Thursday, May 10, 2018

(၁၄)ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဝန်ကြီးများအစည်းအဝေး စင်ကာပူတွင်ကျင်းပ



စင်ကာပူ မေ ၁၀

(၁၄)ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဝန်ကြီးများအစည်းအဝေး (AMRI)နှင့် ဆက်စပ်အစည်းအဝေး များအား ၂၀၁၈ ခုနှစ် မေလ (၇)ရက်နေ့မှ (၁၁)ရက်နေ့အထိ စင်ကာပူနိုင်ငံ၊ Shangrila Hotel တွင် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တက်ရောက်ခဲ့သည်။

ရှေးဦးစွာ (၁၄) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ဒေသစံတော်ချိန် (၉)နာရီတွင် စင်ကာပူနိုင်ငံ Shangrila Hotel ၌ ကျင်းပရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပြန်ကြားရေးကဏ္ဍဆိုင်ရာဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် အဖွဲ့ဝင်များ၊ စင်ကာပူနိုင်ငံမှ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အစည်းအဝေးကို အာဆီယံအထိမ်းအမှတ်သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။ အခမ်းအနားတွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ စင်ကာပူနိုင်ငံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ဝန်ကြီးဌာန ဝန်ကြီး Mr. S. Iswaran နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး Mr. Heng Swee Keat တို့က နှုတ်ခွန်းဆက် စကားများ ပြောကြားကြပြီး တက်ရောက်လာကြသည့် အာဆီယံပြန်ကြားရေးဝန်ကြီးများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် (၁၄) ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များအား Shangri-la Hotel တွင် ဆက်လက်ကျင်းပရာ အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဘက် (၃) နိုင်ငံ ဖြစ် သည့် တရုတ်၊ ဂျပန်၊ ကိုရီးယားတို့မှ ပြန်ကြားရေးကဏ္ဍဆိုင်ရာ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ တာဝန်ရှိသူများ ပါဝင်တက်ရောက် ဆွေးနွေးခဲ့သည်။
စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် အဆိုပါ အစည်းအဝေးများတွင် အပိုင်း (၅)ပိုင်းပါဝင်ပြီး ၎င်းတို့မှာ (၁၄)ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဝန်ကြီးများ အစည်းအဝေး (14th AMRI Meeting)၊ (၅)ကြိမ်မြောက် အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဘက်(၃) အစည်းအဝေး(5th AMRI+3 Meeting)၊ (၁၆)ကြိမ်မြောက် အာဆီယံပြန်ကြားရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး(16th SOMRI Meeting)၊ (၅)ကြိမ်မြောက် အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဘက်(၃) အစည်းအဝေး(5th SOMRI+3 Meeting)နှင့် ဒုတိယအကြိမ်မြောက် အာဆီယံ-ဂျပန် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး(2nd ASEAN+Japan Meeting)များ ဖြစ်ကြသည်။ အာဆီယံပြန်ကြားရေး အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးများကို မေလ ၈ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးများသို့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့်အဖွဲ့ တက်ရောက်ခဲ့သည်။
အဆိုပါ အစည်းအဝေးများအား အာဆီယံဒေသတွင်းနှင့် ဆွေးနွေးဘက်(၃) နိုင်ငံအကြား သတင်း ပြန်ကြားရေးဆိုင်ရာ လုပ်ငန်းများမှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှု တိုးပွားခိုင်မာလာစေရေး လုပ်ငန်းများကို အဓိကထား ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ် ကျင်းပခြင်း ဖြစ်ကြောင်းသိရှိရသည်။ ယခုနှစ် AMRI အစည်းအဝေးတွင် အာဆီယံ ပြန်ကြားရေးဆိုင်ရာ စီမံကိန်းများ၊ ဆက်စပ်ပတ်သက်သော အစည်းအဝေးများ၊ လက်ရှိလုပ်ငန်းစဉ်များအပေါ် သုံးသပ်ဆွေးနွေး ခြင်း၊ ရှေ့လုပ်ငန်းစဉ်များအတွက် လျာထားခြင်း၊ အာဆီယံ ပြန်ကြားရေး ကဏ္ဍဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး၏ အစီရင်ခံစာအပေါ် အာဆီယံ ပြန်ကြားရေးဝန်ကြီးများက ပြန်လည်သုံးသပ်ပြီး အကြံဉာဏ်များ ထပ်ဆောင်းထည့်သွင်းခြင်း၊ အတည်ပြုခြင်းများအား ဆောင်ရွက်ခဲ့ကြပြီး ယခုနှစ် (၁၄) ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဝန်ကြီးများ အဆင့်မြင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ အတွက် အိမ်ရှင်နိုင်ငံမှ သတ်မှတ်သည့် Theme ဖြစ်သည့် “Inclusive and Informed Digital ASEAN” အပေါ်တွင် အာဆီယံနိုင်ငံအလိုက် ပြန်ကြားရေးဝန်ကြီးများမှ ဝိုင်းဝန်းဆွေးနွေး အဖြေရှာခဲ့ကြကြောင်း သိရှိရသည်။
AMRI အစည်းအဝေးများအား (၁၉၈၉)ခုနှစ်က စတင်ပြီး နှစ်နှစ်တစ်ကြိမ် နိုင်ငံအက္ခရာစဉ်အလိုက် ကျင်းပခဲ့ခြင်းဖြစ်ပြီး (၁၂)ကြိမ်မြောက် အာဆီယံပြန်ကြားရေး ဝန်ကြီးများ အစည်းအဝေး (12th AMRI) နှင့် ဆက်စပ်အစည်းအဝေးများအား (၂၀၁၄)ခုနှစ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နေပြည်တော် တွင်လည်းကောင်း၊ (၁၃)ကြိမ်မြောက် အာဆီယံပြန်ကြားရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (13th SOMRI) အား ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်တွင်လည်းကောင်း အိမ်ရှင်အဖြစ် အလှည့်ကျ ကျင်းပခဲ့သည်။
(၁၅)ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဝန်ကြီးများ အဆင့်မြင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များအား (၂၀၂၀) ခုနှစ်တွင် ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်

No comments:

Post a Comment