပြောကြားပြီး အစည်းအဝေးကို စတင်ရာ (၁၅) ကြိမ်မြောက် အစည်းအဝေး
ဆုံးဖြတ်ချက်များ၏ အကောင်အထည်ဖော်မှုများအား တင်ပြခြင်း၊ JMC အဆင့်ဆင့် ၏
အတွင်းရေးမှူးများတွေ့ဆုံပွဲမှ ဆွေးနွေးချက်များအား တင်ပြခြင်း၊ တတိယ အကြိမ် JMC
အရပ်သား ကိုယ်စားလှယ်များ တွေ့ဆုံပွဲမှ ဆွေးနွေးချက်များအား တင်ပြခြင်း၊ JMC
မျက်နှာစုံညီအစည်းအဝေး ဒုတိယ အကြိမ်တွေ့ဆုံပွဲမှ ဆွေးနွေးချက်များအား
အနှစ်ချုပ်တင်ပြခြင်း၊ JMC-U ၏ (၁၅) ကြိမ်မြောက်နှင့် (၁၆) ကြိမ်မြောက် အစည်း အဝေး
ကြားကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ အကောင်အထည် ဖော်မှုများအား
ဆွေးနွေးခြင်း နှင့် အထွေထွေ ဆွေးနွေးမှုများကိုပြုလုပ်ကြသည်။
JMC-U ၏ (၁၆) ကြိမ်မြောက် အစည်းအဝေး ယနေ့မှစ၍ နှစ်ရက်ကြာ ပြုလုပ်လျက်ရှိရာ
ကျန်ရှိသည့် အချက်များကို မေ ၁၁ ရက်တွင် ဆက်လက် ဆွေးနွေးသွားမည်ဖြစ်သည်။ JMC
အဆင့်ဆင့်၏ အတွင်းရေးမှူးများ အစည်းအဝေးကို မေလ ၇ ရက်တွင်လည်းကောင်း၊ ဒုတိယအကြိမ်
JMC မျက်နှာစုံညီ အစည်းအဝေးကို မေလ ၈ ရက်နှင့် ၉ ရက်တို့တွင် လည်းကောင်း
ရန်ကုန်မြို့၌ အသီးသီး ကျင်းပ ခဲ့ကြောင်းသိရသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်

No comments:
Post a Comment